အပိုင်း ၇၆ ။ မီးတောက်လေးဘဝ

2K 379 3
                                    

[Zawgyi]

ရှန့်ခယ်က ည၌ အချိန်တစ်ချို့ ဖယ်ထားကာ သူ့လူသားခန္ဓာကိုယ် နွေးနွေးလေးကို သုံးပြီး လင်းပိုင်တို့၏ ရိုမန်တစ်ဆန်ဆန် လှုပ်ရှားမှုလေးဖြင့် ချင်ယွန် ရေခဲကို အရည်ပျော်စေရန် လုပ်ဆောင်တော့မည် ဖြစ်သည်။
ရှန့်ခယ်က ရေသူလေးများ၏ ကြီးထွားနှုန်းမှာ အလွန်နှေးကွေးကြောင်း သတိထားမိလိုက်သည်။ နှစ်လအရွယ် ကလေးငယ်မှာ သူတို့၏ မူလအရွယ်စားထက် နှစ်ဆမျှသာ ကြီးထွားလာလေသည်။ သို့သော် ရေသူလေးနှစ်ယောက်မှာ သူတို့ မွေးဖွားစဉ်ကအတိုင်း ရှိနေလေသည်။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ သူတို့အမြီး ဖြစ်လေသည်။ ကြည်လင်နေသည့် အမြီးက ပျောက်ကွယ်သွားပြီး ပြာဖျော့ဖျော့ အရောင်က အစားထိုး ဝင်ရောက်လာလေသည်။ သူတို့က ရေထဲတွင် မိနစ်အနည်းငယ် ကူးခတ်နိုင်သော်လည်း ရေနက်ပိုင်း ရောက်သည်နှင့် နစ်သွားကြလေသည်။ ပြန်ရုန်းကန်၍ ကူးခတ်ဖို့ မဖြစ်နိုင်သေးပေ။
ရှန့်ခယ်အပြင် သူတို့ကို စောင့်ရှောက်နေကြသော သုတေသီများစွာ ရှိလေသည်။ ရေသူများက တည်ငြိမ်သည်ဟု ယူဆရန်အတွက် အလွန်ငယ်ရွယ်သေးပြီး သူတို့ကို စစ်ဆေးမှုများ အထပ်ထပ်အခါခါ စစ်ဆေးနေရသည်။
ရှန့်ခယ်က သူတို့သဘောထားနှင့် ပတ်သတ်၍ ကျေနပ်လေသည်။ ဤရေသူငယ်လေးများက ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်သေးစဉ် တခြားလူများက သူ့တို့အသက်ကို ပေါ့ပေါ့လေး မတွက်သင့်ပေ။
ရှန့်ခယ်က ရေထဲတွင် ရပ်နေရင်း ရေသူလေးကို သယ်ထားကာ ဂရုတစိုက် အစာကျွေးနေလေသည်။ ရေသူလေးက သူ့လက်အတွင်း လဲလျောင်းနေပြီး အမြီးလေးက ဟိုဘေး ဒီဘေး ယမ်းခါကာ မျက်လုံးများက ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် စူးစမ်းနေလေသည်။
နောက်ထပ် ရေသူငယ်လေးမှာ အစာဝပြီ ဖြစ်၍ ရေတိမ်ပိုင်းတွင် လဲလျောင်းရင်း ရှန့်ခယ်နှင့် သူ့ညီလေးကို မျက်တောင်မခတ် ကြည့်နေလေသည်။
ထိုရေသူလေး နှစ်ယောက်ကို " ယုမြောင်" နှင့် " ယုကော" ဟူ၍ ရှန့်ခယ်နှင့် ချင်ယွန်တို့က အမည်ရွေးပေးထားသည်။ အခြားသော သုတေသီများက နာမည်များကို ဂရုမစိုက်ပေ။ သူတို့ကို အမှတ်စဉ်နှင့်သာ ခေါ်ကြလေသည်။
နှစ်ယောက်လုံးကို သိပ်ပြီးနောက် ရှန့်ခယ်က ရှင်းလင်းကာ ထွက်လာလိုက်သည်။
သူက စမ်းသပ်ခန်းမှ ထွက်လာစဉ် သုတေသီခေါင်းဆောင်နှင့် ဆုံတွေ့၍ ရှန့်ခယ်က ပြုံးကာ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ သို့သော် အခြားလူမှာ အေးစက်စက်ဖြင့် ခေါင်းညိတ်ပြကာ ထွက်သွားလေသည်။
