"အဓိပ္ပါယ်မရှိ၊ မင်းက သူ့ကို ကြီးကြပ်ရသူဆိုတာ ငါမသိလို့လား။"

"တပ်မှူးကို သတင်းပို့၊ သူ လမ်းအဆုံးထိ ကြိုးစားပြေးခဲ့ရင် သူနောက်ကျရင်တောင် ကျွန်တော်က သူ့အစား ထပ်ဆောင်း 5km ပြေးပေးမယ်လို့ သူ့ကို ကတိပေးထားပါတယ်။"

ရွှီချောင် မျက်လုံးမှေးကြည့်ပြီး ပြောလိုက်သည်။ "ငါ သဘောတူခဲ့လို့လား။"

ချန်းကျင်း ခေါင်းငုံ့ပြီး တိုးတိုးပြောလိုက်သည်။

"တပ်မှူး၊ ကျွန်တော့်ကို မျက်နှာသာပေးပါဗျာ၊ သူသာ 5km ထပ်ပြေးရရင် တစ်ခုခုဖြစ်သွားလေ့မယ်။"

ရွှီချောင် ချန်းကျင်းကို စူးကနဲကြည့်ပြီးမှ လက်ဝှေ့ပြလိုက်သည်။

"ပြေး!"

"ဟုတ်!" ချန်းကျင်း အလေးပြုပြီး စစ်ကွင်းပြင်ရှိ အပြေးလမ်းကြောင်းအတိုင်း စတင်ပြေးလိုက်တော့သည်။

"ခေါင်းဆောင် .." ပိုင်ရှင်းယွီ အနောက်မှ ခြေလှမ်း နှစ်လှမ်းလောက် ကြိုးစား ပြေးလိုက်ပေမယ့် သူ့ခြေထောက်များက ပျော့ခွေနေသည်။ သူ့လည်ပင်းကို တစ်စုံတစ်ရာက တစ်ဆို့ထားသကဲ့သို့ 'ကျွန်တော်ပြေးလိုက်ပါ့မယ်' ဆိုသည့်စကားကို သူမပြောနိုင်။ သူ့မှာ ဒီတိုင်း ရပ်နေရင်းတောင် တုန်ယင်နေတာမို့ သူ ချန်းကျင်းနောက်ကျောကို ကြည့်ရင်းနှင့်သာ သူ့နှလုံးသားက အပြစ်ရှိစိတ်၊ အားငယ်စိတ်များဖြင့် ပြည့်နှက်လာတော့သည်။ တစ်ဖွဲ့လုံးကလည်း သူ့ကို ဝိုင်းကြည့်နေကြကာ ပြင်းထန်လှတဲ့ အကြည့်တွေက သူ့မျက်နှာကို ပိုပူလာစေပြီး သူ ခေါင်းတောင် မဖော်ရဲ။

ရွှီချောင်းက လူစုခွဲခိုင်းလိုက်သည်၊ မနက်စာ မတိုင်ခင်အထိ အပြင်မှာ အလေလိုက်မနေပဲ လူတိုင်း ပြန်သွားနားဖို့ ပြောလာပေမယ့် တတိယအဖွဲ့မှ ဘယ်သူမှ ပြန်သွားခြင်းမရှိ။ သူတို့က ချန်းကျင်းနောက်ကို အမှီလိုက်ရင်း ဖျောင်းဖျကြသည်။

"ခေါင်းဆောင်၊ တပ်မှူးလည်း ပြန်သွားပြီ။ ဒါ အချက်ပြတယ်လို့ သဘောထားပြီး ပြန်သွားနားရအောင်လေ။"

ချန်းကျင်း သူ့ကို စူးစိုက်ကြည့်ကာ အသက်လုရှူရင်း ပြောလိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now