၀၆၆

1.4K 343 10
                                    


တည်ရှိသည်ဟုပင် မထင်ရသည့် အညတရမိစ္ဆာလေးတစ်ကောင်က ရုတ်တရက် စကားထပြောလာခြင်းကြောင့် လူတစ်အုပ်လုံး တစ်ပြိုင်တည်းလိုလို ကြောင်အသွားကြသည်။

စုန့်ချီသည် လူအုပ်ထံသို့ သူ့လက်ဖဝါးကို ဖြန့်ပြလိုက်သည်။ လက်ဖဝါးသည် မီးလောင်ဖုများ ပေါက်ပြဲသွားပြီးနောက် အရည်များယိုကျနေသည်။ သူသည် အသံကိုမြင့်၍ ကြမ်းတမ်းခက်ထန်စွာ ပြောလိုက်သည်။

" ခင်ဗျားတို့က သူတစ်ပါးကိုအလစ်ချောင်းပြီး ခိုးကြောင်ခိုးဝှက်လာတိုက်ခိုက်တယ်၊ အကျင့်စာရိတ္တကောင်းမွန်ဖို့ ခင်ဗျားတို့မိဘတွေက မသင်ပေးထားကြဘူးလား၊ အုပ်စုဖွဲ့ပြီး အားအားရှိအနိုင်ကျင့် ဗိုလ်ကျရတာကို ဂုဏ်ယူစရာတစ်ခုလို့ထင်နေကြတာလား၊ သခင်ရုန်ကို ရန်စဖို့ ဘယ်သူကများ ခင်ဗျားတို့ကို သတ္တိတွေပေးစွမ်းလိုက်တာလဲ၊ ခင်ဗျားတို့ တစ်သိုက်လုံး အရှက်မဲ့တဲ့ ဆန်ကုန်မြေလေးတွေ! "

စုန့်ချီသည် အထစ်အငေါ့မရှိ ညက်ညောစွာ ပြစ်တင်ဝေဖန်လိုက်ပြီး ပါးစပ်မှ ‘သခင်ရုန်’ဟု ရုတ်တရက် ထွက်သွားမိသည်ကိုပင် သတိမထားမိတော့ချေ။ အားရအောင် ကြိမ်းမောင်းပြီးသည်နှင့် ကျူးချင်ကဲ့သို့ “ထွီး”ခနဲပင် တံတွေးထွေးလိုက်သေးသည်။

ကျူးချင်၏မျက်နှာသည် အိုးမည်းဖင်ကဲ့သို့နှယ် မည်းပုပ်သွားသည်။ သူက အံကိုတင်းတင်းကြိတ်လျက် ပြောလေ၏။

"မင်း ဘာပြောလိုက်တယ်? "

စုန့်ချီသည် မေးကိုထောင်လွှားဝင့်ဝါစွာ မော်ချီလိုက်၍ စိန်ခေါ်သောကြည့်ဖြင့်ကြည့်လိုက်သည်။

"ဘာလဲ? ကျွန်တော်ပြောတာ ဘာမှားလို့လဲ? "

" ရဲတင်းလိုက်တာ! "

ကျူးချင်၏သည် မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းလာသည်။ သူသည် လက်ကိုမြှောက်၍ လူအရပ်တစ်ဝက်ခန့်မျှရှိသည့် ဓားပြားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။ ဓားကိုယ်ထည်သည် အနီရောင် မီးလျှံများဖြင့် အလျှံညီးညီးတောက်လောင်နေသည်။ အနည်းငယ်လှမ်းသော အကွာအဝေးမှပင် ၎င်း၏အပူကို ခံစားမိနိုင်၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now