"ပြောထားပြီးသားပဲ။ ငါ့ကို အရက်တိုက်တဲ့သူက တာဝန်ယူရမယ်လို့။ မင်း ငါ့ကို ချီသယ်တော့။"

ပိုင်ရှင်းယွီ ရင်ထဲ ငိုနေတော့သည်။ 'ဘယ်သူက ခင်ဗျားနဲ့ သဘောတူလိုက်လို့လဲ။' ယွီဖုန်းချန်ကော ရွှီချွမ်ပါ သူ့ကို ကြည့်နေတာမို့ သူ ဟော့ချောင်ကို ကျောပေါ်တင်သယ်ရတော့သည်။ သူကိုယ်တိုင်ထက် ပိုလေးသည့် လူတစ်ယောက်ကို သယ်ရတာ လွယ်ကူသည့် ကိစ္စတော့မဟုတ်။ ပိုင်ရှင်းယွီ ရွှီချွမ်အဆောင်ထိရောက်အောင် လျှောက်သွားရတော့မည့် သူ့အဖြစ်ကို ကြိတ်မှိတ်လက်ခံလိုက်ရတော့သည်။

သူ အဆောင်ပေါက်ဝအထိ လူတစ်ယောက်ကို သယ်ပြီး ရောက်လာချိန်မှာတော့ ပိုင်ရှင်းယွီမှာ ချွေးရွှဲရွှဲစိုပြီး ဟောဟဲလိုက်နေပြီ ဖြစ်သည်။ သူ ပြေးရင်း မေ့လဲသွားခဲ့သည့် အချိန်ကိုသာမက ယွီဖုန်းချန် လေ့ကျင့်ကွင်းမှ ကန်တင်းအထိ ရပ်နားခြင်းမရှိ သူ့ကို ချီသယ်သွားပေးတာကိုပါ အမှတ်ရလာတော့သည်။ ဒါ တကယ်ကို ပင်ပန်းရတာပဲ။ သူ ပြန်တွေးမိနေရင်းနှင့် ယွီဖုန်းချန်က ဆိုးကွက်တွေချည်းပဲ ရှိနေတာမဟုတ်ဘူးဟု ခံစားလာမိသည်။ အနည်းဆုံး .. အနည်းဆုံးတော့ သူ့ကိုယ်ခန္ဓာကြံခိုင်မှုက ကောင်းတယ်မလား။

ဟော့ချောင်က ဘယ်အချိန်ကတည်းက အိပ်ပျော်သွားလည်း သူ မသိ။ ပိုင်ရှင်းယွီ အမောတကောပြောလိုက်သည်။ "ငါ တကယ် ဆက်မသယ်နိုင်တော့ဘူး။ ငါပါ ပစ်လဲကျတော့မယ်။"

ယွီဖုန်းချန် သူ့ကို မှုန်သုန်သုန်ဖြင့် ကြည့်လိုက်သည်။ "တကယ်ကို အသုံးမကျဘူး၊ ငါ့ပေး။" သူ ပိုင်ရှင်းယွီ ကျောပေါ်မှ ဟော့ချောင်ကို အောက်ချလိုက်ပြီး သူ ရွှီချွမ်အကူအညီဖြင့် အခန်းအထဲသို့ ထိန်းသယ်သွားကာ အိပ်ယာပေါ်ချလိုက်သည်။

အိပ်ယာပေါ် ချပြီးရုံပဲ ရှိသေး၊ ဟော့ချောင် ရွှီချွမ် လက်မောင်းကို သိုင်းဖက်ပြီး မျက်နှာဖြင့် ပွတ်ရင်း ပြောလိုက်သည်။

"လောင်-ရှု၊ ငါ မင်းကို နည်းနည်းတော့ သတိရတယ်။"

ရွှီချွမ်မှာ ရယ်ရခက်ငိုရခက်ပင် ဖြစ်သွားသည်။ "အိုက်ရား၊ အေးပါ၊အေးပါ။ ငါ့ကို သတိတရလွမ်းနေတဲ့သူတွေက အများကြီးပဲ။ မင်း နံပါတ်စဉ်အလှည့်ရောက်ဖို့ဆို ကြာဦးမှာ၊ အဲ့တော့ မြန်မြန်သာ အိပ်လိုက်တော့။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now