Chapter – 332
“တစ်ညတည်းဖြင့်ကုသခြင်း”
လျူချန်းဂျန်သည် ရယ်လည်းရယ်ချင်သလို စိတ်အနှောင့်အယှက်
ဖြစ်သလိုလည်း ဖြစ်နေသည်။
“အခုချိန် သခင်လေး ဟာသလုပ်နေနိုင်တာကို ယုံတောင်မယုံနိုင်ဘူး။
အခု အခြေအနေက ကျုပ်တို့အားလုံးအတွက် အန္တရာယ် ရှိနေပြီ။ သခင်လေး
ဘယ်လိုများလုပ်ဖို့ စဉ်းစားထားလဲ . . .”
ရဲရှောင် မတ်တတ်ထရပ်လိုက်ပြီး ရှေ့နောက် လျှောက်နေသည်။
“ကျုပ်က ဘာစဉ်းစားရမှာလဲ။ ရေတိုက်စားတာကို ကာကွယ်ဖို့
ရေထိန်းနံရံတွေ တည်ဆောက်ရသလို ကျုပ်တို့ကလည်း အကောင်းဆုံး ခုခံဖို့
လုပ်ရမှာပေါ့ . . .”
“ဟုတ်တယ် . . .”
လျူချန်းဂျန် ပြန်ဖြေလိုက်သည်။ သူသည် လေးလေးနက်နက်
နားထောင်နေဟန်ပင်။
“ဒုက္ခဆိုတာ တစ်ခါတလေ အခွင့်အရေး ဖြစ်လာတတ်တယ်
ကျုပ်ပြောခဲ့တာ နောက်နေတာ မဟုတ်ဘူး၊ ရယ်စရာ ပြောတာလည်း မဟုတ်ဘူး။ ဒီတစ်ခေါက် ကျုပ်တို့အတွက် အခွင့်အရေးကောင်းတစ်ခု
ရလာတော့မှာ . . .”
ရဲရှောင် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားက ကျုပ်တို့အဖွဲ့ထဲ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တွေ
လိုအပ်နေတယ်၊ ရှာရမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခု
လုပ်ကြံသတ်ဖြတ်ရေးသမားတွေ အားလုံး ကျုပ်တို့မြို့ကို လာနေကြပြီလေ။
ခင်ဗျားတကူးတကတောင် လိုက်ရှာနေစရာ မလိုတော့ဘူး . . .”
လျူချန်းဂျန် ရယ်ချင်သလို ဖြစ်သွားသည်။
(ဒီထိပ်တန်း လုပ်ကြံသတ်ဖြတ်ရေး သမားတွေကိုသာ လွယ်လွယ်
စည်းရုံးနိုင်ရင်တော့ ကျုပ်တို့ အတွက် သိပ်ကောင်းမှာပေါ့၊ ဒီလိုလူတွေက
သစ္စာရှိမှုတွေ၊ ခင်မင်မှုတွေထက် အကျိုးအမြတ်ကို ပိုမက်မောကြတယ်။
သတ်ဖြတ်ရတာကို ကြိုက်ကြတယ်။ ငွေစကို အရူးအမူး လိုချင်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားခြင်းလည်း မတူညီကြဘူး။
ကျုပ်တို့အသက်ကို ယူဖို့ လာတဲ့ ဒီလိုလူတွေက ဘယ်လိုများ
ကျုပ်တို့ဘက်တော်သား ဖြစ်လာနိုင်မှာလဲ . . .)
“ခင်ဗျား မစဉ်းစားမိတဲ့ အချက်တွေ ရှိနေသေးတယ်။ အဲဒါကြောင့်ပဲ
ခင်ဗျား ထိုက်သင့်သလောက် အောင်မြင်မှု မရခဲ့တာပဲ . . .”
ရဲရှောင် တည်ကြည်စွာ ပြောလိုက်သည်။
“အခု ခင်ဗျား လင်းပါအို အနီးတဝိုက်က လှုပ်ရှားမှုတွေ အားလုံးကို
ဂရုစိုက်ကြည့်ထား။ ကျုပ်တို့ရဲ့ လင်းပါအို လုံခြုံဖို့က ပထမဦးစားပေးပဲ။ ဒါက
ကျုပ်တို့ရဲ့ အခြေခံ အလုပ်ပဲလေ။ တခြားကိစ္စတွေ အတွက်ကိုတော့
ကျုပ်အမိန့်ကို စောင့်နေပါ . . .”
