အပိုင်း( ၂၅) (စွမ်းအင်ကို စမ်းသပ်ခြင်း)

2.3K 378 1
                                    

Unicode

ကားထဲတွင် နှစ်ယောက်လုံး ဘာမှမပြောဘဲ တိတ်ဆိတ်နေကြသည်။ ထိုသို့သော အခြေအနေကို ချီကျွင်း မနှစ်သက်သဖြင့် ငါးမိနစ်လောက်အကြာတွင် သူ့ဘက်ကသာ စပြီး စကားပြောလိုက်ရသည်။ "ဒါက ငါပြန်ပြင်ထားတဲ့ ရေနေသားရဲရဲ့ အသားခြောက်တွေလေ အရင်ကထက်စာရင် ပိုပြီးဝါးလို့ ကောင်းလာတယ်။ ဒါ့ကြောင့် မင်းအတွက် ယူလာပေးတာ။ မင်းမြည်းကြည့်ချင်လား။ "

တကယ်တော့ တုန်ဖန်းရုန်ကလည်း စကားပြောချင်နေခဲ့တာဖြစ်ပြီး ဘယ်ကစပြောရမှန်း မသိ၍သာ တိတ်နေခဲ့ရတာ ဖြစ်သည်။ သူ့အမေသင်ထားပေးခဲ့ပေမဲ့ လက်တွေ့ကြုံလာသောအခါ ဘာပြောရမှန်း မသိတော့ပေ။ " ကောင်းပြီလေ မြည်းကြည့်ရတာပေါ့" ထိုသို့ပြောပြီးနောက် လက်တစ်ဖက်ကို မြှောက်ကာ ပါးစပ်ကို ထိုးပြလိုက်ပြီး စတီယာရင်ပေါ် ပြန်တင်ထားလိုက်သည်။  ဤသို့သောသံလိုက်ကားမျိုးမှာ စွမ်းအင်ဖြည့်လုပ်ငန်းစဉ်တွင် ပြဿနာရှိမှသာ စတီယာရင်နှင့် ဘရိတ်ကို သုံးရန်လိုကြောင်းကိုတော့ သူ့၏ရှောင်ကျွင်း မသိနိုင်လောက်ဟု ထင်သည်။
      ချီကျွင်းကလည်း အမှန်တကယ်ကို မသိခဲ့ပေ။ အဓိပ္ပါယ်မရှိတာတွေ လုပ်ပြနေတယ်လို့ထင်ပေမဲ့ သူဘာမှမတတ်နိုင်ခဲ့ပေ။ ကားမတော်တဆဖြစ်မှာကိုလည်း ပူမိသည့်အတွက် သိုလှောင်ခန်းထဲတွင် ရေစိုခံအိတ်ဖြင့် ပတ်ထားသော အသားပြားကြော်များကို ယူထုတ်ကာ တုန်ဖန်းရုန်၏ ပါးစပ်ထဲသို့ ခွံကျွေးလိုက်သည်။ " နည်းနည်းတော့ငံမယ်ထင်တယ်။ "
      ကိုယ်တိုင် ရွေးချယ်ထားသည့် အနာဂတ်လက်တွဲဖော်လေးက မုန့်ခွံကျွေးလာသောအခါ ပုံမှန်ဆို ခပ်တည်တည်နေတတ်သည့်ဗိုလ်ချုပ်သည်ပင် တိတ်တခိုးလေးပျော်သွားမိသည်။ ပါးစပ်ဟလိုက်သောအခါ ချီကျွင်း၏ လက်ဖဝါးလောက်ရှိသော အသားပိုင်းက သူ့ပါးစပ်ထဲဝင်လာသည်။ ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားမယ်လို့ သူထင်ခဲ့ပေမဲ့  ထိုအသားပြားက တကယ်ဝါးလို့ကောင်းနေသည်။ အရသာက ထူးခြားနေပေမဲ့ ထိုအရသာကိုပဲ သူသဘောကျနေမိသည်။ "နည်းနည်းငံတာပဲ။ အရည်သောက် စွပ်ပြုတ်လေးရော ပါလား။ "
