ပိုင်ရှင်းယွီ အိပ်ချင်မူးတူး ရေရွတ်လိုက်သည်။ "ငါ ခဏလောက်ပဲ တရေးအိပ်မှာ၊ ငါးမိနစ် ..."

ဖုန်းသုန့်ယွမ် အကူအညီမဲ့နေသလို ပြောလိုက်သည်။

"ရှင်းယွီ၊ မင်း နောက်ကျရင် တပ်မှုးဆီကနေ အပြစ်ပေးတာ ခံရမယ်နော်။"

"ငါ သိတယ်၊ သိတယ်။" ပိုင်ရှင်းယွီ ကျယ်လောင်စွာ သန်းလိုက်သည်။ သူ့ကို ဒီစောင်လေးက သေမတတ် ဆွဲဆောင်နေသလို ခံစားလိုက်ရသည်။

"ရှင်းယွီ ..."

သူတို့နှင့် မျက်နှာချင်းဆိုင် အိပ်ရာမှာ အိပ်နေတဲ့ ချန်းကျင်းက ရုတ်တရက် တိုးတိုးလေး ထပြောသည်။

"တိုးတိုးနေစမ်း၊ သူများတွေ နားနေတာကို အနှောင့်အယှက် မပေးနဲ့။"

ဖုန်းသုန့်ယွမ် စကား ထပ်မပြောရဲတော့၊ ယွီဖုန်းချန်ကလည်း တစ်ဖက်ကို လှည့်အိပ်လိုက်ပြီး ပိုင်ရှင်းယွီကို ဂရုစိုက်မနေတော့။

ပိုင်ရှင်းယွီ သူ့စိတ်ထဲမှာ အခု ထတော့မယ်လို့ တွေးလိုက်မိပေမယ့် ချက်ချင်းဆိုသလို သူ့အသိစိတ်များ ပျောက်သွားသည်။ ရုတ်တရက် သူ့ကို တစ်ခုခု လာထိမှန်ချိန်မှသာ သူ ဆက်ကနဲ နိုးလာပြီး သူ့နာရီကို လှမ်းကြည့်လိုက်မိချိန်တွင် 5:15တောင် ရှိ၍နေပြီ။ ရွှီချောင် သူ့ကို အရောက်လာခိုင်းသည့် အချိန်ရောက်ဖို့ ဆယ်မိနစ်မျှသာ လိုတော့သည်။ ပိုင်ရှင်းယွီ ကြောက်ကြောက်လန့်လန့်နှင့် အိပ်ချင်စိတ်များပင် ပြေသွားသည်။ သူ ထထိုင်ရင်း ဘေးကိုတစ်ချက် ကြည့်လိုက်ချိန်တွင် သူ့အိပ်ယာပေါ်မှာ လိမ္မော်သီးတစ်လုံး ရှိနေသည်။ ဖုန်းသုန့်ယွမ် သူ့ကို နိုးဖို့ ပစ်ပေါက်ထားခြင်း ဖြစ်နိုင်သည်။ သူမှာ ကျေးဇူးတင်ကြောင်း ပြောပြဖို့ အချိန်တောင် မပေးနိုင်ပဲ အိပ်ယာပေါ်မှ လိမ့်ကာ ထလိုက်ရသည်။ ပထမဆုံး သူ အိမ်သာအခန်းထဲသို့ အပြေးသွားကာ မနေ့ညကတည်းက ဆီးအိမ်မှ သိုလှောင်ပေးထားသည်များကို ရှင်းလိုက်သည်။ ထို့နောက် သူ သွားအမြန်တိုက်ကာ မျက်နှာသစ်လိုက်ပြီး အင်္ကျီလဲဖို့အဆောင်ခန်းထဲသို့ အပြေး ပြန်လာလိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now