အပိုင်း (၆၀) (ကျိန်းသေပိုက်ဆံစုရမယ်)

1.5K 252 5
                                    

unicode

တကယ်တမ်းတွင် တုန်ဖန်းရုန်သည် သူ့အဘိုးအား ထိုငါးစွပ်ပြုတ်ကို ချက်ပေးလိုက်သူမှာ ချီကျွင်းဖြစ်ကြောင်း မပြောပြခဲ့သဖြင့် ထူးထူးခြားခြား မရှိခဲ့ပေ။ ကုဟွားကော်တွင် အစားမက်သောသူသည် အသက်တိုလိမ့်မည်ဟူသော စကားတစ်ခုရှိသည်။ သူသည် သခင်ကြီးတုန်ဖန်းအား ချီကျွင်း ချက်ကျွေးသောစားစရာများကို တဖြည်းဖြည်းချင်း စွဲလန်းအောင် လုပ်ပြီးနောက် မသိမသာဖြင့် အမှန်တရားကို သိသွားအောင်လုပ်ရန် စီစဉ်ထားသည်။ ဤနည်းဖြင့် ဒေါသအထွက်ခံရမဲ့ဘေးမှ လွတ်အောင်ရှောင်နိုင်လိမ့်မည်။ တုန်ဖန်းရုန်၏ နားလည်မှုအရဆိုလျှင် သူ့အဘိုး၏သဘောထားမှာ ချစ်လုံးလုံး မုန်းလျားလျားပင်။ ထုတ်မပြထားသော ချီကျွင်းမှာရှိသော အချက်တစ်ခုကို သဘောကျပါက ချီကျွင်းကို သဘောကျလာပေလိမ့်မည်။ ယခုအချိန်တွင် မုန်းတီးနေခြင်းမှာ တစ်ဖက်စကားကိုသာ ကြားထား၍ဖြစ်သည်။

အိမ်ပြန်သောလမ်းဝယ် ဗိုလ်ချုပ်သည် သူ့စိတ်ကူးနှင့် အစီအစဉ်တို့ကို ချီကျွင်းအား ပြောပြလိုက်သည်။

" ကိုယ် မင်းကို ခဏလောက် ညာခဲ့မိပါတယ်။ ဒါပေမဲ့ ဒါက အသိမ်မွေ့ဆုံးနည်းလမ်းလေ "

" အဆင်ပြေပါတယ်။ ဒီကိစ္စက မှားနေတယ်လို့လဲ မခံစားရပါဘူး။ နောက်ကွယ်က စားဖိုမှူးဖြစ်နေရုံပဲ မဟုတ်လား။ ငါ့လက်ထဲသာ အပ်ထားလိုက်စမ်းပါ။ ဒါနဲ့ မင်းရဲ့အဘိုးက ငါချက်ပေးလိုက်တဲ့ မီးတောက်မြက်ပါတဲ့ ငါးစွပ်ပြုတ်ကို သဘောကျရဲ့လား"

" အရမ်းသဘောကျတာပေါ့။ ဒါပေမဲ့ ဘယ်သူချက်တာလဲဆိုတာ မပြောပြခဲ့ဘူး။ ဘူးထဲမှာ ဘာမှတောင် မကျန်တဲ့အထိ စားခဲ့တာ"

အာဏာအပြည့်နှင့် တည်ကြည်လှသော ထိုလူအိုကြီးသည် ငါးစွပ်ပြုတ်များအားလုံးကို သောက်နေပုံအား တွေးကြည့်သောအခါ ချီကျွင်း မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။ "စကားမစပ် ဒီနေ့ ပါမောက္ခတွေကို မီးတောက်မြက်အကြောင်း ပြောပြခဲ့တယ်။ လျှောက်လွှာတင်တဲ့အခါမှာ လိုအပ်တဲ့ထောက်ခံချက်တွေကိုတော့ သူတို့ရေးပေးပါ့မယ်တဲ့။ ဒါပေမဲ့ စိုက်ထားပြီးသား စိုက်ခင်းလိုသေးတယ်လို့ ပြောတယ်။ ကျောင်းရဲ့စိုက်ပျိုးရေးအဆောက်အအုံကျတော့ တက္ကသိုလ်ရဲ့ စိုက်ခင်းလေ။ မင်းပြောကြည့်ပါဦး ငါတို့ဘာသာ စိုက်ခင်းအသေးစားလေး လုပ်ကြည့်ရင်ရော မကောင်းဘူးလား။ မီးတောက်မြက်ကလဲ စျေးကြီးတဲ့အပင်မျိုးမဟုတ်တဲ့အပြင် နေရာလည်း သိပ်မယူဘူး။ စစခြင်းမှာ စိုက်ခင်းအကြီးကြီး မလိုတော့ဘူးပေါ့ ဟုတ်တယ်မှတ်လား "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now