       ချီကျွင်း စိတ်ရှုပ်သွားသည်။ " စွပ်ပြုတ် စွပ်ပြုတ် အားနေ စွပ်ပြုတ်ပဲသောက်မနေနဲ့။ သူများတွေကပါ မင်းကို စွပ်ပြုတ်လို့ခေါ်နေဦးမယ်" ထိုသို့ပြောနေပေမဲ့လည်း သူ့လက်ကတော့ စွပ်ပြုတ်တစ်ပန်းကန်ကို ပြင်ဆင်နေသေးသည်။ ရိုးရိုးရှင်းရှင်း ဒရင်ကောက်ပင်စွပ်ပြုတ်ကို နံနံပင် အနည်းငယ် ဖြူးလိုက်သည်။
       တုန်ဖုန်းရုန်၏ နှုတ်ခမ်းထောင့်က အပေါ်ဘက်ကို အနည်းငယ် မြောက်တက်သွားသည်။  သူစကားတစ်ခွန်းပြောလိုက်တိုင်းမှာ ထိုကောင်လေးက သူ့အမှားတွေကိုပြင်ပေးဖို့ အရမ်းစိတ်အားထက်သန်နေတယ်ဆိုတာ သူသိသည်။ ချီကျွင်းလက်ထဲရှိ အပူထိန်းခွက်ထဲမှ အစိမ်းရောင်အရာများကို ကြည့်ရင်း " အဲ့တာက ဘာလဲ"ဟု မေးလိုက်သည်။
       "ဒါကို နံနံပင်လို့ခေါ်တယ်။ ပါမောက္ခက ပေးထားတာ။ ဒါက ပြန်လည်စိုက်ပျိုးလို့ရလာတဲ့ ရှေးဟောင်းဆေးဖက်ဝင်အပင်တစ်မျိုးပဲ။ ပြီးတော့ ပင်စိမ်းလို့ခေါ်တဲ့ နောက်ထပ်ဆေးဖက်ဝင်အပင်တစ်မျိုးကိုလည်း မင်းအခုစားလိုက်တဲ့ အသားတွေနှပ်တုန်းက ထည့်သုံးထားတာ။  ဒါပေမဲ့ အများကြီးမရှိတာကြောင့် အရွက်နည်းနည်းလေးပဲ ထည့်ထားရတယ်။ ဘယ်လိုအရသာရှိလဲ မြည်းကြည့်မလား။ ငါကတော့ အရမ်းကြိုက်တာပဲ။ " ထိုအရာများက ကျောက်တုံးကမ္ဘာလေးထဲမှ အရည်အသွေးမြင့် ပါဝင်ပစ္စည်းများဖြစ်ကြောင်းကိုတော့ သူမပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင်တော့ မပြောသင့်သေးပေ။ " ကျောက်တုံးကမ္ဘာလေးထဲက ပစ္စည်းတွေကို သန်မာတဲ့သန္ဓေပြောင်းလူသားကို ကျွေးတာက ဘာမှမဖြစ်လောက်ပါဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် သူကသန်မာတာပဲဟာ ဘာဘေးထွက်ဆိုးကျိုးမှ မရှိလောက်ဘူးမလား။
   ကျောက်တုံးကမ္ဘာလေးထဲရှိ ထိုအရာများမှာ အမှန်တကယ်လည်း ဘေးထွက်ဆိုးကျိုးမရှိခဲ့ပေ။ ထိုမျှသာမကဘဲ တုန်ဖန်းရုန်သည် အသားပြားနှင့် စွတ်ပြုတ်တို့ကို စားနေရင်းပင် ခံစားချက်က ပိုကောင်းလာသည်။ အထူးသဖြင့် အသားပြားမှာ ပို၍ဝါးလို့ကောင်းလာရုံသာမကဘဲ အသားမှရသော အနံ့လေးတစ်မျိုးက သူ့ပါးစပ်ထဲတွင် စွဲကျန်နေခဲ့သည်မှာ အလွန်စိတ်ကျေနပ်စရာပင်။  " နောက်ပိုင်းကျရင် အဖိုးတန်တဲ့အရာတွေကို စားစရာလုပ်ဖို့အတွက်နဲ့ မဖြုန်းတီးပါနဲ့ "
   
