စောစောစီးစီး အချစ်
"ဘာပြောတယ်။ တစ်စုံတစ်ယောက်က ငါ့ဇာတ်ကောင်ကို ခိုးသွားတာလား။" စုန့်ယွီသည် အေးဂျင့်၏အဖြေကို ကြားပြီးနောက် အမျက်ခြောင်းခြောင်း ထွက်သွားခဲ့သည်။ ဒါက လီကျောင်းဆိုရင် ထားပါတော့။ သူဘာမှ မပြောရဲဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ဇာတ်ကောင်ကိုလုဖို့ သတ္တိရှိတယ်ပေါ့။ သူလက်တုံ့ပြန်နိုင်တယ်ဆိုရင် သေချာပေါက် လက်တုံ့ပြန်မယ်။
"ဘယ်သူလဲ။ ဘယ်သူခိုးတာတဲ့လဲ။" စုန့်ယွီက သူ့အသံကို ဗီလာတစ်ခုလုံး ကြားနိုင်လောက်အောင် ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့သည်။
"ဒရာမာဘက်ကတော့ ဒါကို ထုတ်ပြောဖို့ ဆန္ဒမရှိဘူး။ သူတို့က သင့်တော်တဲ့လူတစ်ယောက် ရှာတွေ့ခဲ့တယ်လို့ပဲ ပြောတယ်။" ရိုက်ကူးရေးအဖွဲ့က ဒုတိယမျိုးဆက်သူဌေးသား စုန့်ယွီအား မင်းသားမည်သူမည်ဝါဖြစ်ကြောင်း သိခွင့်မပြုဝံ့ဟု အေးဂျင့်က သံသယဝင်မိ၏။ စုန့်ယွီ၏ ခွေးဒေါသကြောင့် တစ်ဖက်လူက ကောင်းမွန်သည့်အသီးအနှံကို မစားနိုင်တော့သည်မှာ သေချာပေသည်။
"ရိုက်ကူးရေးအဖွဲ့မှာ လူတွေအများကြီးရှိပြီးတော့ ပါးစပ်ဖွာတဲ့သူတစ်ယောက် အမြဲတမ်း ရှိတယ်။" စုန့်ယွီက အေးစက်စက် သရော်လိုက်သည်။ "ငွေအလုံအလောက် သုံးနေသရွေ့ ငါရှာတွေ့နိုင်တယ်။"
စုန့်ယွီ ပြောသည်မှာ မှန်ကန်လှ၏။ ပိုက်ဆံသုံးရန် ဆန္ဒရှိနေသရွေ့ ထိုသို့သတင်းမျိုးကို စုံစမ်းမေးမြန်းရန် လွယ်ကူပါသည်။ သူတို့သည် မကြာမီပင် ဇာတ်ကောင်အား ခိုးယူသွားသည့်လူကို ရှာဖွေတွေ့ရှိခဲ့သည်။
"ရှုပေ..." စုန့်ယွီသည် ဤအမည်ကို အထင်ကြီးခြင်းမရှိခဲ့ချေ။ "အရှေ့နဲ့တောင်က သူ့မိသားစုကို အပြစ်ပြုနိုင်တယ်။ ဘာလို့ မြောက်ဘက် ဖြစ်နေရတာလဲ။"
(ရှုပေရဲ့ နာမည်မှာ ပေ/ပိန် က မြောက်ဘက်လို့အဓိပ္ပါယ်ရပါတယ်။ ပိန်က အသံထွက်ပိုနီးစပ်ပါတယ်။ ဒါပေမဲ့ ရှုပိန်ဆိုတာကြီးက ဖတ်ရတာတစ်မျိုးကြီးဖြစ်နေလို့ပါ။ ဘယ်လိုရေးတာ ပိုကောင်းမလဲဆိုတာ အကြံပေးကြပါဦးရှင့်။)
"အရင်တုန်းကတော့ ပွဲဦးထွက်ရှိုးတစ်ခုက အရမ်းနာမည်ကြီးခဲ့တယ်။ ရှုပေက အဲဒီအစီအစဉ်ကနေ လာတာပါ။"
"သူက အနိုင်ရတဲ့သူလား။"
အေးဂျင့်က ခဏလောက် ငြိမ်သွားသည်။ "မဟုတ်ပါဘူး၊ သူက အဆင့်တစ်ဆယ် နေရာမှာပဲရှိတာ။"
"ရှိုးပွဲမှာ ပွဲဦးထွက်တဲ့လူ ဘယ်နှစ်ယောက်ရှိလဲ။"
အေးဂျင့်က အကြာကြီး တိတ်ဆိတ်သွားခဲ့၏။ "ကိုးယောက်။"
