“ကျွန်တော်က အသက်ကြီးနေပါပြီ…” လီကျောင်းက ရေရွတ်လိုက်သည်။ တကယ်တမ်းတွင် ငယ်ငယ်လေးကတည်းက သူ့လက်ကို ဘယ်သူကမှ အရေးတယူ သုတ်ပေးဖူးခြင်းမရှိပါ။ ၁၀ နှစ်သားအရွယ်တွင် လူမှုဖူလုံရေးဂေဟာသို့ ဝင်ရောက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းခဲ့ရသည်။ ဆေးရုံက အဒေါ်များနှင့် ဦးလေးများက သူ့အား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်အောင် သင်ကြားပေးခဲ့သည်။

ထိုသင်ကြားခြင်းက သူတို့အတွက် မကောင်းသည်တော့ မဟုတ်ပါ။ ၎င်းက သူတို့၏ကံကြမ္မာသာ ဖြစ်သည်။ သူတို့ကို အလိုလိုက် ဂရုစိုက်ပေးမည့်မိဘများ မရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန် လုံလောက်သည့်အင်အားမရှိပါက မျှော်လင့်ချက်မဲ့သည့် အမှောင်ကမ္ဘာထဲတွင် နေထိုင်ကြရပေလိမ့်မည်။

ရန်ထင်းက သူ့ကိုကြည့်လိုက်သည်။ "အသက်ဘယ်လောက်ရှိလို့လဲ။ ပထမနှစ်ကျောင်းသားဆိုတာ ကလေးပဲရှိသေးတာ။"

"ဒီလောက်ကြီးတဲ့ကလေးက ဧရာမကလေးကြီးလား။" လီကျောင်းက ရန်ထင်းအား လက်သုတ်ခွင့် ပေးရင်း ပြုံးနေ၏။ ထို့နောက် သူ၏တစ်ကိုယ်လုံးကို ကမ်းခြေထက်တွင် ပျင်းရိပျင်းတွဲ လှဲချလိုက်သည်။ "ထင်းထင်း ကျေးဇူးတင်ပါတယ်။"

"ဘာအတွက် ကျေးဇူးတင်တာလဲ။" ရန်ထင်းက သူ့လက်များကို အမှတ်တမဲ့ သုတ်လိုက်သည်။ ငယ်စဉ်ကတည်းက ကြီးပြင်းလာရသည့်အလေ့အကျင့်က လီကျောင်းကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းခြင်းကို တားမြစ်ထား၏။ သူခြေထောက်များကို ကွေးကာ လီကျောင်းကို ငုံ့ကြည့်လိုက်သည်။

"တကယ်တော့ ကျေးဇူးတင်တဲ့ စာအရှည်ကြီး ရွတ်ပြချင်ပေမယ့် မင်းကို တွေ့တော့ မရွတ်ပြချင်တော့ဘူး။" လီကျောင်းက သူ့လက်ကို ခေါင်းနောက်တွင် ထားလိုက်သည်။ "မင်း သေချာပေါက် နားထောင်ချင်မှာ မဟုတ်ဘူး။"

ရန်ထင်းသည် သူ့ကို ညင်သာစွာ စိုက်ကြည့်နေပြီး လရောင်ကြောင့် မျက်လုံးများ တလက်လက် တောက်ပနေခဲ့သည်။

“ငါ ဟိုးအရင်တည်းက မိဘတွေကို လိုက်ရှာချင်ခဲ့တာ။” လီကျောင်းသည် လှိုင်းတံပိုးသံများကို နားဆင်ရင်း သူ့နှလုံးသား အလွန်ငြိမ်သက်သွား၏။ “အစ်မရှနဲ့ အစ်ကိုကျိုး လက်ထပ်သွားပြီး အစ်ကိုရှောင်ကျွင်းနဲ့ အစ်မလင်းလင်းတို့ အတူရှိပြီးတဲ့နောက်မှာ အဲ့စိတ်ကူးက ပိုအားကောင်းလာတယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now