၀၆၇

1.4K 332 9
                                    

နှစ်ပေါင်းများစွာကြာ ချုပ်နှောင်ခံထားရသည့် မိစ္ဆာသားရဲကြီးသည် အဆုံးတွင်တော့ ကောင်းကင်ယံကို ထွင်းဖောက်လုမတတ် အော်သံနက်နက်ကြီးဟိန်းလျက် နေ့အလင်းရောင်ကို ထိတွေ့မြင်နိုင်ရန် မြေကြီးထဲမှထိုးထွက်လာလေသည်။ သားရဲကြီးသည် ထရပ်လိုက်သောအခါ တောအုပ်ထဲရှိ မြင့်သွန်းလှသည့် သစ်ပင်များထက်ပင် တစ်ကျန့်ခန့် ရှည်လျားနေသေးသည်။ မတိုင်မီက စုန့်ချီ၏ခြေထောက်အောက်မှ ထိုးထွက်လာသည့်နှင့် ပုံစံချင်းဆင်တူသော အနီရောင်ဆူးချွန်များသည် သားရဲကြီး၏ကျောတစ်ပြင်လုံးတွင် ထောင်ထနေကြပြီး အမွှေးထူထူများက ကြီးမားသည့်ဦးခေါင်းပိုင်းကို ဖုံးအုပ်နေသည်။

တိမ်ဖုံးနေသည့်မျက်လုံးများက အမွှေးထူထူများအောက်တွင် မြှုပ်ကွယ်နေသည်။ သားရဲကြီးသည် မျက်လုံးကို ဖွင့်ကာ ကိုယ်ပေါ်ရှိ များပြားလှသော မြေစိုင်အညစ်အကြေးများကို ခါထုတ်လိုက်ရာ မြေစိုင်မြေမှုန့်မိုးများရွာသကဲ့သို့နှယ် တဝုန်းဝုန်းပြိုကျလာသည်။ ၎င်းက ပါးစပ်ကိုဖွင့်ဟလိုက်သည်နှင့် အစွယ်များက ထွက်ပြူလာ၏။

သားရဲကြီး၏နောက်ကျောတွင် ကျီးငှက်ကဲ့သို့ တောင်ပံတစ်စုံရှိ၏။ နှစ်ပေါင်းများစွာကြာမြင့်ပြီးမှ ပထမဆုံးအကြိမ်အဖြစ် တောင်ပံများကို ပြန်ဖြန့်ခွင့်ရသည်မို့ တောင်ပံတဖျတ်ဖျတ်ခတ်လိုက်ရာ သစ်ပင်များက ကြောက်မက်ဖွယ်လှုပ်ယိမ်းလာပြီး မြေဆီလွှာများက ကောင်းကင်ယံသို့ လွင့်ပျံသွားကြကာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်ကုန်လေ၏။

စုန့်ချီသည် ကောင်ငယ်လေးနောက်သို့ တရှိန်ထိုးပြေးလိုက်ရင်း မိစ္ဆာသားရဲကြီး၏ခြေထောက်အောက်သို့ပင် ရောက်လုနီးပါး။

သဲကြီးမဲကြီးတိုက်ခတ်နေသော လေပြင်းနှင့် သဲမှုန်များကြား ဖျော့တော့သော သွေးနံ့လေးတစ်ခုက လွင့်ပျံလာသည်။ စုန့်ချီသည် ထိုအရာကဘာနည်းဟု မတွေးနိုင်သေးခင် ကောင်ငယ်လေးက ခြေလှမ်းများကို ရုတ်ခြည်းရပ်တန့်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ရှာတွေ့သွားသည့်အလား ထိုနေရာတွင် ငြိမ်လျက်ရပ်နေသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now