"ပြိုင်ပွဲတစ်ခုမှာ နောက်ကောက်ကျကျန်ခဲ့တဲ့ ဒီလိုလူမျိုးက ငါ့ရဲ့ဇာတ်ကောင်ကို ခိုးရဲတယ်။ ချက်ချင်းသွားပြီးတော့ ငါ့အတွက် ပြန်လုခဲ့ပေး။" ထိုလူကို အနိုင်ကျင့်၍ ရနိုင်ကြောင်း အတည်ပြုပြီးနောက် စုန့်ယွီသည် ရုတ်တရက် အရှိန်တက်လာခဲ့သည်။
"ဒါပေမဲ့၊ ရှုပေက ဇီကျားအင်တာတိန်းမန့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုပြီး ကျွန်တော် ကြားခဲ့တယ်။ မသေမျိုးလေး ကျွန်တော့်ချစ်သူက ဇီကျားအင်တာတိန်းမန့်ရဲ့ ရင်းနှီးမြုပ်နှံမှုကို လက်ခံပြီး သူတို့က ရှုပေကို ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာ။"
"လတ်စသတ်တော့ ရိုက်ကူးရေးအဖွဲ့ဆီ ပိုက်ဆံထိုးကျွေးလိုက်တာကိုး။" ဇီကျားအင်တာတိန်းမန့်သည် စတော်ဘယ်ရီအင်တာတိန်းမန့် ပြီးနောက် ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်၏။ စတော်ဘယ်ရီအင်တာတိန်းမန့်က ကိုင်တွယ်ဖြေရှင်းရန် တတ်နိုင်သော်လည်း စုန့်ယွီ၏မိသားစုအင်အားနှင့်ဆိုပါက ... သူတို့ကို စော်ကားရန် မတတ်နိုင်ပေ။
"မေ့လိုက်တော့၊ ဒီလိုမျိုး ပိုက်ဆံလက်ခံတဲ့ ရိုက်ကူးရေးအဖွဲ့နဲ့ ဘာမှ မပတ်သက်ချင်ဘူး။"
အေးဂျင့် "......"
သူကရော ရိုက်ကူးရေးအဖွဲ့ဆီ ပိုက်ဆံထိုးကျွေးရတာကို မကြိုက်လို့လား။ တစ်ခြားလူကို ဘယ်လိုလုပ် ကဲ့ရဲ့နိုင်တာလဲ။
လီကျောင်းသည် မသေမျိုးလေးကျွန်တော့်ချစ်သူ၏ သရုပ်ဆောင်ပိုင်းနှင့်ပတ်သက်၍ တစ်ခုမှ မသိခဲ့ပေ။ နှစ်သစ်၏သုံးရက်မြောက်နေ့ နံနက်အစောပိုင်းတွင် သူသည် ရှုတင်မစမီ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ချန်ရှီးနာရီ၏ ဌာနချုပ်သို့ အပြေးအလွှား သွားခဲ့သည်။
ချန်ရှီးနာရီ၏ဌာနမန်နေဂျာက သူ့အား စိတ်အားထက်သန်စွာ လက်ခံပြီး နာရီစုဆောင်းထားရှိသည့်အခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ စုဆောင်းမှုအခန်းသည် ချန်ရှီးအမှတ်တံဆိပ်ကို စတင်တည်ထောင်ချိန်မှစ၍ ခေါင်းဆောင်ဒီဇိုင်နာများ၏ အကောင်းဆုံးလက်ရာများဖြင့် ပြည့်နှက်နေခဲ့၏။ လီကျောင်းသည် နာရီအကြောင်း နားမလည်သည့် လူပြိန်းတစ်ယောက် ဖြစ်သော်လည်း ထိုသီးသန့်နာရီများ၏ အလှကို ခံစားမိဆဲပင်။
