၀၇၁

1.7K 349 10
                                    

တစ်ကိုယ်လုံး နက်စွေးနေအောင် ဝတ်ဆင်ထားသည့် ရုန်ပိုင်သည် သူ့အရှေ့မှာ ရပ်နေလေ၏။ သူ၏ဆီးနှင်းဖြူရောင် ဆံပင်ရှည်များသည် ပုခုံးပေါ်သို့ သွယ်ဖြာစင်းကျနေလျက် နက်စွေးစွေးဝတ်ရုံနှင့်ကွဲပြားစွာ မြင်သာထင်ရှားလွန်းနေပါ၏။

သူ့ မျက်နှာအမူအရာက အနည်းငယ် အေးစက်စက်နိုင်နေကာ ဉာဏ်များသော ခပ်ဆိုးဆိုးလူညစ်တစ်ယာက်ပုံစံလေး ပေါက်နေသည်။ စုန့်ချီ မသေချာစွာခေါ်ကြည့်လိုက်သည်။

" ရုန်ပိုင်? "

စုန့်ချီ၏နှုတ်ခမ်းမှ သူ့အမည်ခေါ်လိုက်သည်နှင့် ရုန်ပိုင်၏ အဖက်မလုပ်လိုဟန် ခပ်တန်းတန်းအမူအရာက ချက်ချင်းပျောက်ကွယ်သွားသည်။ သူသည် မျက်ခုံးများပင့်လျက် ရွှတ်နောက်နောက်ပြုံးကာ ခေါင်းကိုစောင်းငဲ့ရင်း မေးလာလေ၏။

" စုန့်ချီ? "

စုန့်ချီ၏မျက်ခွံများ လှုပ်ရှားသွားသည်။

"ဘာဖြစ်လို့လဲ "

" စုန့်ချီ......."

ရုန်ပိုင်သည် စုန့်ချီအား မျက်တောင်မခတ်စတမ်း မမှိတ်မသုန်စိုက်ကြည့်လာသည်။ သူ့အပြုံးများဟာ ပိုမိုတောက်ပလာပြီး ရုတ်တရက်ဆိုသလို စုန့်ချီထံသို့ ခြေတစ်လှမ်းပြီးတစ်လှမ်းတိုးလာသည်။

စုန့်ချီ မကောင်းသောအငွေ့အသက်များကို ခံစားမိလိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူက အဆောတလျင်နိုင်စွာ မေးလိုက်၏။

" ခင်ဗျား ဘာလုပ်မလို့လဲ "

ရုန်ပိုင်၏အသံက နူးညံ့နေသည်။

" မကြောက်ပါနဲ့၊ ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး"

စုန့်ချီ အမြင်အရဆိုလျှင် ရုန်ပိုင်သည် "ဘာမှမလုပ်ပါဘူး" ဟူသည်နှင့် တူမနေပါချေ။ သူ ရင်တွင်းမှ စိတ်မသက်မသာဖြစ်မှုများကို ဖိနှိပ်ထားလိုက်ပြီး တစ်ချိုးတည်းလစ်ပြေးဖို့ရန် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

တိမ်သလ္လာတိမ်သောင်ခုံတွင် ကြီးမားသောသစ်ပင်ကြီးတစ်ပင်သာ မင်းမူပေါက်ရောက်လျက်ရှိ၏။ သစ်ပင်၏ခွဲဖြာယှက်နွယ်သော အမြစ်များက မြေကြီးထဲသို့ တိုးဝင်ပေါက်ရောက်နေ၏။ တစ်စုံတစ်ခုမှားယွင်းနေခဲ့လျှင်တောင် တိမ်သောင်ခုံပေါ်သို့ ဦးစွာသွားရောက်သင့်သည်ဟု စုန့်ချီထင်မိသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now