၀၂၆ (ခ)

1.4K 357 10
                                    

စုန့်ချီ၏ မျက်စိရှေ့တွင်ရှိသမျှ အရာအားလုံးမှောင်မိုက်သွားရ၏။ မြင်ကွင်းက နောက်တစ်ဖန် ထပ်ပေါ်မလာတော့ပါချေ။ လက်ဆွဲမီးအိမ်ငယ်ထဲတွင် ရှိနေသည့် မှတ်ဉာဏ်များ၏အဆုံးဖြစ်လိမ့်မည်ဟု သူခန့်မှန်းသည်။
ယခင်ကမြင်ကွင်းများအရ ဖုချီမှာနောက်ဆုံးတွင် သေဆုံးသွားခဲ့သည်ပဲဖြစ်မည်။ ထို့ကြောင့် သူဟာမော့ယောင်မှာ ဆက်ရှိမနေတော့တာပဲဖြစ်သည်။ သို့သော်ငြား တိုက်ယန်ရှင်းက အဘယ်ကြောင့်မသေခဲ့သနည်း၊ မည်သို့အသက်ရှင်နိုင်ခဲ့သနည်းကို စုန့်ချီစဉ်းစားမရပေ။

ထို့အပြင် လက်ရှိအခြေအနေမှ အပြင်ကိုမည်သို့ထွက်ရမည်ကိုလဲ သူမသိပေ။ သူ့အရှေ့မှ အရာအားလုံးဟာ ပိန်းပိတ်အောင်မှောင်မိုက်နေသည်။ ဘာကိုမှမခံစားရ။

စုန့်ချီ စိုးရိမ်ပူပန်နေစဉ် အဝါဖျော့ဖျော့အလင်းရောင်လေးတစ်ခုက
သူ့အရှေ့မှ ဖြာထွက်လာသည်။ ထိုအရာက ဖျော့တော့လွန်းတာကြောင့် အမှောင်ထဲတွင် ဖြစ်လင့်ကစား မျက်စိကျိန်းလောက်သည်ထိ မတောက်ပပေ။ ထို့နောက် အလင်းရောင်လေးကပို၍လင်းလက်လာပြီး လူပုံရိပ်လေးသဏ္ဌာန်တစ်ခုကို အရိပ်ထင်လာစေသည်။

အလင်းရောင်က ထိုလူရိပ်၏ဝတ်ရုံအနားသတ်အထိ ပြေပြေလေးပျံ့ကျဲသွားသည်။ စုန့်ချီသည် သူ့မျက်စိရှေ့တွင် မော့ယောင်ဂိုဏ်းသားဝတ်စုံနှင့်
အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအမျိုးသားက အဖြူနှင့်အပြာ ရောယှက်သောဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ရှည်များကို ကျောနောက်တွင် ပြေပြစ်စွာ ဖြန့်ချထားသည်။

စုန့်ချီမှာ ရုတ်တရက် လူတစ်ယောက်
ပေါ်ပေါက်လာမှုကြောင့် ထိတ်လန့်သွားရပြီး
ထိန်းချုပ်ခြင်းငှာမတတ်နိုင်ဘဲ ခေါင်းကိုချက်ချင်းငုံ့ချပစ်လိုက်သည်။ သူ့ခြေများလက်များ အကောင်းပတိ ဘာပြောင်းလဲမှုမှ မဖြစ်သည်ကို သိရှိသွားမှ သတ္တိမွေး၍ အသံထွက်ခေါ်ကြည့်လိုက်သည်။

"ဒီသခင်လေးက... "

သူ့အသံကြောင့် အရှေ့ကအမျိုးသားက ဖြည်းဖြည်းချင်း ခေါင်းကိုလှည့်ကြည့်လာသည်။ ထိုလူ၏ မျက်နှာအပြည့်အစုံကို မြင်လိုက်ရသည့်အခါမှ စုန့်ချီစိတ်များပေါ့ပါးသွားရသည်။ အနှီပုဂ္ဂိုလ်ဟာ သူနဲ့စိမ်းသက်မနေခဲ့ပါပေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now