နှစ်ပတ်လည်တွေ့ဆုံပွဲအတွက် သူ့အား ထောက်ပံ့ပေးခဲ့သော နာရီကို အထူးသီးသန့်မှန်ဗီရိုထဲတွင် ထည့်ထားသည်ကိုလည်း သူ သတိပြုမိခဲ့သည်။ မှန်ဗီရိုအထက် နံရံတွင် ချီဖောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို ချိတ်ဆွဲထား၏။ သူမမျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ရှိပြီး ကျက်သရေတင့်ကာ နှစ်လိုဖွယ်ကောင်းလှသည်။ လီကျောင်းသည် အကြိမ်အနည်းငယ်မျှ ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
"ဒါက ချန်ရှီးနာရီရဲ့တည်ထောင်သူ မစ္စရှုပါ။" မန်နေဂျာသည် လီကျောင်းက တည်ထောင်သူအပေါ် စိတ်ဝင်စားနေသည်ကို တွေ့သဖြင့် မိတ်ဆက်ပေးလိုက်သည်။ "မစ္စရှုက လုံးဝလက်မထပ်ခဲ့ဘူး။ ဒါပေမဲ့ သူမက အရမ်းထက်မြက်ပြီး ပိုးပန်းတဲ့သူတွေ အများကြီး ရှိခဲ့တယ်။"
မန်နေဂျာ၏အသံသည် မပြောအပ်သည့်အရာတစ်ခုခုကို ထုတ်ဖော်မိမည်ကို စိုးရွံ့သည့်အလား ရပ်တန့်သွားခဲ့သည်။ သူက ပြုံးကာ အကြောင်းအရာခေါင်းစဉ်ကို ပြောင်းလိုက်၏။ "မစ္စတာလီ၊ ဒီစုဆောင်းမှုအခန်းထဲမှာ မစ္စရှုရဲ့လက်ရာတွေ အများကြီးရှိတယ်။ အကယ်၍ မင်းကြိုက်တယ်ဆိုရင် နည်းနည်းလောက် ယူသွားနိုင်ပါတယ်။"
လီကျောင်းက အလျင်စလိုငြင်းလိုက်၏။ စုဆောင်းမှုအခန်းထဲမှ တစ်ခုခုကို ယူသွားရလောက်အောင် အရေပြားထူနေပါက အလွန် စည်းမစောင့်ရာကျသွားပေလိမ့်မည်။ သို့သော် မစ္စရှု၏ဓါတ်ပုံကို သူကြည့်လေလေ၊ ရင်းနှီးသည့်ခံစားချက်ကို ရလေလေ ဖြစ်နေခဲ့သည်။ သူမ၏မျက်ခုံးပုံစံကို တစ်နေရာရာတွင် ဖြစ်ဖူးသည်ဟု သူအမြဲခံစားမိနေ၏။ ဘယ်နေရာမှာပါလိမ့်။ ဒီလို ကြော့ရှင်းပြီး ထူးချွန်တဲ့ အမျိုးသမီးကို မြင်ဖူးရင် သူမေ့ဖို့ မဖြစ်နိုင်ပါဘူး။ သူမကို မမြင်ဖူးရင် သူဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ။
ကြော်ငြာကော်ရစ်ဒါတွင် ချန်ရှီးနာရီ ပြောရေးဆိုခွင့်ရှိသူများ၏ ဓာတ်ပုံများကို ချိတ်ဆွဲပြသထားသည်။ ပထမဆုံးပုံအနည်းငယ်မှာ လွန်ခဲ့သည့် ရာစုနှစ်အစပိုင်းတွင် အလွန်ကျော်ကြားခဲ့သော သရုပ်ဆောင်များ၏ဓါတ်ပုံများ ဖြစ်၏။ ဓာတ်ပုံအားလုံးကိုကြည့်ပြီးသောအခါ လီကျောင်းသည် အချိန်ခရီးသွားလိုက်ရသကဲ့သို့ အချိန်ကာလအလိုက် ချန်ရှီးနာရီ၏တောက်ပမှုကို တွေ့မြင်ခဲ့ရသည်။
စတူဒီယိုသို့ ရောက်သည့်နှင့် စတိုင်လစ်က သူ့ကို ပြင်ဆင်ပေးပြီး စတင်၍ ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
