အပိုင်း(၉၂) (အားလုံးအဆင့်မြင့်ကုန်ပြီ)

1K 137 12
                                    

UNICODE

ကျောက်တုံးကမ္ဘာလေးထဲ သူတို့ရောက်သွားသောအခါ ထိုနေရာကို သူ့အပိုင်ဟုသတ်မှတ်ထားသော မာရုခိုက အောက်ကိုခုန်ဆင်းလာသည်။ သို့သော် ခြေတံတိုလေးများကြောင့် ဘောလုံးလေးတစ်လုံး လိမ့်လာသည်နှင့် ပိုတူနေသည်။ ချီကျွင်းက ဘောလုံးလေးကို ငုံ့ဖမ်းလိုက်ပြီးနောက် "မာရုခိုလေးက ဒီနေ့အင်အားတွေ ပြည့်နေတာပဲ"

ဘောလုံးလေးသည် ချီကျွင်း၏လက်ဖဝါးထဲတွင် လှဲချလိုက်ပြီးနောက် သူ၏ခေါင်းလေးဖြင့် တိုးဝှေ့နေတော့သည်။ သူ၏အမေသည် ပို၍အရပ်မြင့်လာသလို ခံစားနေရသော်ငြား ခါတိုင်းကဲ့သို့ နွေးထွေးနေဆဲပင်။ ထို့ကြောင့် ဘောလုံးလေးက အကြိမ်ပေါင်းများစွာ အော်သံပေး၍ သူ၏လွမ်းဆွတ်မှုကို ဖော်ပြနေခဲ့သည်။

ချီကျွင်းက ပြုံးလိုက်ပြီးနောက် ဘောလုံးလေးကို နှစ်ကြိမ်မျှ ပွတ်သပ်ပေးလိုက်သောအခါ အမွှေးများက စတွေ့တုန်းကထက် ပို၍နူးညံ့လာသည်ကို ခံစားလိုက်ရသည်။ သေချာကိုင်ကြည့်သောအခါ ထိုကောင်လေးသည် အရင်နေ့ကထက် ပိုဝလာသလို ခံစားလိုက်ရသည်။ "ရုန် ဒီကောင်လေးက ဘာလို့အကြီးနှေးနေတယ်လို့ထင်လဲ။ ရှင်းရှင်းပြောရရင် သူဒီမှာရှိနေတဲ့အချိန်က နှစ်လနဲ့ ညီမျှတယ်မဟုတ်ဘူးလား"

"ကိုယ်လဲ မသိတော့ပါဘူး။ ဒါပေမဲ့ တွေ့ခါစကထက် ပိုကြည့်ကောင်းလာတာပဲ။ သူက မင်းကိုပဲ အရမ်းမှီခိုနေတာမို့ နောက်ကျရင်လဲ အန္တရာယ်ပေးမှာမဟုတ်ပါဘူး " အကယ်၍ မာရုခိုကသာ သူ့ဇနီးလေးကို သားရဲအမအနေဖြင့် ဆက်ဆံသည့်အချိန်ရောက်လာပါက ထိုအကောင်လေးသည် ဆက်ပြီးကံကောင်းနေနိုင်တော့မည် မဟုတ်ပါပေ။

ချီကျွင်းက ဘောလုံးလေး၏ဗိုက်ကို ပွတ်ကြည့်လိုက်သောအခါ အလွန်ကိုင်လို့ကောင်းသည်ကို တွေ့လိုက်ရသည်။ "အန်ကယ်လင်ကို မီးတောက်မြက်ပင်နည်းနည်းလောက် ပေးမလားလို့။ ဒါဆို စိုက်ခင်းမှာ အရင်ကြိုစိုက်ထားလို့ ရတာပေါ့။ ပြီးတော့ ငါ့လက်နဲ့မစိုက်တဲ့ မီးတောက်မြက်ပင်က ဘယ်လိုအနေအထားရလဲဆိုတာကိုပါ စမ်းကြည့်လို့ရတာပေါ့"

" ကောင်းပြီလေ စိုက်ခင်းရလာရင်တော့ စိုက်ပျိုးခွင့်ကို လျှောက်ထားလို့ အဆင်ပြေပါပြီ။ စကားမစပ် အိမ်ပြန်ရောက်ရင် စမ်းသပ်ခန်းဆီပို့ထားတဲ့အပင်တွေကို သွားပြန်ယူရမယ်။ နောက်ပိုင်းမှာလဲ ဒီနည်းနဲ့ အပင်တွေကို ပြန်ယူထုတ်ရမယ်။ သူတို့နှစ်မျိုးက ကွာခြားနေမှာပဲ။ မင်းကိုယ်တိုင် ပျိုးထောင်ဖို့လိုသလား မလိုသလားဆိုတာ ကြည့်ကြတာပေါ့"

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now