၀၆၅

1.5K 330 9
                                    


စုန့်ချီသည် ပြုံးရယ်လိုက်သည့်အချိန်တိုင်း အမြဲလိုလို အပြစ်ကင်းစင်ပုံ ပေါ်နေတတ်သည်။ သူ့မျက်ဝန်းလေးများက နှစ်လိုဖွယ်ကွေးညွှတ်သွားပြီး ကြယ်ပွင့်ကလေးများပင် လွင့်စဉ်လာတော့မတတ် တဖျတ်ဖျတ်အရည်လဲ့နေသည်။

သူသည် ရုန်ပိုင်အား ပြောလိုက်လေ၏။

" တွေ့ရတာ ဝမ်းသာပါတယ် ထုရှန်းရုန်ပိုင် "

ရုန်ပိုင်၏အမည်ကို မျက်မှောက်ရှေ့တည့်တည့်တွင် ခေါ်ဖူးသည်မှာ စုန့်ချီအတွက် ပထမဦးဆုံးအကြိမ်ဖြစ်၏။ သူသည် အပြင်ပန်းတွင် ဟန်ချက်မပျက်အောင် ထိန်းထားပါသော်လည်း အတွင်းစိတ်ထဲတွင်မူ မိုးသက်လေပြင်းထန်နေချေပြီ။

ပေါ့ပါးကာ ကြည်လင်လှသော သူ့အသံက လူတိုင်း၏ နားစည်အတွင်းသို့ ညင်သာစွာ စီးဝင်သွားသည်။

ရန့်ပေက သံသယအပြည့်ဖြင့် ခေါင်းလေးမော့ကာ ရန့်ဆုန့်ကိုပြောလိုက်သည်။

"သူက လေးလေးရုန်ပိုင်ကို သိနေတယ်ထင်တယ်"

ရန့်ဆုန့်က ခေါင်းငြိမ့်လိုက်ပြီး စုန့်ချီကို မျက်လုံးများ မှေးကျဉ်း၍ကြည့်လိုက်သည်။ ရုန်ပိုင်ကို သိရှိနေခြင်းက သူ့အတွက်မထူးဆန်းပေ။ သို့သော် ထူးဆန်းသည်က ဤမြေခွေးမိစ္ဆာသည် ရုန်ပိုင်၏သုခေါ့ကို ထိန်းချုပ်နိုင်နေခြင်းဖြစ်၏။

ရန့်မျိုးနွယ် တူဝရီးနှစ်ယောက်၏ ရွှေရောင်မျက်လုံးများသည် စုန့်ချီ၏ဆီးနှင်းကဲ့သို့ဖြူဖွေးသော မြေခွေးနားရွက်များနှင့် အမြှီးလေးနှစ်ချောင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။ သို့ပေမည့် သူတို့သည် စုန့်ချီထံမှ မိစ္ဆာအငွေ့အသက်များကို သဲကွဲအောင်မဝေခွဲနိုင်ကြပါချေ။ ဤထူးဆန်းလှသည့် ဖြစ်ရိုးဖြစ်စဉ်ကြောင့် ရုန်ပိုင်နှင့် ရန့်ဆုန့်တို့သည် လှုပ်ရှားမှုမှန်သမျှကို တမုဟုတ်ချင်းရပ်၍ သူ့အား အသေအချာစူးစမ်းကြည့်နေကြသည်။

သို့ပေသော်ငြား ကျဲချန်မှာမူ ဤသို့များများစားစား တွေးတောနေရမည်ကို ပျင်းရိလှသည်။ သူမက ပြုံးလိုက်ရာ စိတ်လှုပ်ရှားခြင်းနှင့် ရွှင်မြူးခြင်းများက သူမ၏မျက်ဝန်းနီနီများထက် ပျံ့နှံ့သွားသည်။ သူမသည် လက်တစ်ဖက်ကိုယမ်းလိုက်ကာ ရှည်လျားသည့် အနီရောင်ကြာပွတ်တစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ သလင်းကျောက်ပမာ ကြည်လင်လှသည့် ဇာမဏီငှက်မွှေးများက ကြာပွတ်လက်ကိုင်တွင် လူးလွင့်နေသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now