လီကျောင်းသည် ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် မဟုတ်ပေ။ ဓါတ်ပုံနှင့်ပတ်သတ်သည့် သူ၏အတွေ့အကြုံအားလုံးမှာ စတော်ဘယ်ရီ အင်တာတိန်းမန့်တွင် ပါဝင်ပြီးနောက် သင်ကြားခဲ့ရသည့် သာမန်အသိအမြင်မျှသာ ဖြစ်၏။ အစပိုင်းတွင် သူက တောင့်တင်းနေသော်လည်း ဓါတ်ပုံဆရာက လွန်စွာစိတ်ရှည်လှသည်။ ဓါတ်ပုံဆရာ၏စိတ်ရှည်သည်းခံမှု မြင့်မားလှသဖြင့် သူသည် တန်ဖိုးကြီးအနုပညာဓါတ်ပုံများ ရိုက်ကူးနေရသည်ဟု သင်္ကာမကင်းဖြစ်မိ၏။
"ဟုတ်ပြီ ဒီခံစားချက်မျိုးပဲ။ နောက်တစ်မျိုး ရိုက်ရအောင်။"
"မင်းက ဒီကမ္ဘာရဲ့ အရှင်သခင်၊ ဘုရင်ဖြစ်တယ်လို့ စိတ်ကူးကြည့်လိုက်။" ဓာတ်ပုံဆရာက ပိုရိုက်မိလေလေ၊ ပိုပျော်လာလေလေပင်။ "ဟုတ်ပြီ၊ မှန်တယ်၊ ကောင်းတယ်။"
ညအချိန် ရောက်ရှိလာပြီး လီကျောင်းသည် နောက်ဆုံးတွင် ဓာတ်ပုံများ ရိုက်ကူးပြီးစီးသွားပြီဖြစ်သည်။ သူသည် တစ်နေ့တာလုံး မိတ်ကပ်ပြောင်းလိုက်၊ အဝတ်အစားဆယ်နှစ်ခါလောက် လဲလိုက်နှင့် ရှုတင်အစီအစဉ်မှာလည်း ထပ်ခါထပ်ခါ ပြောင်းလဲနေခဲ့၏။ အရေးအကြီးဆုံးအရာမှာ သူသည် ရလဒ်ကောင်းအောင် နည်းနည်းလေးသာ စားသောက်ခဲ့သည်။
သူ ဗိုက်ဆာလွန်းသဖြင့် စိတ်ဂယောင်ချောက်ချားဖြစ်သွားသည်။ ၎င်းက သူရှစ်နှစ်သားအရွယ်၌ မြေအောက်ခန်းထဲတွင် ပိတ်လှောင်ခံထားရသည့်အချိန်ကို အမှတ်ရသွားစေ၏။ သူ ဗိုက်ဆာပြီး မူးနောက်နောက်ဖြစ်လာသဖြင့် နောက်ဆုံးတွင် သူ့လက်သည်းများကို ကိုက်ဝါးနေခဲ့သည်။
"ကျောင်းကျောင်း..." လီကျောင်း၏ အခြေအနေမှာ အနည်းငယ် မှားယွင်းနေကြောင်း တခယ်က သတိပြုမိလိုက်ပြီး သွေးတွင်းသကြားဓာတ်နည်းသည်ဟု ထင်ကာ အိတ်ကပ်ထဲမှ ချောကလက်ကို ထုတ်ယူလိုက်သည်။ "အရင်ဆုံး အင်အားနည်းနည်းရအောင် စားသင့်တယ်။"
လီကျောင်းက ချောကလက်ကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။
"ကျောင်းကျောင်း၊ မင်း ကယ်လိုရီများလွန်းတဲ့ အရာတွေကို အများကြီး စားလို့မရဘူး။" တခယ်သည် လီကျောင်းနှင့် လအနည်းငယ်ကြာအောင် နေထိုင်ခဲ့ပြီး လီကျောင်းက ကြောက်စရာကောင်အောင် စားသောက်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ တစ်ခဏမျှ မတုံ့ပြန်နိုင် ဖြစ်သွားသည်။
ချိုမြိန်သည့်ချောကလက်က သူ့ဆာလောင်မှုကို မသက်သာစေပေ။ လီကျောင်းက ရေဘူးကိုဖွင့်ကာ အကုန်လုံးနီးပါးကို တစ်ခါတည်း မော့ချလိုက်၏။ ထို့နောက် စိုးရိမ်နေသည့် တခယ်အား "ပြန်ကြရအောင်။" ဟု ပြောလိုက်သည်။