ရှန့်ခယ်က ထိုသုတေသီခေါင်းဆောင်ကို တကယ် သဘောမကျပေ။ ချင်ယွန်နှင့် သူနှင့် မတည့်၍ မဟုတ်ဘဲ သူက တိရစ္ဆာန်အသက် ဘဝများကို လျစ်လျူရှုထား၍ ဖြစ်သည်။ အကယ်၍ ချင်ယွန်သာ မထိန်းချုပ်ထားပါက သူ့နည်းလမ်းများကို ကန့်သတ်ထားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရှန့်ခယ်က ထိုလူ အေးစက်မှုကို လျော့တွက်မိခဲ့သည်။
နောက်တစ်ရက် ရှန့်ခယ် စမ်းသပ်ခန်းဆီ ရောက်သည့်အခါ ရေသူလေး တစ်ယောက် ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။ သုတေသီများ၏ ဆွေးနွေးစကားများအရ ရှန့်ခယ်က နောက်ရေကန်ဆီ သွားကြည့်မှ ယုမြောင်ကို တွေ့လိုက်ရလေသည်။
ရှန့်ခယ်က သူဦးဆုံးမြင်သည့်အရာကို နားမလည်သော်လည်း ဒေါသများ ပွက်ပွက်ဆူလာလေသည်။ ရေသူလေးရဲ့ သွင်ပြင်မှာ ပြောင်းလဲမှုများ ဖြစ်နေလေသည်။ သူ့မျက်နှာမှာ ရှုံ့တွနေပြီး ပြန်လည် ဖြစ်ပေါ်ထားဟန် ပေါ်သည်။ အပြာဖျော့ဖျော့ ကျောခွံ့မှာ နောက်ကျောမှ ထွက်လာနေပြီး သူ့လက်သေးသေးလေးမှာ ဇာဂနာသဖွယ် ပြောင်းသွားလေသည်။ သူ့အမြီးမှာ နှစ်ခြမ်းကွဲသွားပြီး ကျောက်ပုဇွန်လို ဖြစ်နေလေသည်။
" ဘာတွေ ဖြစ်နေတာလဲ " ရှန့်ခယ်က ဒေါသတကြီး သုတေသီများကို ကြည့်ကာ အော်လိုက်သည်။
တစ်ယောက်က ပြန်ဖြေလိုက်သည် " ခေါင်းဆောင်က ရေသူလေးနဲ့ ကျောက်ပုဇွန်ကို အသံ ကြိမ်နှုန်း စမ်းသပ်ချက် လုပ်ထားတာ။ ရလဒ်ကတော့ မင်းမြင်တဲ့ အတိုင်းပဲ .... "
သူတို့ကြည့်သည့် အကြည့်များမှာ ရေသူလေးကို အံ့ဩတကြီး ဖြစ်နေသော်လည်း ထိုအထဲ၌ မသိသည့် အကြောက်တရားနှင့် ငြင်းဆန်ခြင်းများ ပါဝင်နေလေသည်။
အသံကြိမ်နှုန်း စမ်းသပ်မှု
ရေသူလေးတွင် လင်းပိုင်မျိုးစိတ် ပါနေပေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့က လင်းပိုင်ရဲ့ သဟဇာတ စွမ်းရည်များ ပိုင်ဆိုင်နေသည့်အတွက် အခြားမျိုးစိတ်အဖြစ် ပြောင်းလဲလို့ ရပေသည်။ သို့သော် သူတိုက အရမ်းငယ်သေးသည့်အတွက် သူတို့ကို သူတို့ မပြောင်းလဲနိုင်ကြပေ။
သို့သော်လည်း သုတေသီခေါင်းဆောင် စမ်းသပ်မှုက ကလေးငယ်အတွင်းမှ အရွယ်မရောက်သေးခင် ပြောင်းလဲမှုကို လှုံဆော်ပေးလိုက်လေသည်။
ရေကန်ထဲမှ ရေသူလေးက ရှန့်ခယ် ရောက်လာသည်ကို ခံစားမိပြီး ဖြည်းဖြည်းချင်း သူ့တွန့်ချိုးနေသည့် ခန္ဓာကို ဖြေလိုက်သည်။ သူက ရှန့်ခယ်ဆီ ကူးခတ်လာရင်း အသာလေး ငိုကြွေးလိုက်လေသည်။ လူသားများက ထိုအသံကို မကြားနိုင်သော်လည်း ရှန့်ခယ်ကတော့ ရှင်းရှင်းလင်းလင်း နားလည်နိုင်လေသည်။
