ချန်းလျန် ပိုင်ရှင်းယွီကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။ "ဟုတ်ပါ့၊ မင်းပုံစံက ငါ့အိမ်ကကြောင်လေးအတိုင်းပဲ။"

ပိုင်ရှင်းယွီ ချောင်းဟန့်ကာ ခါးမတ်ရင်း ယွီဖုန်းချန်ကို အကြည့်တစ်ချက် အမြန်ပို့လွှတ်လိုက်ပြီးနောက် မျက်လွှာချလျက် သူစားစရာရှိတာကိုသာ ဆက်စားနေလိုက်သည်။

ဖုန်းသုန့်ယွမ် ပြောလိုက်သည်။ "ရှင်းယွီ၊ မင်း ဒီနေ့ နေမကောင်းဘူးလား။ မင်း တစ်နေကုန် ဂနာမငြိမ်ဖြစ်နေတယ်။"

ပိုင်ရှင်းယွီ ပါးစပ်ထဲ ထမင်းအပြည့်သွပ်ထားတာမို့ သူ ခေါင်းသာခါပြလိုက်သည်။

ဖုန်းသုန့်ယွမ် ခဏကြာအောင် တွေးပြီးမှ - "မင်း အတွေးများစရာ တစ်ခုခုရှိနေလို့လား။"

ချန်းလျန် ရယ်လိုက်သည်။ "မေးဖို့လိုသေးလို့လား။ သူ့အတွေးတွေ အကုန်လုံး သူ့မျက်နှာပေါ်မှာ ရေးပြထားတာပဲ၊ သူ ဘယ်မိန်းမလှတစ်ယောက်ကို တွေးနေမှန်းသာ ငါ မသိတာ။"

ပိုင်ရှင်းယွီ ထမင်းမြိုချလိုက်သည်။ "ငါ့အမေကို လွမ်းနေတာ။"

ဖုန်းသုန့်ယွမ် ရယ်ရင်း ပြောလာသည်။ "ထင်မိသား၊ မင်း မနေ့ညက တကယ်ငိုနေခဲ့တာပဲ။"

ပိုင်ရှင်းယွီ မျက်လုံးများ ပြူးကျယ်သွားသည်။ "အဓိပ္ပါယ်မရှိ၊ ငါ မငိုပါဘူး။"

ဖုန်းသုန့်ယွမ် တိတ်တိတ်လေး ရယ်ပြီး ဘာမှဆက်မပြောတော့။

ယွီဖုန်းချန် ဒိန်ချဉ်ဗူးအဖုံးကို ဖွင့်၊ တစ်ငုံငုံရင်း ပြောလိုက်သည်။ "အင်း~ မဆိုးဘူးပဲ။"

ချန်းလျန်လည်း တစ်ငုံငုံပြီး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ "ဒီကဒိန်ချဉ်တွေက သန့်ရှင်းလတ်ဆတ် အင်မထုတဲ့ အမှန်အကန်တွေ။ စျေးမှာရောင်းတဲ့ဟာတွေနဲ့ ဒီလိုနယ်ခံတွေလုပ်တာတွေနဲ့က ယှဉ်လို့ကိုမရဘူး။"

သူ အစားအသောက်အကြောင်း စပြောသည်နှင့် အပြောသွက်လာတော့သည်။

ယွီဖုန်းချန် ဒိန်ချဉ်အိုးကို ကိုင်ထားရင်း လက်က ရုတ်တရက် ချော်သွားကာ ဒိန်ချဉ်အိုးက ဘေးစောင်းသွားပြီး သူ့လက်ပေါ်သို့ မှောက်ကျလာတာမို့ အဖြူရောင် ကပ်စေးစေးအရည်များက သူ့လက်ချောင်းကြားထဲမှ စီးကျသွားတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now