သူ ထင်းထင်းဆီ ပြန်သွားပြီး စားဖို့လိုနေပြီ။ သူ၏ဆာလောင်နေသည့်ဝမ်းဗိုက်ကို အုပ်ထားရင်း လီကျောင်းသည် မြေအောက်ကားရပ်နားရာနေရာသို့ သွားပြီး တခယ် ကားသွားယူနေစဉ် တိုင်ကို မှီနေခဲ့သည်။ အနက်ရောင်ကားတစ်စီးက သူ့ရှေ့တွင် ရပ်တန့်သွား၏။ ကားပြတင်းက ဖြည်းညင်းစွာ ကျဆင်းလာပြီး ရန်ထင်း၏မျက်နှာကို ထုတ်ဖော်ပြသလာခဲ့သည်။
"ထင်းထင်းလား။"
"ကားပေါ်တက်လေ။"
လီကျောင်းက တံခါးဖွင့်ကာ အထဲဝင်လိုက်ပြီး သေလုမျောပါးအမူအရာဖြင့် ခေါင်းကို ထိုင်ခုံပေါ် မှီထားခဲ့သည်။
"ဒါက မင်းအတွက်။" ကိတ်မုန့်ရနံ့သည် လီကျောင်း ရှေ့တွင် လှုပ်ယမ်းသွားပြီး သူ၏စိတ်ဝိညာဉ်ထဲတွင် အော်ဟစ်နေခဲ့၏။ "ငါ့ကိုစားပါ။ ငါ့ကို မြန်မြန်စားလိုက်တော့။"
ဒီလိုသွေးဆောင်မှုကို ဘယ်သူက ခုခံနိုင်မှာလဲ။ လီကျောင်းက ပါးစပ်ဟပြီး ကိုက်လိုက်သည်နှင့် ချက်ခြင်း ကိတ်မုန့်တစ်ဝက် ကုန်သွားခဲ့သည်။ သူက ရန်ထင်းထံမှ ကိတ်မုန့်ကို ယူကာ နှစ်လုပ်သုံးလုပ်နှင့် အပြောင်ရှင်းလိုက်၏။ "တစ်ခြားတစ်ခုခုရှိသေးလား။"
"အင်း။"
လတ်လတ်ဆတ်ဆတ်ကိတ်မုန့်နဲ့ နို့နွေးနွေးလေးတစ်ခွက်။
"နောက်ဆုံးတော့ အသက်ပြန်ရှင်လာခဲ့ပြီ။" လီကျောင်းသည် နောက်ဆုံးတွင် တည်ငြိမ်မှုမရမီ ကိတ်မုန့်အသေးလေးသုံးလုံးကို စားခဲ့သည်။ "ထင်းထင်း ငါမစားရသေးဘူးဆိုတာ မင်းဘယ်လိုလုပ် သိတာလဲ။"
"ငါ မသိပါဘူး။" သူက လက်ကိုင်ပုဝါအသန့်ကို ယူကာ လီကျောင်း၏လက်ဖဝါးထဲ ထည့်လိုက်၏။ "ငါ မီးဖိုချောင်ကနေ ယူလာခဲ့ရုံပဲ။"
"ထင်းထင်း၊ မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးညီအစ်ကိုပဲ။" လီကျောင်းက သူ့ပါးစပ်ထောင့်ကို သုတ်ကာ ရန်ထင်းကို ပွေ့ဖက်လိုက်ပြီး ကျောကုန်းကို လက်နှင့် ပုတ်လိုက်သည်။ "မင်းမလာဘူးဆိုရင် ငါ ဒီည ကားထိုင်ခုံ ကူရှင်ကို ကိုက်ဝါးမိလိမ့်မယ်။"
နွေးထွေးလှ၏။ လီကျောင်း၏ ထူးခြားသောလေထုသည် ပွေ့ဖက်မှုများနှင့် ပြည့်နှက်လျက် ရှိသည်။ လေထုထဲတွင်လည်း ကိတ်မုန့်၏ မွှေးရနံ့များဖြင့် ပြည့်နေခဲ့သည်။ ရန်ထင်းက သူ့လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။ လီကျောင်း၏နောက်ကျောကိုထိတော့မည့်အခိုက်အတန့်တွင် လီကျောင်း၏ဖုန်း မြည်လာခဲ့သည်။