သူက နာကျင်နေပြီး ရင်းနှီးသူဆီမှ နှစ်သိမ့်ပေးမှု လိုအပ်နေလေသည်။
ချစ်စရာကောင်းတဲ့ ရေသူပေါက်စလေးက ရုပ်ဆိုးဆိုး သတ္တဝါလေး အဖြစ်ပြောင်းလဲသွားသည်ကို မြင်ရတာ သူ့နှလုံးသားကို စုတ်ဆွဲပစ်သည့်အလား ခံစားနေရသည်။
ရှန့်ခယ်က သူ့ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ နှလုံးသားမှာ တင်းကျပ်လာမိသည်။
ထိုစဉ် သုတေသီ ခေါင်းဆောင် အသံ ထွက်ပေါ်လာကာ  " မယုံကြည်နိုင်စရာ ကောင်းလိုက်တာ ... ဒီအကောင်လေးက ပြန်လည်မျိုးပွားခြင်းကနေ ဖြစ်လာတာပဲ ... သူတို့တွေက အလိုက်သင့် ပြောင်းလဲနိုင်တာပဲ .... "
ခွေးကောင် .... မင်း ညီမသာ အလိုက်သင့်ပြောင်းခိုင်းလိုက် ...
ရှန့်ခယ်က ဆက်ကြည့်မနေနိုင်တော့ပေ။ သူက မြန်မြန် သွားလိုက်ပြီး သုတေသီနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး လက်သီးတစ်ချက် ပစ်ကျွေးလိုက်တော့သည်။
အားလုံးက ကြောင်အကြည့်နေမိသည်။ ရှန့်ခယ် သုတေသီကို ရိုက်လိုက်သည်မှာ ဘယ်လိုမှမျှော်မှန်းမထားသည့် ကိစ္စရပ် ဖြစ်လေသည်။ သူတို့ အသိပြန်ဝင်လာသည့်အချိန် သုတေသီခေါင်းဆောင်မှာ မြေပြင်ပေါ် နာကျင်စွာ လူးလိမ့်နေ၏။
ရှန့်ခယ်က သူ့ကို တစ်ချက်မှ မကြည့်ဘဲ ရေကန်ထဲမှ ရေသူငယ်လေးကို အသာ ကောက်ယူလိုက်သည်။
" မင်းကများ ..." သုတေသီခေါင်းဆောင်က ထလာကာ နောက်တွင်လည်း သူ့သုတေသီအဖွဲ့ ရှိနေသေး၏။ သူက စတင်၍ ကျိန်ဆဲတော့သည် " ရေသူလေးကို ချထားပြီးတော့ ထွက်သွားစမ်း .... အခုချက်ချင်း သုတေသနအခန်းထဲက ထွက်သွားစမ်း .... "
ရှန့်ခယ်က လုံးဝမကြားသည့်ဟန်ဖြင့် ရေသူငယ်လေးနှင့်အတူ ထွက်သွားလိုက်သည်။
" ဘာရပ်လုပ်နေတာလဲ . မြန်မြန် သူ့ကို မောင်းထုတ်လိုက်ကြစမ်း " သုတေသီခေါင်းဆောင်က အော်ပြောလိုက်သည်။
တစ်ယောက်က ဖြောင့်ဖြဟန် ပြောလိုက်သည် " ဆရာ .... သူက ဒါရိုက်တာချင်ရဲ့ လူလေ ... "
" သူ့နောက်ခံကို ငါက ဂရုစိုက်နေရဦးမှာလား " သုတေသီ ခေါင်းဆောင်က ဒေါသတကြီး ဖြစ်လာကာ " ငါ့သုတေသန အခန်းက သူ့ကို သည်းခံနေမှာ မဟုတ်ဘူး .... "
သုတေသီတချို့က ရှန့်ခယ်ဆီ သွားလိုက်ပြီး အသာအယာ ပြောလိုက်သည်  " ဟိုင်ယန် .... မင်း ဒီနေ့တော့ အိမ်ပြန်သင့်ပြီ။ ခေါင်းဆောင် စိတ်ပြေသွားတဲ့အချိန်မှ ဒါရိုက်တာချင်ကို တစ်ခုခု ပြောခိုင်းလိုက်ပါ့လား ... "
