၀၈၅

3K 438 45
                                    

ထုရှန်းရုန်ပိုင်နှင့် ကျူးဟန့်၏မင်္ဂလာရက်မြတ်ကို အတိအလင်းကြေငြာအပြီးတွင် နတ်ဘုရားလောကနှစ်ခုလုံးဟာ သောင်းသောင်းညံညံနှင့် ပျားပန်းခပ်တမျှ အလုပ်ရှုပ်နေကြတော့၏။ မင်္ဂလာသတင်းသည် မိစ္ဆာလောကတစ်ဝှမ်းနှင့် နတ်ဆိုးလောကရှိ လူတိုင်းစေ့ဆီသို့သာမက မြေအောက်ကမ္ဘာလောကရှိ တစ္ဆေလောကသို့ပါ ပျံ့နှံ့ပေါက်ကြားသွားခဲ့ပေသည်။

ဤသတင်းကို မကြားမသိသူဟူ၍ ရုန်ပိုင်၏နန်းဆောင်ထဲတွင် ခိုအောင်းသည့် စုန့်ချီနှင့် လူသားလောကသာလျှင် ရှိပေလိမ့်မည်။

ယခုတွင်တော့ စုန့်ချီမှာ သိသွားခဲ့ရချေပြီ။ သို့တိုင်အောင် သူဟာ ကောင်းကောင်းမွန်မွန် စားလိုက်၊ သောက်လိုက်ဖြင့် အေးအေးလူလူရှိနေဆဲပါပင်။ ထင်ထားသည်နှင့်ကွာခြားလှစွာ သူဟာ အင်မတန်မှ စိတ်လှုပ်ရှား တက်ကြွနေသေးသည်။

အဘယ်ကြောင့်ဟုဆိုရလျှင် ရုန်ပိုင် နတ်ဘုရားလောကကို စွန့်ခွာမည့်နေ့ရက်က တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်ကြောင်း သူ အာရုံခံမိနေ၍ ဖြစ်သည်။

ထိုနှင့်ဆန့်ကျင်ဘက်တွင်တော့ ကျူးချင်သည် ယခုတလော အင်မတန်မှ စိတ်တိုဒေါသထွက်နေရသည်။

သူ ဘယ်နေရာ၊ ဘယ်အရပ်ပဲ သွားရောက်သည်ဖြစ်ပါစေ ဂုဏ်ပြုစကားဆိုသူများနှင့်သာ ကြုံနေရသည်။ ရုန်ပိုင်ကို လက်ထပ်မည့်သူမှာ သူ့အစ်မ မဟုတ်ဘဲ သူသာလျှင်ဖြစ်နေသည့်အလားပါပင်။ ထိုအခြင်းအရာက သူ့အား မခံမရပ်နိုင်အောင် အလွန်အမင်း ဒေါသထွက်လာစေသည်။

သူသည် အမြဲတစေ ဒေါသလွယ်တတ်သူဖြစ်ပါ၏။ ယခုအခါတွင် သူ စိတ်မပျော်မရွှင်ဖြစ်လာရသည့်အတွက်ကြောင့် ဒေါသဖြေဖို့နည်းလမ်းကို ရှာကြံတော့သည်။ ဤသို့ဖြင့် သူသည် သူ့အစ်မကြီးကို အဃာတအငြိုးတကြီးနှင့် သွားရှာတော့သည်။

ကျူးချင်သည် ဝင်ပေါက်တံခါးကိုဖွင့်ရန် လက်ကိုတောင်မသုံးဘဲ ကြမ်းတမ်းစွာဖြင့် မီးမြှိုက်ပစ်လိုက်ရာ တံခါးတစ်ခြမ်းလုံးလုံး မီးလောင်ပြာကျသွားလေသည်။ ဝင်ပေါက်တံခါးရှိ မသေမျိုးအခြွေအရံလေးတို့မှာလည်း သူ့ကိုတားဆီးခြင်းမပြုရဲကြဘဲ ဝေးရာသို့သာ ဆုတ်ခွာသွားကြသည်။

FOX DEMON CULTIVATION MANUALМесто, где живут истории. Откройте их для себя