Chapter - 267"သက်ရောက်မှုမရှိခြင်း"

Start from the beginning
                                    

ရဲရှောင်အား စကားပြောမိလေလေ သူ ပို၍ပင် စော်ကားခံရလေလေသာ ဖြစ်ပေလိမ့်မည်။

ရဲရှောင်သည် ဘယ်ဖက်လက်မှ ရေခဲချီဓာတ်များ ထုတ်လွှတ်လျက် ညာဖက်လက်မှ ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်ကာ အဆက်မပြတ် တိုက်ခိုက်လျက် ရှိသည်။ သူ၏ မျက်လုံးများသည် စူးရှလှပြီး တိုက်ခိုက်မှုများသည်လည်း တိကျလှသည်။

အပြင်ပိုင်းတွင် အေးဆေးတည်ငြိမ်နေသည့်ပုံ ပေါက်နေသော်လည်း စိတ်ထဲတွင်မူ ရဲရှောင် အနည်းငယ် အံ့သြနေမိသည်။

အပ်ဖြင့် တိုက်ခိုက်လိုက်သည့် တိုက်ကွက်သည် သာမန်တိုက်ကွက်မျိုး မဟုတ်ချေ။ ချင်းယန်နယ်ပယ်တွင် နာမည်ကြီးတိုက်ကွက်တစ်ခုဖြစ်သည့် အရိပ်မဲ့အပ် တိုက်ကွက်ပင် ဖြစ်သည်။ မော်တယ်ကမ္ဘာတွင် ကောင်းကင်အဆင့်ကိုးရှိသည့် မည်သည့်ပညာရှင်မဆို ထိုတိုက်ကွက်အား မခုခံနိုင်လောက်ဟု ရဲရှောင် ယုံကြည်ထားမိသည်။

ထိုတိုက်ကွက်ဖြင့် တိုက်ခိုက်ခံရပါက လုပ်စရာနည်းလမ်း နှစ်နည်းသာ ရှိလေသည်။ တစ်နည်းမှာ အထိခံရန်ဖြစ်ပြီး ကျန်တစ်နည်းမှာမူ တားဆီးရန်ပင် ဖြစ်သည်။

အပ်သည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်လွန်းလှသည့်အတွက် ထိုအပ်ရောက်ရှိလာကြောင်း သတိမပြုမိသည့် အချိန်တွင် ခုခံကာကွယ်ရန် နောက်ကျသွားနိုင်ပေသည်။ ထို့ပြင် ရဲရှောင်၏ ပြုမူလှုပ်ရှားမှုများကိုလည်း သေချာဂရုပြု၍ ကြည့်မထားနိုင်ပါက အပ်အား ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်။

ခုခံကာကွယ်မည် ဆိုလျှင်လည်း အနီးစပ်ဆုံး ကာကွယ်နိုင်မည်မှာ လက်ဖြင့် တားဆီးနိုင်မှသာ ဖြစ်ပေလိမ့်မည်။

နန်ရှန်ဆင်းသည်လည်း သူ၏ လက်ဖြင့်သာ တားဆီးကာကွယ်ခဲ့သည်။

ရဲရှောင် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ခဲ့သော်လည်း နန်ရှန်ဆင်းဘက်မှ သူ မထင်ထားသည့် အပြုအမူတစ်ခုအား ပြုလုပ်လိုက်သည်။ နန်ရှန်ဆင်းသည် အတွေ့အကြုံ အလွန်ရင့်ကျက်သူတစ်ဦးပီပီ လက်ကို အပ်စိုက်ဝင်သွားသည်နှင့် လှုပ်ရှားမှု တစ်ခုအား လျင်မြန်စွာ ပြုလုပ်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ သူ၏ စွမ်းအင်များအား လည်ပတ်စီးဆင်းစေလျက် လက်အား သံမဏိကဲ့သို့ပင် မာကျောသွားစေရန် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါ အပ်သည် ဆက်လက်၍ စိုက်မဝင်နိုင်တော့ဘဲ အရေပြား အပေါ်ယံလွှာတွင်သာ စိုက်ဝင်သွားခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now