ချန်းကျင်း ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ တပ်စုခေါင်းဆောင်။"

ရွှီချွမ် ဝင်ပြောသည်။ "ဝေ့၊ သူက မင်းရဲ့တပ်စုခေါင်းဆောင် မဟုတ်တော့ဘူးလေ။"

ဟော့ချောင် အာလေးလျှာလေးဖြင့် ပြောလိုက်သည်။ "ဘာမှမဖြစ်ဘူး။ ငါ အမြဲတမ်း သူ့ရဲ့တပ်စုခေါင်းဆောင် ဖြစ်ပေးလို့ရတယ်။"

သူ ချန်းကျင်း ပခုံးကို ပုတ်လိုက်သည်။ "ရှောင်းချန်း၊ မင်း စစ်တက္ကသိုလ် ဘွဲ့ရပြီးရင်တော့ ငါတို့ အတူစစ်တိုက်ထွက်လို့ရမယ့် အခွင့်အရေးရှိလာဦးမှာပါ။"

ချန်းကျင်း ပြောလိုက်သည်။ "ရှိလာမှာပါ။"

ယွီဖုန်းချန် ဝင်ပြောသည်။ "ဦးလေးငယ်၊ ဦးလေးငယ်တို့ လူအင်အားနည်းနေတာ ကျွန်တော် သိတယ်။ ကျွန်တော့်ကို ခဏစောင့်၊ ကျွန်တော် မကြာခင်ရောက်အောင် လာခဲ့မယ်။"

ဟော့ချောင် မျက်လုံးများ မှေးကျဉ်းသွားသည်။ "ကျစ်၊ မင်းသာ 'နှင်းကျားသစ်တပ်မဟာ'ကို တကယ် ရောက်လာရင် ငါ့အမ ငါ့ကို လည်ပင်းညှစ်သတ်လိမ့်မယ် .."

ယွီဖုန်းချန် ပြုံးပြီး ပြောလိုက်သည်။ "မားကို မပြောနဲ့လေ။"

ဟော့ချောင် သူ့ဂုတ်ကို လှမ်းဆွဲညှစ်ပြီး သူ့အပေါ်မှီချတော့မည့်အတိုင်း ဖြစ်နေသည်။ "အရှေ့ကို အများကြီး ကြိုမတွေးထားနဲ့။ ကောင်းကောင်း .. ကောင်းကောင်းသာ လေ့ကျင့်။"

"ဟုတ်။ ဦးလေးငယ်၊ ကျွန်တော် အိပ်ခန်းဘက်လိုက်ပို့ပေးမယ်။"

"မလိုဘူး၊ မင်း ကူစရာမလိုဘူး။" ဟော့ချောင် သူ့လက်ညိုးကို ဆန့်ထုတ်၊ တစ်ပတ်လှည့်ကြည့်ပြီး ပိုင်ရှင်းယွီကို ထိုးညွှန်လိုက်သည်။ "မင်း၊ မင်း လာကူ။ ငါ မင်းနဲ့အတူ သုံးခွက်တောင် သောက်ထားတာဆိုတော့ မင်း တာဝန်ယူရမယ်။ မင်း လာကူ။"

ပိုင်ရှင်းယွီ ခေါင်းကျိန်းသွားတော့သည်။ "အာ .. အကြီးအကဲ .."

"လာလေ။"

ပိုင်ရှင်းယွီမှာ ရွေးချယ်စရာမရှိ အနားသွားလိုက်ရသည်။ ဟော့ချောင် သူ့ပခုံးပေါ် မပြောမဆိုခုန်တက်လိုက်ပြီး ဝိုးတိုးဝါးတားအသံဖြင့် ပြောလာသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now