" ကျတော်ကို ထွက်သွားစေချင်တာက အဆင်ပြေတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်ကိုပါ ခေါ်သွားမယ် .." ရှန့်ခယ်က မြောင်မြောင်ကို ရေထဲချလိုက်ပြီး သူ့ခန္ဓာကိုယ်လေးကို ပွတ်သပ်လေးနေမိသည်။ မြောင်မြောင်က သူ့လက်ကို ပြန်လည်ပွတ်သပ်နေပြီး သူ့မျက်နှာမှာ စိတ်အေးသွားသည့်ပုံ ပေါ်နေ၏။
" မဖြစ်နိုင်တာ မင်းလည်း သိပါတယ် " သုတေသီ တစ်ယောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" မင်းတို့ကောင်တွေ ဘာတွေ လေပေါနေတာတုန်း ... " သုတေသီခေါင်းဆောင်က ထပ်ပြောလိုက်သည် " မြန်မြန် သူ့ကို မောင်းထုတ်လိုက် ... မွေးမြူရေးသမား တစ်ယောက်ကများ ချင်ယွန် အိပ်ယာထဲ ရောက်သွားလို့ ဒီနေရာကို ရောက်လာတာကို .... ငါ့ရှေ့ လာလက်သရမ်းရဲနေတယ် ... "
ရှန့်ခယ်က ပြန်မကြည့်ပေ။ အေးစက်စက်၊ စူးရှရှအလင်းတစ်ချက်က သူ့မျက်လုံးအကျဉ်းကျဉ်းတွင် ဖြတ်ပြေးသွားလေ၏။
" တကယ်လို့ မင်းကိုယ်မင်း အရှက်မရချင်ရင် မင်းနေရာ မင်းသိပြီး ငါ့မျက်စိရှေ့က ထွက်သွားစမ်း ... မဟုတ်ရင် ငါ့ကို လာအပြစ်မတင်နဲ့ ... " သုတေသီခေါင်းဆောင်က ချင်ယွန်ကို အစကတည်းမှ သဘောမကျပေ။ ထို့အပြင် သူက သူ့လူများရှေ့ အရိုက်နှက်ခံလိုက်ရသည် မဟုတ်ပါလော။
" ကျတော် ပြောထားပြီးသွားပဲ ... ကျတော်ကို ထွက်သွားစေချင်ရင် ဒီရေသူလေး နှစ်ယောက်ကိုပါ ယူသွားမယ် " ရှန့်ခယ်က ထပ်ပြောလိုက်သည်။
" မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ ..." သုတေသီခေါင်းဆောင်က လက်ညိုးငေါက်ငေါက်ထိုးပြီး ကျိန်ဆဲလိုက်သည် "ရေသူလေးက နိုင်ငံ့အတွက် အရေးကြီးဆုံး အရင်းအမြစ်ပဲ ... ဆံချည်တစ်မျှင်တောင် ယူသွားဖို့စိတ်မကူးနဲ့ ... "
" ဘာတွေ လုပ်နေတာလဲ " နှစ်ဦးသား အပြိုင်အဆိုင် ပြောဆိုနေကြစဉ် ချင်ယန်က အခန်းထဲ ဝင်လာလေသည်။ အားလုံးက ရှန့်ခယ်ကို ဝိုင်းရံထားသည်ကို မြင်၍ သူ့အကြည့်မှာ ရေခဲတမျှ အေးစက်သွားလေသည်။
အားလုံးက မသိမသာ နောက်တစ်လှမ်း ဆုတ်လိုက်ကြတော့သည်။
ချင်ယန်က ရှန့်ခယ်ဘေး ရောက်လာပြီး မေးခွန်းထုတ်သည့် အကြည့်ဖြင့် တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်သည်။
ရှန့်ခယ်က ပုံပန်းသဏ္ဌာန်ပျက်နေသည့် ရေသူလေးကို မြှောက်ပြလိုက်ပြီး အေးစက်စက် ပြောလိုက်တော့သည် " အံ့ဩဖို့ ကောင်းတဲ့ စမ်းသပ်မှုကို ကြည့်ပါဦး ... ဩချရလောက်တဲ့ သုတေသီခေါင်းဆောင် လက်ချက်တဲ့လေ ... "