ချီကျွင်းကတော့ သဘောမတူပေ။ " ရှေးခေတ်တရုတ်ပြည်မှာဆို ဒီလိုဆေးဖက်ဝင်အပင်ကိုလည်း စားစရာလို သဘောထားကြပြီး စားကြတာ။ သူတို့ကိုရော ဖြုန်းတီးတဲ့လူတွေလို့ ပြောလို့ရလား။ "
   
သားရဲကမ္ဘာတွင်မူ ဆေးဝါးများကို ဖျားနာသည့်အခါတွင်သာ သုံးကြသည်။ သားရဲလူသားများကလည်း အလွန်ကြံ့ခိုင်သန်မာသဖြင့် နာဖျားခဲသည်။ ဆေးဝါးအများစုကိုမူ အမဲလိုက်မုဆိုးများနှင့် စစ်သားများအတွက်သာ ကန့်သတ်ထားသည်။ ထို့ကြောင့် ဆေးကို အစားအစာအဖြစ် သတ်မှတ်ခြင်းမှာ ဗိုလ်ချုပ်အတွက် အလွန်အံ့အားသင့်စရာပင် ဖြစ်သည်။ " မင်းကအဲ့အကြောင်းတွေ ဘယ်လိုသိတာလဲ။ "
      
ချီကျွင်းက ပခုံးတွန့်လိုက်ပြီး "စာအုပ်ထဲမှာ ဖတ်ဖူးတာပါ။ ကျောင်းမတက်ခင်က ရှာတွေ့တဲ့စာအုပ်မှန်သမျှ  ငါကလိုက်ဖတ်တာလေ။ " ထိုစာအုပ်တွေက "ကုထုံးကုသခြင်းဆေးပညာ"ဟူသောစာအုပ်လောက်တော့ ဖတ်လို့မကောင်းပေမဲ့ ဖတ်စရာအချို့က ပါနေသေးသည်။
      
တုန်ဖန်းရုန်က ရှေးဟောင်းဆေးဝါးနှင့် သုတေသန ဖွံ့ဖြိုးရေးဌာနက စာအုပ်တစ်အုပ်အကြောင်းကို မည်သို့သိနိုင်ပါမည်နည်း။ ထို့ကြောင့် ယုံကြည်လိုက်ရတော့သည်။ " ငါကဖျားနေတာမှမဟုတ်တာ ဘာလို့ဆေးသောက်ရမှာလဲ "
       
ချီကျွင်းက " ရှေးခေတ်တရုတ်ပြည်မှာဆို အစာလဲဆေး ဆေးလဲအစာ ဆိုတဲ့ ဆိုရိုးရှိတယ်လေ။ အစားအစာတွေအားလုံးမှာ ခန္ဓာကိုယ်အတွက် ဆေးဖက်ဝင် အာနိသင်တွေပါဝင်တယ်။ အသားတိုင်း အပင်တွေတိုင်းမှာကို ပါတာ။ ဆေးဖက်ဝင်အပင်တိုင်းကို စားရတာတော့ မဟုတ်ပေမဲ့ စားလို့ရတဲ့ အပင်အတော်များများက ဆေးဖက်ဝင်တယ်။ စိုက်ခင်းထဲက အပင်တွေထဲမှာ ဆေးဖက်ဝင်အပင်တွေ အားလုံးတော့ မပါနေဘူးမှတ်လား။ သူတို့က တူမလိုနဲ့ မတူကြဘူးလေ။ ထားလိုက်ပါတော့  အသားပြားလေးစား စွပ်ပြုတ်လေးသောက်ပြီး မင်းခန္ဓာကိုယ်က အာဟာရဓာတ်တွေ စုပ်ယူပါစေဦး "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now