၀၆၃

1.5K 340 3
                                    

စုန့်ချီသည် ချောင်ကျကျနေရာလေးတွင် ကျောမှီထိုင်ချလိုက်သည်။ သူ့ဂုတ်ပိုးက ယခုထိတိုင် နာကျင်နေဆဲဖြစ်၏။

သူ့ ညာလက်ကောက်ဝတ်သည် လက်နှစ်ဆစ်မျှအနံရှိသည့် သံလက်ထိပ်ဖြင့် အခတ်ခံထားရသည်။ အောက်သို့တွဲကျနေသော သံကြိုးများက သူ့ကဲ့သို့ အချုပ်ခံထားရသည့် လူများနှင့် ဆက်သွယ်ထားသည်။

ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ဖုန်းကျော့ကျွင်းက သတိပြန်မလည်လာသေးပေ။ မှုန်မှိုင်းနေသော အခန်းထဲတွင် ရံဖန်ရံခါ တိုးသဲ့သဲ့ အသက်ရှူသံများကြားရသည်။ လှောင်ချိူင့်သည် ဦးချိုများ၊ အမြှီးများရှိသော မိစ္ဆာများဖြင့် ပြည့်နေသည်။ မိစ္ဆာတိုင်းသည် မိမိကိုယ်ကိုယ်ကာကွယ်ခုခံဟန် ဘောလုံးတစ်လုံးအနေအထားဖြင့် ကိုယ်ကို ကွေးညွှတ်ထားကြသည်။

ဤနေရာက ဘာနေရာမှန်း စုန့်ချီ မသိပေ။ သူ မှတ်မိသည်က သူအစီအရင်ထဲက ထွက်,ထွက်လာချင်း တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ဓားဖြင့်လာထောက်ထားခဲ့သည်။ သို့သော် သူ စကားတစ်ခွန်းပင် မဟနိုင်ခင် သတိလစ်သွားခဲ့သည်။ ပြန်နိုးလာသည့်အချိန်၌ လှောင်ချိူင့်ထဲတွင် ရောက်နေလျက်သားဖြစ်နေလေ၏။

ဤနေရာတွင် မိစ္ဆာများပြည့်သိပ်နေသော လှောင့်ချိုင့်ပေါင်းများစွာကို တွေ့နိုင်သည်။

စုန့်ချီ၏ အတွေးများ အစိုးမရတော့။ အချို့သော တောက်ဓမ္မပညာရှင်များသည် သဘာဝလွန်စွမ်းအားများကျင့်ကြံဖို့ မိစ္ဆာငယ်လေးများကို အသုံးချလေ့ရှိကြသည်ဟု သူကြားဖူးသည်။ ပြီးလျှင် အချို့သော နတ်ဘုရားများနှင့် အမတများသည် မိစ္ဆာလေးများကို ဖမ်း,ဖမ်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ရသည်ကို နှစ်သက်တတ်ကြသည်။

စုန့်ချီ သူ့အတွေးနှင့်သူ ခြောက်ခြားလာပြီး တသိမ့်သိမ့်တုန်ယင်လာသည်။ ဤအခြေအနေကို နားလည်နိုင်ရန် တစ်စုံတစ်ယောက်ကို ရှာကာ မေးမြန်းချင်လှသည်။

သူ ဟိုသည်ကြည့်ရှုလိုက်သော် ဘေးတွင် ထိုင်နေသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ကောင်လေးသည် ရွှံ့ဗွက်အိုင်ထဲသို့ ကျထားဟန်ရှိသည်။ တစ်ကိုယ်လုံး မည်းညစ်နေကာ ဒူးနှစ်ဖက်ကို လက်ကြားထဲပိုက်လျက်ကျုံ့ကျုံ့လေးထိုင်နေသည်။ ကောင်လေးဟာ အိပ်ပျော်နေခြင်းလား၊ အတွေးလွန်နေခြင်းလား စုန့်ချီ မပြောတတ်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now