ချင်ယွန်က ရေသူလေး သွင်ပြင်ကို ကြည့်လိုက်ကာ တုန်လှုပ်မိသွားသည်။
သုတေသီခေါင်းဆောင်က အခုဝင်ပြောလိုက်သည် " ဒီစမ်းသပ်မှု ရလဒ်တွေက အလွန်အဖိုးတန်တယ်။ ရေသူမျိုးစိတ်က အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကို ပိုင်ဆိုင်ထားကြတယ်။ ပတ်ဝန်းကျင်အခြေအနေ မတူတာပေါ် .... "
သူက ထိုထိ ပြောလိုက်ပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ အတွေးတစ်ခု ပေါ်လာလေသည်။ ရေသူမျိုးစိတ်မှာ လင်းပိုင်ဆီမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည့်အတွက် တခြားနည်းဖြင့်ဆိုရလျှင် ထိုစွမ်းရည် အမှန်အကန် ပိုင်ဆိုင်သည့် မျိုးစိတ်မှာ ရေသူမျိုးနွယ် မဟုတ်ဘဲ လင်းပိုင်သာ ဖြစ်ပေသည်။
သုတေသီခေါင်းဆောင်၏ မျက်လုံးများက လင်းလက်လာပြီး ခေါင်းထဲတွင် အတွေးများ ရောက်ယက်ခတ်နေလေ၏။
ချင်ယွန်က သုတေသီခေါင်းဆောင်ကို မျက်မှောင်ကျုတ်ကြည့်လိုက်ပြီး အားလုံးကို အမိန့်ပေးလိုက်သည် " ဒီနေ့အတွက် စမ်းသပ်မှုအားလုံးကို ဖျက်သိမ်းလိုက်တော့။ အားလုံး အခု နားလို့ရပြီ။ နက်ဖြန်မှ ပြန်လာခဲ့ကြတော့ ... "
သူတို့က သုတေသီခေါင်းဆောင်အမိန့်ကို စောင့်နေသော်လည်း ခေါင်းဆောင်မှာ အတွေးထဲ နစ်မြောနေဆဲ ဖြစ်သည်။
အားလုံးက ထိုအရာကို မြင်လိုက်ပြီးနောက် ထွက်သွားကြတော့သည်။ သုတေသီခေါင်းဆောင်လည်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အားလုံးနှင့်အတူ ထွက်သွားလေသည်။
ရှန့်ခယ်က အားလုံးထွက်သွားမှန်း သေချာပြီးနောက် ချင်ယွန်ကို ပြောလိုက်သည် " ဒီအသေးလေးတွေကို နောက်ထပ် မနာကျင်ပါစေနဲ့တော့ "
" သူကို အထက်က ချပေးထားတာလေ။ အခု သူ့ကို ဘာမှ လုပ်လို့ မရသေးဘူး " ချင်ယွန်က သူ့ကို နှစ်သိမ့်ပေးလိုက်ပြီး " စိတ်မပူပါနဲ့ ... အထက်ကို ပြောပြီးတော့ သုတေသီခေါင်းဆောင်အသစ် လဲခိုင်းလိုက်ပါ့မယ် ... "
ရှန့်ခယ်က သူ့လက်ထဲမှ ရေသူလေးဆီ ငုံ့လိုက်ရင်း " အဲဒီမတိုင်ခင် အခု သူတို့ကို ခေါ်ထုတ်သွားတော့မယ် ... "
ချင်ယွန်က သေချာတွေးတောကာ ခေါင်းညိတ်ပြလိုက်သည် " သူ့ကို လှိုင်းလုံးလေးနဲ့ ထားထားလိုက်လေ။ သူတို့ကို ရေနိမ့်ပိုင်းထဲ ထားထားမှာဆိုတော့ အခြားပင်လယ်သတ္တဝါတွေ လာရန်စနိုင်မှာ မဟုတ်ပါဘူး ... "
ထို့နောက် ရေသူလေးနှစ်ကောင်ကို ရှန့်ခယ်က လှိုင်းလုံးလေးရှိရာဆီ ခေါ်သွားလိုက်တော့သည်။
