အပိုင်း(၈၂) (အပြင်ဘက်)

679 131 0
                                    

unicode

အမဲလိုက်ရန်စိတ်ကူးက ကောင်းမွန်ပါသော်လဲ လက်တွေ့တွင်မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ လက်ရှိချိန်တွင် အမဲလိုက်နိုင်ဦးမည် မဟုတ်ပါပေ။

ပထမဆုံးအနေနှင့် နွယ်ပင်တစ်ပင်က သားရဲတစ်ကောင်ကို ဖမ်းစားနေသည်ကို ချီကျွင်း မြင်ခဲ့ရသည်။ သားရဲသည် သိပ်မကြီးသော်လဲ သိုးတစ်ကောင်နီးနီးရှိသောကြောင့် ထိုအပင်၏သန်မာမှုကို ခန့်မှန်းကြည့်နိုင်သည်။ သားရဲကောင်ကိုဖမ်းမိသွားချိန်၌ အကိုင်းများက တွန့်လိမ်လာပြီး ရုန်းကန်နေသောသားကောင်ကို အကြိမ်အတော်များများ ဆွဲလိမ်ပစ်ခဲ့သဖြင့် နောက်ဆုံးတွင် သားကောင်သည် ထူးဆန်းသောပုံစံမျိုးဖြင့် သေဆုံးသွားရသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် အတော်ကြာမှ ချီကျွင်းအသိစိတ်ပြန်ဝင်ပြီး ကြက်သီးများပင် ထနေမိသည်။

သားရဲကမ္ဘာ၏ သဘာဝအသွင်အပြင်နှင့် သူသိသောအပင်များကို ကြည့်ရှုနိုင်ရန်အတွက် တုန်ဖန်းရုန်နှင့် ဆွေးနွေးပြီးနောက် ဝံပုလွေဘုရင်၏အရွယ်ကို ချုံ့၍ရသော အတော်လေးဘေးကင်းသည့် ဒုတိယအဆင့် အမဲလိုက်နယ်မြေဆီသွားကြရန် ဆုံးဖြတ်လိုက်သည်။ တောထဲတွင် လမ်းလျှောက်နေသည်ဆိုသော်လဲ တကယ်တမ်းတွင် ခပ်နိမ့်နိမ့်ပျံသန်းနေခြင်းသာဖြစ်သည်။ အရှိန်နှေးသော်လဲ အလျင်မလိုကြဘဲ အပြင်မှရှုခင်းများကို သေချာကြည့်လိုက်ကြသည်။ သူ့ကိုဖမ်းစားသွားသည့် ပထမဆုံးအရာသည် သဘာဝကြီး၏အရိုင်းဆန်မှုဖြစ်လာမည်ဟု ချီကျွင်း မမျှော်လင့်မိခဲ့ပါပေ။

သူ့ဇနီးလေး ကတုန်ကရင်ဖြစ်နေသည်ကို တွေ့လိုက်ရသောဗိုလ်ချုပ်တုန်ဖန်းက ချီကျွင်း၏လက်ကောက်ဝတ်ကို လျင်မြန်စွာဆုပ်ကိုင်ပေးလိုက်သည်။ သို့သော် နှစ်သိမ့်ပေးရန်တော့ မဟုတ်ပါပေ။ တောနက်ထဲသို့လည်ပတ်ရန် သဘောတူခဲ့သည့်အကြောင်းရင်းမှာ ထိုကောင်လေးအား သိချင်စိတ်များ၊ အရဲစွန့်ခြင်းများကြောင့် တွေ့ကြုံနိုင်သည်များကို သိစေချင်သောကြောင့်ပင်။ လက်ရှိအခြေအနေမျိုးတွင် သူသည် ထိုအပင်နှင့်တိရစ္ဆာန်တို့၏မျိုးနွယ်များအကြောင်း ရှင်းပြပေးမည်သာဖြစ်သည်။ သို့မှသာ နောင်တစ်ချိန်တွင် သုတေသနလုပ်ငန်းများလုပ်ဆောင်ပါက ပြင်ပရှိအန္တရာယ်များအကြောင်း မသိသဖြင့် မတော်တဆဖြစ်ရခြင်းတို့မှ ရှောင်ရှားနိုင်ပေလိမ့်မည်။ "ဒီအပင်က အတွေ့များတဲ့ အသားစားနွယ်ပင်တစ်မျိုးပဲ။ အများသောအဖြင့် ဗီဇမပြောင်းလဲတတ်ပေမဲ့ ဗီဇပြောင်းသွားတဲ့အခါကျရင်တော့ အန္တရာယ်များတယ်။ သူက တိရစ္ဆာန်တွေနဲ့ အင်းစက်တွေကို ဖမ်းစားတတ်ပြီး သူ့ရဲ့ပင်စည်နဲ့အကိုင်းတွေမှာ အဆိပ်ရှိပြီး သားကောင်ရဲ့အရေပြားကတဆင့် ပင်မအာရုံကြောကို သွားတိုက်ခိုက်တယ်။ သားကောင်ရဲ့ခုခံနိုင်စွမ်းကို လျော့ကျသွားအောင်လို့ပေါ့။ ပြီးတော့ သူကတော်တော်လဲသန်တာ။ လင်းရှီသားရဲကို အလွယ်လေးဖမ်းပစ်လိုက်တာတွေ့လား။ ဒါပေမဲ့ အဲ့သားရဲက လူတွေစားလို့မရဘူး။ သူ့ရဲ့ကိုယ်ထဲမှာ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ အများကြီးပါလို့ ဖမ်းရလွယ်ရင်တောင် ဘယ်သူမှ အမဲမလိုက်ကြဘူး။ ကိုယ်ကြည့်ရသလောက်တော့ ဒီနွယ်ပင်က အခြေခံအဆင့်မှာပဲရှိသေးတာမို့ မက်ဂါကို လှမ်းမဆွဲနိုင်ပါဘူး။ တတိယအဆင့်ရှိတဲ့မုဆိုးတွေဆို လက်ဗလာနဲ့တောင် အဲ့အပင်ကို ဆွဲနှုတ်ပစ်နိုင်တယ်။ ဒဏ်ရာလဲမရသလို အဆိပ်မိတာမျိုးတောင် မဖြစ်ဘူး "

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now