၀၈၁

1.7K 346 19
                                    

စုန့်ချီသည် ရုန်ပိုင်၏ကိုယ်ပေါ်မှ ဆင်းလာချိန်တွင် သူ့လည်တိုင်တစ်ခုလုံးဟာ လုံးဝဥဿုံ နီမြန်းလျက်သားရှိနေ၏။ သူဟာ ပုံမှန်အတိုင်းပြုမူနိုင်ဖို့ အတတ်နိုင်ဆုံး ရုန်းကန်လိုက်ရသည်။

ရုန်ပိုင်သည် ထထိုင်လိုက်ပြီး စုန့်ချီ တွန့်ကြေအောင်ဆုတ်ဖွထားသည့် သူ့အင်္ကျီအဝတ်အစားများကို ပြန်လည်ပြုပြင်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းလေးတွင်မူ အပြုံးများတွဲခိုလျက် အပြင်ဘက်က ဖေနင်ကိုလှမ်းပြောလိုက်၏။

" ဝင်လာခဲ့ခိုင်းလိုက် "

သူ ထိုသို့ဆိုပြီးသည်နှင့် မကြာလိုက် နန်းဆောင်တံခါးက တွန်းဖွင့်ခြင်းခံလိုက်ရသည်။ ရန့်ပေက တံခါးကြားထဲမှ ခေါင်းလေးပြူထွက်လျက် ရုန်ပိုင်ကိုကြည့်လာစဉ် စုန့်ချီကိုမြင်သွားသည်။ သူက အထဲသို့ တရွေ့ရွေ့လျှောက်လာသည်။

" လေးလေးရုန်ပိုင်၊ လေးလေးက တကယ်ကြီး ဒီမြေခွေးမိစ္ဆာကို အိမ်ခေါ်လာခဲ့တာလား "

ရန့်ပေက ကလေးပေါက်စအသွင်လေးဖြစ်နေဆဲပင်။ သူဟာ ခန္ဓာကိုယ်နှင့် အံကိုက်ကျသော အပြာရောင်ပိုးသားဝတ်စုံလေးဝတ်ဆင်ထားပြီး ဆံပင်ရှည်ရှည်များကို အမြိတ်များဖွာနေသော ခေါင်းစည်းကြိုးနီနီဖြင့် စည်းနှောင်ထားသည်။ သူဟာ ခပ်ဖြည်းဖြည်းလမ်းလျှောက်လာပုံကအစ လျန်ရန့်ပေနှင့်တစ်ထပ်တည်း ပုံတူပွားထားသကဲ့သို့နှယ်။

သို့သော် ကြည်လင်နေသော ရွှေရောင်မျက်ဝန်းတစ်စုံတော့ မပါဝင်ခဲ့ပေ။ 

သူဟာ နဂါးပြာမျိုးဆက်ဖြစ်ပါစေ သို့မဟုတ် လျန်မျိုးနွယ်၏ဆက်ခံသူ ပထမသခင်လေးပင်ဖြစ်ပါစေ ၎င်းတို့အကြားတွင် မရေမတွက်နိုင်သော ဆက်နွယ်မှုပေါင်းများစွာရှိနေလိမ့်မည်ဟု စုန့်ချီတွေးမိနေသည်။

၎င်းအသိသည်ကား ဤကောင်စုတ်လေး၏ မုန်းချင်စရာကောင်းသော အမူအကျင့်များအရ သိမြင်နိုင်ခြင်းပင်ဖြစ်၏။

စိတ်ဆိုးမာန်ဆိုးဖြစ်နေသည့် စုန့်ချီက နံဘေးမှာထိုင်လျက် လက်ပိုက်ရင်း စောင့်ကြည့်နေသည်။

ရန့်ပေက သိသိသာသာကို ရုန်ပိုင်နှင့်အလွန်ရင်းနှီးပုံပေါ်သည်။ သူဟာ ရုန်ပိုင်ရှိရာသို့ လျှောက်သွားပြီး ရုန်ပိုင်၏လက်မောင်းများထဲသို့ တိုးဝင်သွားကာ စုန့်ချီအား မျက်လုံးဝိုင်းဝိုင်းလေးနှင့် ပေကလပ်ပေကလပ်ကြည့်လာသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now