အပိုင်း (၇၃) (မိသားစုညစာစားပွဲအတွက်ပြင်ဆင်ခြင်း)

1.2K 221 3
                                    

unicode

အိမ်တော်ထိန်းရန် ဖုန်းချသွားပြီးနောက် ချီကျွင်းသည် အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်ပြီး ခဏတာမျှ စဉ်းစားနေခဲ့သည်။ အခြေခံအပြုအမူအချို့ကို သင်ကြားရန် လိုအပ်နေသေးသည်ဟု ခံစားလိုက်ရသောကြောင့် နောက်ဆုံးတွင် ယိုအိုက်ကို ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။

" အမေလား ကျွန်တော်ပါ အကူအညီတောင်းစရာ ရှိလို့ " တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်နှင့် ချီကျွင်းက အရင်ပြောလိုက်သည်။

ယိုအိုက်က ပြုံးလိုက်မိသည်။ သူမနှင့် တဖြေးဖြေး နီးစပ်လာသော ချီကျွင်း၏စိတ်သဘောထားကြောင့် ပို၍ပျော်ရွှင်လာရသည်။ ဤသည်ကား မိခင်နှင့်သားသမီးတို့အကြားက ဆက်နွယ်မှုပင်။ " ဘာကိစ္စလဲ။ အမေ့ကိုပြော"

" ခုနကပဲ အန်ကယ်ရန်က ဖုန်းဆက်လာတယ်။ သူပြောတာက မနက်ဖန်ကျရင် မိသားစုတွေ့ဆုံပွဲ လုပ်မယ်တဲ့။ ကျွန်တော့်ကို အိမ်တော်ကလူတွေနဲ့ တွေ့ပေးမယ်လို့တော့ ပြောတယ်။ ဒါနဲ့ ကျွန်တော်က အိမ်တော်က စည်းကမ်းတွေနဲ့ သတိထားရမဲ့ကိစ္စတွေကိုမေးတော့ ကိုယ့်ဘာသာ ချင့်ချိန်လို့ပဲ ပြောတယ် " ချီကျွင်း အိပ်ရာကြီးပေါ် လှဲချလိုက်သည်။ အမှန်တိုင်းဝန်ခံရလျှင် အရူးတစ်ယောက်လို ခံစားနေရပြီး သူ့ကိုယ်သူပင် နားမလည်နိုင်တော့ပေ။ ကိုယ်တိုင်လေ့ကျင့်ဖို့အတွက် အလျော့ပေးလိုက်ရန် လုံးဝမဖြစ်နိုင်ပါပေ။

သူ့ချွေးမလေး၏ လေသံထဲတွင် မကျေနပ်မှုများကို သေချာကြားလိုက်ရသဖြင့် ယိုအိုက်၏အပြုံးက ပိုပြီးထင်ရှားလာခဲ့သည်။ " တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ရှောင်ကျွင်းက ယဉ်ကျေးပြီး အပြုအမူကောင်းတွေ ရှိပြီးသားပဲဟာ။ အဲ့တာထက် ရှေးယဉ်ကျေးမှုတွေကိုလဲ ထဲထဲဝင်ဝင် သိနေသေးတယ်။ ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုဆက်ဆံရုံပါပဲ။ ပြီးတော့ ရှောင်ရုန်ကလဲ အနားမှာ အမြဲရှိနေမှာပါ။ မိသားစုတွေ့ဆုံပွဲမို့ သူတို့က သခင်ကြီးနဲ့ ရှောင်ရုန်တို့ရဲ့ မင်းအပေါ်ဆက်ဆံတဲ့ အပြုအမူတွေကို ဂရုစိုက်နေမှာ။ ဘယ်သူကမှ အရှက်ရအောင် မလုပ်ရဲပါဘူး"

" ဒါဆို အထူးတလည် သတိထားရမဲ့ကိစ္စမျိုး မရှိဘူးပေါ့ " အရင်ဘဝ၌ ကြည့်ခဲ့ဖူးသော ဇာတ်လမ်းတွဲများထဲတွင်မူ အာဏာရအသိုင်းအဝိုင်းမှ မိသားစုများတွင် စည်းမျဉ်းစည်းကမ်းများစွာရှိသည် မဟုတ်ပါလော။ သူကမူ ခြေအစ ခေါင်းအဆုံး သာမန်အရပ်သားပုံစံမျိုးသာ ထွက်နေသဖြင့် လူအုပ်ကြားထဲတွင် လုံးဝကွဲထွက်နေပေလိမ့်မည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now