၀၈၂

1.8K 346 11
                                    

စုန့်ချီသည် ကျွက်ကျွက်ညံပျံ့လွင့်နေပါသည့် သူ၏အတင်းအဖျင်းများကို သိရှိသည့်တိုင် သူဟာ မိစ္ဆာတစ်ကောင်မဟုတ်ကြောင်း သက်သေပြနိုင်မည့် အခွင့်အခါကောင်းကိုလည်း ရှာကြံမရဖြစ်နေ၏။

ထို့အပြင် အပြစ်ပေးကြာပွတ်ဖျက်ဆီးသူကို ရှာဖွေစစ်ဆေးနေခြင်းကလည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့အတွက် အပြင်မထွက်ဘဲ သိုသိုသပ်သပ်နေခြင်းသည်သာ သာ၍ကောင်းသည်။

ဤသို့ဖြင့် သူသည် တစ်နေကုန်တစ်နေခမ်း ဘာအလုပ်မှမရှိဘဲ အားနေကာ အိပ်လိုက်စားလိုက်ဖြင့် စည်းစိမ်ယစ်မူးနေတော့၏။

သို့ပင်တစေ မတိုင်ခင်က ရုန်ပိုင်သည် နတ်ဘုရားလောက သမိုင်းကြောင်းရာဇဝင်ဘေးက ပိုသေးသည့်စာလိပ်ကို မသိကျေးကျွန်ပြုလိုက်သည်အား သူ သတိထားမိသည်။ ယင်းက သူ့စိတ်ဝင်စားမှုကို အထပ်ထပ် နှိုးဆွနေသည်။

ထုရှန်းယွဲ့နှင့်တိုက်ခိုက်စဉ်ရခဲ့သော ဒဏ်ရာများက ထိုညကရေပူစမ်းတွင် ရေစိမ်လိုက်ပြီးနောက်ပိုင်း ပျောက်ကင်းလုနီးပါးပင်ရှိနေပြီဖြစ်သည်။ သည့်အပြင် ယခုဆိုလျှင် သွေးများပေါင်းစည်းသွားခြင်းကြောင့် ကျင့်ကြံနိုင်ခဲ့သည့်အမြှီးငါးချောင်းကလည်း သူ့အား မိမိကိုယ်မိမိ ယုံကြည်မှုတစ်ချို့ပေးစွမ်းနေသည်။ ထုရှန်းနန်းမြိုင်သခင်က သူ့ကိုစစ်မေးဖို့ စေလွှတ်လိုက်သည့် လူတစ်ချို့ကိုတောင် သူ့ကြောက်လန့်ခြင်းအလျဉ်းမရှိတော့ပေ။

မှန်၏။ သူ့စိတ်ထဲ မတင်မကျဖြစ်နေရသည့် တစ်ခုတည်းသောအရာမှာ၊ ရုန်ပိုင်၏အိပ်မက်နယ်မြေထဲက သစ်ပင်ကြီးပေါ်တွင် သံလုံးရှည်နှင့်စိုက်ကာသေဆုံးနေသော အမျိုးသမီး၏အကြောင်းပဲဖြစ်လေ၏။

ရုန်ပိုင်ဟာ အဘယ်ကြောင့် ထိုအမျိုးသမီး၏ခြေရင်းတွင် စိတ်ချမ်းမြေ့စွာဖြင့် လိုလိုလျားလျား မှီတည်နေရသနည်း။

ယင်းက ရုန်ပိုင် ညီမငယ်ဖြစ်သူကို အလွန်မုန်းတီးနေခြင်းနှင့်များ တစ်စုံတစ်ရာ သက်ဆိုင်နေမလား......

ဆိုရပါလျှင်မူ စုန့်ချီမှာ အလွန်အမင်းကို သိလိုစိတ်ပြင်းပြနေ၏။ သူသည် ရုန်ပိုင်၏အိပ်မက်ထဲကို ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းနေခဲ့ပါသော်လည်း ကံဆိုးစွာဖြင့် ရုန်ပိုင်ကပဲ အိပ်မက်ထပ်မက်တော့ခြင်းလား၊ သို့မဟုတ် သူကပဲ အိပ်မက်ထဲကို မဝင်နိုင်တော့ခြင်းလား မသိပါပေ။ စုန့်ချီ ဘာအိပ်မက်မှမမက်မြင်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်မှာ ရက်အတန်ကြာပြီဖြစ်သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now