ပတ်ဝန်းကျင်အသစ်တွင် နေရာချထားလိုက်သည့်အခါ ရေသူလေး နှစ်ယောက်က စိတ်လှုပ်ရှားလာပြီး ရှန့်ခယ်အနားမှ ထွက်သွားဖို့ရာ ငြင်းဆန်နေကြသည်။
" လှိုင်းလုံးလေး ... ဒါက မင်းရဲ့ နောက်မျိုးဆက်အသစ်လေးတွေနော် .. အနိုင်မကျင့်ရဘူးနော် .." ရှန့်ခယ်က လှိုင်းလုံးလေးကို သေချာသတိပေးလိုက်သည်။
လှိုင်းလုံးလေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်ပြီး ကလေးအသေးလေးတွေကို ကြည့်လိုက်တော့သည်။ ရေသူလေးနှစ်ကောင်က သူ့ကို မကြောက်သလို သူ့ဆီ ချည်းကပ်လာသေး၏။
လှိုင်းလုံးလေး၏ နှာချေသံကြောင့် ရေသူလေးမှာ လန့်ဖြတ်သွားပြီး ရှ့န်ခယ်နောက် ပြန်ဝင်ပုန်းလိုက်လေသည်။
ရှန့်ခယ်က ထိုမြင်ကွင်းကို သဘောကျစွာ ကြည့်နေမိပြီး ဘေးနားမှ သူတို့ကို အားပေးနေသည်။
သူတို့ ပြဿနာမဖြစ်စေရန် ရှန့်ခယ်က လင်းပိုင်အဖြစ် ပြန်ပြောင်းပြီး နေ့နေ့ညည စောင့်ရှောက်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူက မြောင်မြောင်ကိုလည်း နဂိုမူလ ပုံစံပြန်ရအောင် ကူညီပေးရမည်။
ရှန့်ခယ်က သုတေသီခေါင်း‌ဆောင်မှာ ပြဿနာ ထပ်ရှာလိမ့်မည်ဟု တွေးထားသော်လည်း လုံးဝပေါ်မလာသည့်အတွက် အေးအေးဆေးဆေး နေခွင့်ရနေသည်။ မြောင်မြောင်က သူ့နဂိုမူလပုံစံ ပြန်ရရန် တစ်ဝက်လောက် လိုတော့သည့်အချိန် သုတေသီအဖွဲ့ချုပ်က သတင်းပို့လိုက်သည်။
သူတို့က သုတေသီခေါင်းဆောင်အသစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဖြစ်သည်။ ပရောဂျက်ကိုတော့ လုံးဝ လျို့ဝှက်ထားပြီး သုတေသီခေါင်းဆောင်ကိုသာ တိုက်ရိုက် ထိန်းသိမ်းခွင့် ပေးထားလိုက်တော့သည်။ လုပ်ပိုင်ခွင့်ရှိသည့် သုတေသီတချို့သာ သိကြလေသည်။ သုတေသီခေါင်းဆောင် သဘောမတူသရွေ့ ချင်ယွန်ပင် မသိနိုင်တော့ချေ။
ရှန့်ခယ်က တစ်ခုခု ဆိုးရွားတာ ဖြစ်ပျက်လာတော့မည်မှန်း ခံစားနေရသော်လည်း ဘာမှန်းတော့ မသိပေ။ သူက သတိကြီးကြီးထား၍ ရေသူလေးများကို သေချာကာကွယ်ပေးလိုက်တော့သည်။
သို့သော်လည်း သူမျှော်လင့်မထားသည်က ဤတစ်ကြိမ် အန္တရာယ်ထဲ ကျရောက်သည့်သူမှာ ရေသူလေး နှစ်ယောက် မဟုတ်ဘဲ လင်းပိုင် ဖြစ်သည့် သူကိုယ်တိုင် ဖြစ်နေသည်။
ရှန့်ခယ်က ရေသူလေးများ အိပ်သည့်အထိ စောင့်ဆိုင်းနေပြီးနောက် ကင်မရာများကို ရှောင်ရှားကာ လူအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ချင်ယွန်ကို ညစာအတွက် သွားရှာလိုက်ပြီး ရေသူလေးများကို လှိုင်းလုံးလေး၏ ကာကွယ်ပေးမှုအောက်တွင် ခဏအပ်ခဲ့လေသည်။
