Chapter (423)"ရင်နင့်စွာဖြင့်"

Start from the beginning
                                    

“ဒါပေမယ့် ကျုပ်ပြန်ရောက်တဲ့ နေ့မှာတော့ . . .”

ကျောင်းဖင်းရှန် ပြောရင်းဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ မျက်လုံးများထဲတွင်လည်း မျက်ရည်များ ဝေ့လျက် ရှိသည်။

“ကျုပ်အိမ်ပြန်ရောက်တော့ ယုအာသေပြီဆိုတဲ့အကြောင်း ကျုပ်အဖေက ပြောခဲ့တယ်။ ကျုပ်ပြန်မရောက်ခင် ခုနစ်ရက်လောက်ကပဲ။ ကျုပ်ပြန်ရောက်တဲ့နေ့က ယုအာရဲ့ ရက်လည်တဲ့နေ့ပေါ့ . . .”

ကျောင်းဖင်းရှန် ပြောလက်စ စကားအား ခဏတာမျှ ရပ်တန့်လိုက်ပြီးနောက် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။

“တောက် . . .”

တောက်ပြင်းပြင်း တစ်ချက် ခေါက်လိုက်ပြီးသည့်နောက်တွင် အရက်ခွက်ထဲသို့ မျက်ရည်တစ်စက် ကျသွားလေသည်။

“ကျုပ်အဖေက အဲဒီနေ့မှာပဲ အကြောင်းစုံ ပြောပြခဲ့တယ်။ ကျုပ်လည်း အမှန်တရားကို အဲဒီတော့မှ သိခဲ့ရတယ်။ ဒီလိုဖြစ်မယ်မှန်း တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ မင်္ဂလာဆောင် မတိုင်ခင်မှာ ယုအာမှာ ထူးဆန်းတဲ့ ရောဂါတစ်ခု စွဲကပ်ခဲ့တယ်။ ဆံပင်တွေကျွတ်လာပြီး တဖြည်းဖြည်း အားနည်းသထက် နည်းလာခဲ့တယ်။ နာမည်ကျော် သမားတော်အချို့နဲ့လည်း ပြခဲ့ပြီးပြီ။ သူခံစားရနေတာ သွေးကြောတွေ ပျက်ဆီးတဲ့ ရောဂါပဲ။ ကုမရဘူး။ အားနည်းပြီး တဖြည်းဖြည်း သေသွားဖို့ပဲ ရှိတယ်။ သေရင်လည်း နာနာကျင်ကျင်ကို ခံစားရမှာ”

“ယုအာ သူ့မှာ ဒီလိုရောဂါ ရှိနေပြီဆိုတာ သိတော့ ကျုပ်ကို ရွာကနေ ထွက်သွားအောင် ကြံစည်ခဲ့တယ်။ သူခံစားနေရတာတွေကို ကျုပ်ကို မမြင်စေချင်ဘူးလေ။ ကျုပ်သာ အမှန်ကိုသိရင် သူ့ကို ဘယ်တော့မှ ထားမသွားဘူး ဆိုတာကိုလည်း သိတယ်။ သူ့ကို သေချာပေါက် လက်ထပ်ယူမယ် ဆိုတာကိုပါ သိနေတယ်။ ဒါပေမယ့် ကျုပ်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် လိမ်ခဲ့တာပဲ . . .”

“ကျုပ်သာ ရွာမှာပဲ ဆက်ရှိနေမယ်ဆိုရင် သူ့ရောဂါအကြောင်း သေချာပေါက် သိမှာပဲလေ . . .”

“အဲဒါကြောင့် သူ့အစ်ကိုဝမ်းကွဲ တစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။ ကျုပ်ကိုသူက ရွာကထွက်ပြီး ကျင့်ကြံမှုခရီးလမ်းကို လျှောက်စေချင်ခဲ့တယ်။ အချိန်ကာလအားဖြင့် ၃ နှစ်လောက် အတွင်းမှာ သူ့ကိုယ်သူ သေမယ်ဆိုတာ သိနေတော့ အချိန် ၃ နှစ်ဆိုပြီး ကျုပ်ကို ပြောခဲ့တာ။ ဘယ်သူမှ ကျုပ်ကို အမှန်လာမပြောမချင်း ကျုပ်လည်း သူ့အပေါ် မကျေနပ်မှုတွေ၊ မုန်းတီးမှုတွေနဲ့ နေနေမိမှာပဲ။ ကျုပ်နာနာကျင်ကျင် ခံစားနေရမှာထက် သူ့ကို တစ်ဘဝလုံး မုန်းတီးစေမဲ့လမ်းကို ရွေးချယ်ခဲ့တာပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now