အပိုင်း(၃၈) (ချိုးမိသားစု)

1.9K 346 5
                                    

unicode

    ရေကြက်ဥနို့ပေါင်း၏ပုံသဏ္ဍာန်မှာ အာဟာရဖြည့်အစားအစာများနှင့် ဆင်တူပြီး ချီကျွင်းအတွက်တော့ နှစ်ခုကြားမှ ကွာဟချက်ကိုသိရန် အနံ့ခံကြည့်ရုံသာ လိုပါသည်။

  တစ်ဇွန်းစာအပြည့် ပါးစပ်ထဲခပ်ထည့်လိုက်ပြီးနောက် သူသည် ထိုကြက်ဥပေါင်း၏အံ့မခန်းအရသာမှာ ဆွဲဆောင်ခံလိုက်ရတော့သည်။ ဤအစားအစာသည် ရေနေဖျံသားရဲ၏အငွေ့အသက်များ ရနေသည်မှာ ရာနှုန်းပြည့်သေချာသည်။ ထို့ပြင် ၎င်း၏စားချင့်စဖွယ် ပုံပန်းသဏ္ဍာန်နှင့် အငွေ့အသက်တို့ကြောင့် ချက်ချင်းပင် စားချင်စိတ်ကိုတိုးလာစေသည်။ လေးလေးပင်ပင်အရသာနောက်တွင် အနည်းငယ်မျှသော စပ်ရှားရှားအရသာနှင့်အတူ အချိုဓာတ်လေးက ခပ်ပါးပါးလိုက်လာသည့် ဤအစားအစာမှာ လုံးဝကြီးမြတ်သလို ခံစားလိုက်ရသည်။ သားရဲကမ္ဘာတွင် ဤသို့သောအစားအစာရှိနိုင်မည်ဟု သူလုံးဝမထင်ခဲ့မိပါချေ။ "အရသာရှိလိုက်တာ။ အရမ်းစားကောင်းတာပဲ"

  ပိုင်ချန်းကပြုံးလိုက်ပြီး "အရသာရှိရင် ထပ်စားပါဦး။ နောက်ပိုင်းကျ ထပ်စားချင်လာရင် ဦးလေးဆီဖုန်းဆက်လိုက်....ချိုးပေါင်ကို မင်းဆီလာပို့ခိုင်းလိုက်မှာပေါ့ "

  "ပြောရမှာ အားနာပေမဲ့ နောက်ကျရင် ကျွန်တော်ထပ်စားချင်မှာ အသေအချာပါပဲ " ချီကျွင်းယဉ်ကျေးပြချင်ပါသော်လည်း အမူအရာပိုသွားပါက ဟန်ဆောင်နေသည်ဟု ထင်သွားလိမ့်မည်။ ထိုသို့ကိစ္စမျိုးသည် အတင်းကြီးလုပ်မယူတာက ပိုကောင်းပါလိမ့်မည်။

  ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ကောင်လေးပါလိမ့်။ ရှောင်ပေါင်ပြောသလိုပင် လှည့်စားတတ်သော သူတို့၏တတိယမြောက်သားငယ်လေးထက်ပင် ပို၍ချစ်ဖို့ကောင်းလှသည်။ ဤသို့ချစ်ဖို့ကောင်းသောကလေးကို ဂရုမစိုက်ပေးဘဲ မနေနိုင်ပါချေ။ " နောက်ပိုင်းအချိန်ရတဲ့အခါ အိမ်ကိုထပ်လာခဲ့ပါဦးကွယ်။ အဲ့အခါကျ မင်းကို ချိုးပေါင်ရဲ့အဖေရယ် ကျန်တဲ့မောင်နှမတွေရယ်နဲ့ မိတ်ဆက်ပေးရမယ်"

  ထိုအချိန်တွင် အိမ်ထဲသို့ လူတစ်ယောက် ဝင်လာသည်။ အရပ်မြင့်မြင့်နှင့် အနည်းငယ်သွယ်လျသောထိုလူတွင် သားရဲလက္ခဏာများမရှိသဖြင့် သန္ဓေပြောင်းလူသားလား သန့်စင်လူသားလားဆိုတာ ချီကျွင်းအတွက်ပြောရခက်ပေသည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now