“ကောင်းပါပြီ . . .”
ရဲရှောင်သည် အလွန်ယုံကြည်ချက် ရှိနေသည့် ပုံစံပါပင်။ လျူချန်းဂျန်သည်လည်း ရဲရှောင်အား အလွန်ယုံကြည်ကိုးစားလေ၏။
ထို့ကြောင့်ပင် စိတ်သက်သာရာ ရဟန်ဖြင့် ထွက်သွားလေတော့၏။
ရဲရှောင်လည်း လျူချန်းဂျန် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ထိ
စောင့်ကြည့်နေလိုက်သည်။ ထို့နောက် သူ၏ ယုံကြည်မှု အပြည့်ရှိနေသည့်
မျက်နှာသည်လည်း ယုံကြည်မှုများ ပျောက်ဆုံးသွားသလို ဖြစ်သွားသည်။
တစ်နေရာတည်းသို့ တွေတွေကြီး ငေးကြည့်နေရင်း နာနာကျင်ကျင်
ပြုံးနေလေ၏။
(တောက် . . . လူတိုင်းက ငါ့ဆုံးဖြတ်ချက်ကိုပဲ စောင့်နေကြတယ်။ ငါက
အဲဒီလောက်ထိ ကြံရည်ဖန်ရည် ကောင်းတဲ့ပုံစံမျိုး ပေါ်နေလို့လား။ ငါ့ကို
အကြံပေးနိုင်မဲ့လူကို ဘယ်မှာများ သွားရှာရပါ့မလဲ)
ရဲရှောင် စိုးရိမ်မှုနှင့်အတူ ဝမ်းနည်းလာမိသည်။ သူသည်
တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ချေ။
အတော်ကြာပြီးနောက်မှသာ တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့လေ၏။
ထိုအခါ သူ၏ပုံစံသည် ဖန်ဇီလင် အနေဖြင့် မဟုတ်တော့ချေ။
အကယ်၍ ဖန်ဇီလင် အနေနှင့်သာ လျှောက်သွားနေမည် ဆိုပါက
ဆယ်ခါပြန်လောက်ပင် အလုပ်ကြံခံရ နိုင်ပါသေးသည်။
ဝမ်ရမ်ချူးချူးတို့ နေထိုင်ရာ အိမ်နားသို့ ရောက်သည့် အခါမှသာ
ဖန်ဇီလင်ပုံစံသို့ ပြန်ပြောင်းလိုက်လေ၏။
“ရှင်ဒီရက်တွေထဲ အဆင်ပြေရဲ့လား . . .”
ပိုင်ရှင်းယွဲ့ ချီတုံချတုံဟန်ဖြင့် မေးလိုက်သည်။
ဝမ်ရမ်ချူးချူးသည်လည်း ရဲရှောင်အား စိုးရိမ်ဟန်ဖြင့် ကြည့်နေလေ၏။
သူမတို့သည် လတ်တလော မြို့ထဲတွင် ဖြစ်ပျက်နေသည့် သတင်းများနှင့်
ပတ်သက်၍ သိထားကြပြီး ဖြစ်၏။ ဖန်ဇီလင် မည်မျှအထိ ဖိအားများ
ခံစားနေရမည် ဆိုသည်ကိုလည်း နားလည်လေသည်။ “ဘာဖြစ်ရမှာလဲ၊ အေးဆေးပါပဲဗျ။ ကျုပ်လေလံပွဲမှာ အချီကြီးတောင်
ရလိုက်သေးတယ်လေ . . .”
ရဲရှောင် ဘာမှမဖြစ်သလို ပြုံးရင်း ပြောလိုက်သည်။
“ကဲကဲ ကုစရာရှိတာ စကုကြတာပေါ့။ ကျုပ်နောက်ရက်တွေ အားတော့မှာ
မဟုတ်ဘူး။ ခင်ဗျားတို့ ၂ ယောက်ကို အချိန်မပေးနိုင်တော့ဘူး။
ကံကောင်းတဲ့အချက်က ဒီရက်ပိုင်းတွေထဲ ကျုပ်ရဲ့ ကျင့်ကြံမှုတွေ အတော်ကြီး
တိုးတက်ခဲ့တယ်။ အဲဒါကြောင့် ခင်ဗျားရောဂါကို ပိုပြီး ကုနိုင်မယ် ထင်တယ် . .
.”
