၀၆၄

1.4K 338 8
                                    

ဖုန်းကျော့ကျွင်း၏ အော်သံက ရုတ်ခြည်းဆန်ကာ အလောသုံးဆယ်နိုင်လှသည်။ တခြားအချိန်ဖြစ်ပါက စုန့်ချီသည် ဘာမှမတွေးနိုင်ဘဲ တစ်ခဏမဆိုင်း ထွက်ပြေးမိလောက်ပေမည်။ သို့သော် ယခုအချိန်တွင်တော့ သူ့ခြေထောက်များက မြေကြီးပေါ်တွင် သံနှင့်စိုက်မိထားသလို မရွေ့နိုင်တော့ပေ။ သူ မည်မျှကြိုးစား၍ ရွေ့ကြည့်ပါသော်လည်း တုတ်တုတ်ပင်လှုပ်မလာပေ။

ဖုန်းကျော့ကျွင်းသည် သူ့လက်မောင်းကို ဖမ်းကိုင်ပြီး လှည့်ပြေးပါသော်လည်း စုန့်ချီမှာမူ တရွတ်တိုက်ဆွဲပြီးသာ ပါလာသည်။ ဖုန်းကျော့ကျွင်းက သူ့အား သင်္ကာမကင်းစွာလှည့်ကြည့်လိုက်သည်။

"ဘာလုပ်နေတာလဲလို့ "

"အဲ့ကလေး......."

စုန့်ချီသည် အရှေ့မှကလေးငယ်ကို မျက်ခုံးအစ နှုတ်ခမ်းအဆုံး စူးပြီးကြည့်နေသည်။ သူသည် ခြေဆုံးခေါင်းဆုံးအပြန်ပြန်၊ အလှန်လှန်ကြည့်ပြီးနောက်တွင် သေမတတ် လန့်ဖျပ်သွားတော့သည်။

ဤကလေးသည် ရွှေရောင်မျက်လုံးများမှလွဲ၍ သူ့ညီဝမ်းကွဲငယ်စဉ်ကနှင့် တစ်ထေရာတည်းတူလေသည်။

ဘယ်လိုဖြစ်ပြီး သူ့ညီနဲ့ သည်လိုနေရာမှာ လာဆုံရတာတုန်း?

"မင်း သူ့ကိုသိတာလား "

ဖုန်းကျော့ကျွင်းက ခပ်တိုးတိုးမေးလာသည်။

စုန့်ချီ ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် လူသားဘဝတုန်းက လျန်ရန့်ပေလို့ခေါ်တဲ့ ညီဝမ်းကွဲရှိခဲ့ဖူးတယ်။ ဒီကလေးက သူနဲ့တအားတူတယ်။ ဒီကလေးက ကျွန်တော့်ညီရဲ့ အတိတ်ဘဝလို့တော့ လာမပြောနဲ့နော် "

"ဘာကို အတိတ်ဘဝလဲ?! ဒီကလေးက..နတ်ဘုရားသခင် ရန့်ပေ.နဂါးပြာမျိုးဆက်စစ်စစ်.ပြီးတော့ နတ်ဘုရားဧကရာဇ်ရဲ့ အဖေဘက်ကတော်တဲ့ တူအရင်းခေါက်ခေါက်ကွ ။ ဒီနေရာမှာ ဆက်နေလို့ မသင့်တော့ဘူး။ မြန်နိုင်သမျှ မြန်မြန်ပြေးဖို့ အကြံပေးနေတာ "

ဖုန်းကျော့ကျွင်း၏ စကားများက ရိုးရှင်းကာ နားလည်လွယ်ပါသော်ငြား ရန့်ပေ၏သရုပ်မှန်ကို လုံးစေ့ပတ်စေ့သိလိုက်ရသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now