သူ မသိလိုက်သည်က သူ့ပြောင်းလဲမှု ဖြစ်စဉ်တစ်ခုလုံးကို လျို့ဝှက်ကင်မရာ တစ်လုံးက အစအဆုံး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
နောက်ဆုံး စမ်းသပ်မှု လုပ်စဉ်ကတည်းမှ သုတေသီ‌ခေါင်းဆောင်သည် လင်းပိုင်၏ မျိုးစိတ် ဆင့်ကဲပြောင်းလဲလာခြင်းက သူထင်ထားသည့် ထက် သာလွန်နေမည် ဖြစ်ကြောင်း သိထားသည်။ သတ္တဝါ၏ မျိုးပွားနိုင်စွမ်းကို မြင့်တင်ပေးနိုင်ရုံသာမက မျိုးစိတ်အချင်းချင်း ပြန်လည်ပေါင်း၍ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် အမျိုးမျိုးသော သတ္တဝါဆန်းများအဖြစ်လည်း ပြောင်းလဲလို့ ရပေသည်။
ထိုစဉ်မှ စ၍ သူက မေးခွန်းတစ်ခု တွေးမိလာခြင်း ဖြစ်သည်။ မီးတောက်လေးမှာရော ပြောင်းလဲနိုင်စွမ်း အပြည့်အဝ ပိုင်ဆိုင်ထားပြီးပြီလား။ တကယ်လို့ သူသာ ပြောင်းနိုင်ရင် ဘယ်လိုအဖြစ် ပြောင်းလဲနေမှာလဲ။
များများနားလည်နိုင်ရန်အတွက် သုတေသီခေါင်းဆောင်က ရေအောက်အတွင်း လျို့ဝှက်ကင်မရာများစွာကို တပ်ဆင်ထားခဲ့သည်။ တစ်ရက်အကြာတွင် သူ့ကို အလွန်စိတ်လှုပ်ရှားသွားစေမည့် မြင်ကွင်း မှတ်တမ်းကို မြင်လိုက်ရသည်။
ကြည်လင်နေသည့် ပင်လယ်ရေထဲတွင် မီးတောက်လေးကို ငွေပိုးချည်များက အဖြူရောင်မြူများအဖြစ် ဖြည်းဖြည်းချင်း ဖုံးလွှမ်းထားလေသည်။ ဝါကွမ်းကဲ့သို့ သူတိုက သူ့ကို အထပ်ထပ်လွှမ်းခြုံထားကာ အဖြူရောင်အလုံးကြီး ဖြစ်သွားစေသည်။
စက္ကန့်ပိုင်းလေးအကြာတွင် ထိုအဖြူရောင်အလုံးကြီးက ပျောက်ကွယ်သွားကာ မြူများလည်း လျော့ပါးလာပြီး ထိုနေရာတွင် ကိုယ်လုံးတီး လူငယ်တစ်ယောက် ရှိနေသည်။ သူက ခေါင်းကို အနည်းငယ် စောင်းထားသည့်အတွက် သူ့ကြော့ရှင်းနေသည့် ဘေးဖက် ပုံရိပ်ကို ကင်မရာက ဖမ်းမိလိုက်သည်။ သူ့ကို ပိုအံ့ဩစေသည်က ထိုသူမှာ မကြာသေးခင်မှ အလုပ်ဝင်လာသည့် ဟိုင်ယန် ဖြစ်နေသည်။
" တကယ် သူလား " သုတေသီခေါင်းဆောင်က အစပိုင်း၌ ကြောင်နေမိပြီးနောက် မကြာခင်တွင် သူ့အမူအယာတွင် စိတ်လှုပ်ရှားမှုများက ကြီးစိုးသွားသည်။
မျိုးစိတ်အသစ် တွေ့ရှိမှုက အံ့အားသင့်စရာ မကောင်းသော်လည်း မျိုးစိတ်တစ်ခုက လူသားအဖြစ် ပြောင်းလဲနိုင်ခြင်းသည် တမျိုးတဖုံ ဖြစ်ပေ၏။
ထိုစဉ် ရေသူလေး နှစ်ယောက်မှာ သူ့အတွက် အရေးမပါတော့ပေ။ သူက မီးတောက်လေးကို သေချာစစ်ဆေးနိုင်ပြီး လေ့လာနိုင်ပါက သူက လူသားသမိုင်းတစ်လျောက်တွင် အထူးချွန်ဆုံး၊ အခမ်းနားဆုံး သိပ္ပံပညာရှင် ဖြစ်လာလိမ့်မည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now