၀၅၄

1.7K 355 13
                                    

〖 ထုရှန်းရုန်ပိုင် 〗


သခင်မကြီးဖုန်း၏ သေဆုံးမှုက ရုတ်တရက်ဆန်လှသည်။ ဖုန်းရင်ချိုး၏ လက်ထပ်မင်္ဂလာပွဲပင် မကျင်းပလိုက်ရသေးခင် အသုဘကို အရင်စီစဉ်လိုက်ရသည်။

ဖုန်းရင်ချိုး နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီးနောက်ပိုင်း ဖုန်းချန်းယွဲ့က သတို့သားအဖြစ် အတင်းအကြပ်ဖမ်းဆီးထားခဲ့သည့် လူငယ်ကိုလည်း လွှတ်ပေးလိုက်သည်။

ပြီးနောက် ဝိညာဉ်အပူးခံလိုက်ရသည့် လူတစ်ယောက်နှယ် ဖုန်းချန်းယွဲ့ဟာ လူအများကိုစုဝေးလျက် သူသည် ဆံချကာ ဘုန်းကြီးဝတ်တော့မည်ဖြစ်ကြောင်း ပြောလာသည်။ လူများက သူ့အား ဖြောင်းဖြကြပါသော်လည်း သူကား အရူးတစ်ယောက်ကဲ့သို့ ပစ္စည်းများကို ပေါက်ခွဲပစ်သည်။ ပြီးလျှင်သူက ပြောသေး၏။

"ကျုပ် ကတိကိုကျုပ်မတည်နိုင်ခဲ့ဘူး၊ ကျုပ်ရဲ့လက်ကျန် ဘဝတစ်လျှောက်လုံး တရားဓမ္မမှာ မွေ့လျော်ပြီး အသားငါးစားခြင်းကို ရှောင်ရှားရမယ်၊ ဒါက ကျုပ်ဘဝသက်တမ်းတစ်ဝက်စာ တင်ကျန်နေတဲ့ အကြွေးတွေကို ဆပ်ဖို့နည်းလမ်းပဲ "

မည်သူကမျှ သူ့အား မတားဆီးနိုင်ခဲ့ပါချေ။ ဖုန်းချန်းယွဲ့ဟာ အိမ်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး သာသနာ့ဘောင်ထဲဝင်သွားလေသည်။ သူသည် မြောက်မြားလှစွာသော ငွေများကို မြို့အစွန်ရှိ ဘုရားကျောင်းသို့ လှူလိုက်ပြီး သူပါ ထိုနေရာသို့ ရွှေ့ပြောင်းသီတင်းသုံးလေသည်။

မှန်ပေ၏။ ဤသို့ ကိစ္စအဖုံဖုံဖြစ်ပျက်သွားချိန်တွင် စုန့်ချီမှာတော့ အိပ်မက်ကမ္ဘာထဲ ရောက်ရှိနေဆဲဖြစ်၏။

သူ့ အိပ်မက်ထဲတွင် ပုံရိပ်တစ်ခုကို မက်မြင်နေခဲ့သည်။ မိုးကုပ်စက်ဝိုင်းရှိ အနီရောင်တိမ်တောက်တောက်များကို နောက်ခံထားလျက် လူပုံရိပ်လေးတစ်ခု ရပ်နေ၏။ လေပွေရိုင်းဟာ ထိုပုဂ္ဂိုလ်၏ ဝတ်ရုံများနှင့် ဆံနွယ်ရှည်များ လူးလူးလွင့်လွင့် ဖြတ်တိုက်သွား၏။ ဤသည်ကပင် ထိုသူ့အား ရဲစွမ်းသတ္တိများ ဖြည့်တင်းပေးလိုက်သကဲ့သို့ရှိ၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now