ဝမ်ရမ်ချူးချူးသည် ရဲရှောင်အာ လက်တွေ့ကျသော အကြံဉာဏ်များ
ပေး၍ ကူညီနိုင်လေသည်။ သူမ၏ အကြံဉာဏ်များနှင့်သာ ဆိုပါက
လတ်တလော အခြေအနေများ အနည်းငယ် ပြေလည်သွားပေလိမ့်မည်။
သို့သော် ရှောင်ဧကရာဇ်တွင် မာန ရှိနေလေသည်။
(ရဲရှောင်ဆိုတဲ့ ငါ့က မိန်းကလေးတစ်ယောက် ကူညီတာကိုတောင်
လက်ခံရမဲ့ အခြေအနေမျိုး ဖြစ်နေပြီလား။ နောက်ပြီး ကူညီမဲ့
မိန်းကလေးကလည်း သူ့စိတ်ထဲက လိုလိုလားလား ကူညီချင်မှာ မဟုတ်ဘူး။
ငါတို့က ရန်သူတွေလို့ သတ်မှတ်လို့ရတယ်။ သူများ မလုပ်ချင်တာကိုလည်း
ငါမလုပ်ခိုင်းပါဘူး။ လုပ်ခိုင်းသင့်တဲ့ အရာမျိုးလည်း မဟုတ်ဘူး . . .)
ရဲရှောင် စိတ်ထဲ ထိုသို့သာ တွေးထားခြင်း ဖြစ်၏။
ဝမ်ရမ်ချူးချူးသည် အပြာရောင်လေ နိုင်ငံတော်၏ မင်းသမီးတစ်ဦး ဖြစ်၏။
ချန်နိုင်ငံဘက်မှ ဖြစ်သည့် ရဲရှောင်အား ကူညီလိုက်မည် ဆိုပါက သူမ၏
နိုင်ငံအပေါ် သစ္စာဖောက်သလို ဖြစ်သွားမည် မဟုတ်ပါလား။
တကယ်တမ်းတွင် ဝမ်ရမ်ချူးချူး မဆိုထားနှင့် ပိုင်ရှင်းယွဲ့ဆိုလျှင်ပင်
များစွာ ကူညီနိုင်မည် ဖြစ်သည်။ သူမသည် မော်တယ်ကမာ္ဘရှိ ပညာရှင်များ
အားလုံးထက် ပို၍ အစွမ်းထက်၏။ သူမသာ လင်းပါအိုကို စောင့်ရှောက်ပေးမည  ဆိုလျှင် လင်းပါအိုကို ထိသောသူ မှန်သမျှ အသတ်ခံရသွားနိုင်ပေမည်။
မော်တယ်ကမာ္ဘရှိ မည်သည့်ပညာရှင်မျှ သူမကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် သူမသည်လည်း လက်တွေ့တွင် ထိုသို့ လုပ်လိမ့်မည်
မဟုတ်ချေ။ လင်းပါအိုကို ကာကွယ်လိုက်ခြင်းသည် မုန်တိုင်းအိမ်တော်အား
ဆန့်ကျင်လိုက်ခြင်းပင် မဟုတ်ပါလား။ သူမသည် သခင်ကြီးဘိုင်၏
အကြောင်းကို ကောင်းကောင်းသိထား၏။ သူမသာ ဝင်ရှုပ်လိုက်မည် ဆိုပါက
သူမသာမက တိမ်မြူခိုးနန်းတော်ပါ ဒုက္ခရောက်သွားနိုင်ပေလိမ့်မည်။
ထို့အပြင် ဖန်ဇီလင်ကို ကူညီလိုက်ခြင်းဖြင့် တပည့်ဖြစ်သူ ဝမ်ရမ်ချူးချူး၏
နိုင်ငံအား ချောက်ကမ်းပါးထဲသို့ တွန်းပို့လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။
အတော်ပင် ဖြေရှင်းရခက်သည့် ပြဿနာ ဖြစ်သည်။
သို့သော် သူမ၏ စိတ်ထဲတွင်မူ ဖန်ဇီလင်အား အလွန်ကို
ကူညီပေးချင်နေမိ၏။ ထိုခံစားချက်ကိုလည်း ထိန်းချုပ်ရ ခက်နေပါတော့သည်။
. . .
