၀၀၇

2.7K 520 18
                                    

【မော့ယောင်ဂိုဏ်း၏အတိတ် 】

စုန့်ချီ၏အကြည့်များသည် အောက်သို့ရွေ့သွားပြီး ဝတ်ရုံဖြူဝတ်တောက်ဓမ္မပညာရှင်၏လက်ထဲရှိ ဓားကောက်ရှည်ထံသို့အရောက် ရပ်တန့်သွားသည်။ သူ့မြေခွေးနားရွက်ကလေးများ မသိမသာ လှုပ်လှုပ်ရွရွဖြစ်သွား၏။

အဲဒီဓားကို လုပြေးဖို့ကြိုးစားရင် အောင်မြင်နိုင်ခြေဘယ်လောက်ရှိမလဲ။

ဝတ်ရုံဖြူဝတ်တောက်ပညာရှင်၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ဆင်မြန်းထားဆဲဖြစ်ပြီး ပျင်းတိပျင်းရွဲမျက်လုံးများကမူ အန္တရာယ်အငွေ့အသက်များ ထုတ်လွှတ်နေလျက် လက်ထဲမှ ဓားကောက်ရှည်ကို ဆော့ကစားနေသည်။ ယင်းက စုန့်ချီအား လာပါ၊ လာပါ ဟုခေါ်နေသယောင်ပင်။

စုန့်ချီမှာ ဆက်မအောင့်အည်းနိုင်တော့။ တောက်ပညာရှင်နှင့် အကျိုးသင့်အကြောင်းသင့်ဆွေးနွေးကြည့်ဖို့ ထိုသူ့၏ရှေ့မှောက်သို့ ခုန်လွှားလိုက်ရန် ခြေဖျားများကို ထောက်လိုက်သည်။

သို့သော် သူ့မှာ ခြေထောက်လေးကြွရုံရှိသေး နံဘေးမှနံရံပျက်ကြီးက အရှိန်အလုံးအရင်းဖြင့် သူ့ထံသို့ ပျံသန်းလာလေသည်။ စုန့်ချီလည်း ချက်ချင်း ဦးတည်ရာပြောင်းလိုက်ရပြီး ဘေးကိုလှိမ့်ရှောင်လိုက်ရသည်။

ကျောက်နံရံကြီးက အိမ်တစ်အိမ်နှင့် ဝင်တိုက်မိသွားပြီး အစိတ်စိတ်အမြွှာမြွှာကျိုးကြေကုန်သည်။ ဖုန်မှုန့်နှင့် အကျိုးအပဲ့များတောင် စုန့်ချီ၏ခြေထောက်ထိ လာရောက်လွင့်စဉ်ကြလေသည်။ သူသည် ခြေနှစ်လှမ်းနောက်ဆုတ်ကာ ရှောင်လိုက်သည်။ သူ ခေါင်းလေးပြန်မော့ရုံရှိသေးသည်၊ ဆွင်းယွင်းနျန်၏မျက်နှာကြီးကအနီးကပ်  ဖွားခနဲပေါ်လာလေ၏။

စုန့်ချီမှာ သူမမျက်နှာကြီးကို ဘေးသို့အလိုလိုပင် တွန်းထုတ်လိုက်မိရင်း ဆိုလိုက်၏။ 

“ ယောက်ျားနဲ့မိန်းမဆိုတာ အသားချင်းကပ်နေဖို့ မသင့်တော်ဘူး”

ယခုတွင် ဆွင်းယွင်းနျန်မှာ လုံးဝမတူကွဲပြားသော လူတစ်ယောက်ဖြစ်သွားခဲ့လေပြီ။ သူမမှာ ဆွဲဆောင်မှုရှိသော မျက်နှာလှလှလေးအဖြစ်ပြောင်းသွားရုံမျှမက မိစ္ဆာစွမ်းအင်များလည်း အလွန်တရာမှ အင်အားကြီးထွားလာခဲ့သည်။ သူမ၏မျက်ခုံးစပ်ကြားရှိ ကြက်သွေးရောင်အစက်ကလေးမှာ သိသိသာသာကို တောက်ပလင်းလက်နေ၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now