ဝမ်ရမ်ချူးချူးသည် တစ်ညလုံး ခြံဝန်းထဲရှိ သစ်ပင်အောက်တွင်
ရပ်စောင့်နေခဲ့သည်။ ကောင်းကင်ကြီးကို ငေးမောရင်း အတွေးပင်လယ်အတွင်း
ကူးခတ်လျက် ရှိ၏။
နှင်းစက်နှင်းပေါက်များကြောင့် သူမ၏ အဝတ်အစားများ စိုနေပြီ
ဖြစ်သည့်တိုင် သူမသည် ထိုနှင်းစက်များကို မကာကွယ်ချေ။
ဖန်ဇီလင် စိတ်ဖိစီးသလို ဖြစ်နေသည်ကို သူမ ကောင်းစွာသိသည်။
ယခုလို အခြေအနေ ဖြစ်နေခြင်းမှာလည်း မုန်တိုင်းအိမ်တော်ကြောင့်မှန်း သိ၏။
တကယ်တမ်းတွင် သူမ ရဲရှောင်ကို ကူညီပေးမည် ဆိုလျှင်ပင်
အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။
မုန်တိုင်းအိမ်တော်အား သူမ မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
ထိုအချက်ကြောင့်ပင် ဖန်ဇီလင်အား မကူညီနိုင်ခြင်း ဖြစ်သည်ဟု
ဆင်ခြင်ပေးနိုင်ပြီး မည်သူမှလည်း သူမကို အပြစ်မြင်ကြမည် မဟုတ်ချေ။ အမှန်တကယ်တွင်လည်း သူမသည် ချန်နိုင်ငံတော်၏ ရန်သူတစ်ဦးပင်
မဟုတ်ပါလား။ ရန်သူကို ကူညီခြင်းမှာ မသင့်တော်လှချေ။
ညဉ့်အတော်နက်နေပြီ ဖြစ်၏။
ခြံဝန်းတစ်ခုလုံး မှောင်မည်းနေပြီး အိမ်ထဲရှိ အခန်းတစ်ခန်းသာ
မီးလင်းနေလေသည်။
ထိုမီးအလင်းရောင်သည် တစ်ညလုံး လင်းနေခဲ့ခြင်း ဖြစ်၏။
ထိုအခန်းထဲတွင် ပိုင်ရှင်းယွဲ့အား ရဲရှောင် အစွမ်းကုန် ကြိုးစား၍
ကုသပေးနေခြင်း ဖြစ်သည်။
ရဲရှောင်၏ ရှေးဦးခရမ်းရောင် ချီဓာတ်သည် အဆင့် ၂ သို့ ရောက်ရှိလာပြီ
ဖြစ်သည့်အတွက် ပိုင်ရှင်းယွဲ့၏ ရောဂါ ပြဿနာကို ပို၍ ဖြေရှင်းနိုင်လာပြီ
ဖြစ်သည်။ ယခင်ကထက်ကို ပို၍ လွယ်ကူနေပြီ ဖြစ်၏။
နောက်ဆုံးတစ်ခေါက် ကုသခဲ့သည်နှင့် ယှဉ်လျှင် ၅ ဆလောက်ကို
အလုပ်တွင်ခဲ့၏။
ရဲရှောင်သည် ယခင်အခေါက်ကဲ့သို့ပင် သူ၏ စွမ်းအင်များကို
လည်ပတ်စီးဆင်းစေ၍ ပိုင်ရှင်းယွဲ့၏ မကောင်းသော ချီဓာတ်များအား
ဖယ်ရှားပစ်နေသည်။ တစ်ညတည်းဖြင့် ၈၀ ရာခိုင်နှုန်းလောက်ထိ
ဖယ်ရှားနိုင်ခဲ့ပြီးလည်း ဖြစ်၏။
ပိုင်ရှင်းယွဲ့ထံတွင် ၂၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိပါတော့သည်။
အကယ်၍ ရဲရှောင် မကုသပေးနိုင်တော့လျှင်ပင် ပိုင်ရှင်းယွဲ့သည် နောက်ထပ်
နှစ်ပေါင်းရာနဲ့ချီ၍ အသက်ရှင်နေထိုင်နိုင်ကာ ကျင့်ကြံမှုများ
ပြုလုပ်နိုင်တော့မည် ဖြစ်ပေသည်။
အရုဏ်တက်ချိန်သို့ ရောက်သောအခါမှသာ ရဲရှောင်လည်း လုံးဝ
အားအင်ကုန်ခန်းသွားဟန်ဖြင့် သူ၏ လက်များကို
ပြန်ရုပ်သိမ်းလိုက်ပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now