"ကျောင်းကျောင်း မင်းဘယ်မှာလဲ။" ဖုန်းထဲမှ တခယ်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ငါ့သူငယ်ချင်းက ငါ့ကို လာကြိုတာ။ မင်းငါ့ကိုမစောင့်ဘဲ ကားမောင်းပြန်လို့ရပြီ။" လီကျောင်းက ရန်ထင်းကို လွှတ်ပေးလိုက်ပြီး ရေခဲသေတ္တာထဲတွင် ဒိန်ချဉ်တစ်ပုလင်းတွေ့သောအခါ ရန်ထင်းကို ပေးလိုက်သည်။ ရန်ထင်းက အဖုံးဖွင့်ပြီး လီကျောင်းအား ပြန်ပေးလိုက်သည်။
လီကျောင်းက ပါးစပ်အပြည့် ဒိန်ချဉ်နှစ်ငုံ သောက်ပြီးနောက် ပါးစပ်ထောင့်ကို လျက်လိုက်၏။ "ကောင်းပါပြီ။ ငါ့ကို မနက်ဖြန် မနက် လာခေါ်ပေးပါ။"
"ငါက အဲဒီမှာ မနေပါဘူး။ ငါက သူငယ်ချင်းအိမ်ရဲ့ ဘေးကပ်ရပ်မှာ နေတာပါ။"
ဖုန်းချလိုက်သောအခါ လီကျောင်းသည် ရန်ထင်းက သူ၏ပါးစပ်ထောင့်အား စိုက်ကြည့်နေသည်ကို မြင်သဖြင့် ပါးစပ်နားရှိ ဒိန်ချဉ်များကို လက်ကိုင်ပုဝါနှင့် အမြန်သုတ်ပစ်လိုက်သည်။ သန့်ရှင်းမှုကို မြတ်နိုးသည့် သူငယ်ချင်းတစ်ယောက် ရှိသဖြင့် သူ့မှာ ကူကယ်ရာမဲ့ဖြစ်သွားခဲ့သည်။
ထိုအချိန်၌ လုရန်ရိ၏ပရိသတ်များသည် မကြာသေးမီရက်များအတွင်း အနည်းငယ်စိတ်မကောင်း ဖြစ်နေခဲ့ကြသည်။ သူတို့၏လုရန်ရိက သူတို့ ဆူပူခဲ့သည့် အနုပညာရှင်ကို ချီးကျူးလိုက်ခြင်းက သူတို့အား နှုတ်ဆိတ်သွားစေခဲ့၏။ ထို့နောက် သူတို့ ကဲ့ရဲ့ရှုတ်ချခဲ့သည့် အနုပညာရှင်က စိတ်အားထက်သန်သော မြို့သူမြို့သားတစ်ယောက်အဖြစ် သတင်းထုတ်လွှင့်မှုတွင် စက္ကန့်အနည်းငယ်ကြာ ပေါ်လာခဲ့သည်။
အစ်ကို့အတွက်ကြောင့် သူတို့သည် သူတို့၏ ခံစားချက်များကို ဝန်လေးစွာ ချုပ်တည်းထားခဲ့ကြသည်။ နာမည်ကြီးသတင်းများ ပျံ့နှံ့လာသည့်တိုင်အောင် သူတို့က ခြေလှမ်းများကို ထိန်းချုပ်ထားဆဲဖြစ်၏။ ထို့နောက် သူတို့သည် မနာလိုစိတ်ကြောင့် ဖရဲသီးစားသူအဖြစ် ပွဲကြည့်ခဲ့ကြသည်။
#မသေမျိုးလေးကျွန်တော့်ချစ်သူရဲ့ ဒါရိုက်တာက လီကျောင်းဟာ အမျိုးသားဇာတ်လိုက်ရဲ့ ဇာတ်ရုပ်နေရာနဲ့ မကိုက်ညီဘူးလို့ ပြောဆိုလိုက်ပါတယ်။#
#မသေမျိုးလေးကျွန်တော့်ချစ်သူရဲ့ ဒါရိုက်တာက လီကျောင်းကို မကျေနပ်တဲ့အတွက် ရှုပေကသာ သူ့နှလုံးသားထဲမှာ ပြီးပြည့်စုံတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်လို့ ပြောကြားခဲ့တယ်#
#သရုပ်ဆောင်ဖို့အတွက် ဝိတ်ချခဲ့တယ်၊ ရှုပေက အကောင်းဆုံးပဲ#
ပွဲကြည့်နေကြသည့် လုရန်ရိ၏ပရိသတ်များမှာ ၎င်းက တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိကြသည်။ ၎င်းက စာအုပ်ကြီးအတိုင်း သူများ၏ အောင်မြင်မှုကို ကပ်သုံးချင်နေခြင်းပင်။ ယခင်က မသေမျိုးလေးကျွန်တော့်ချစ်သူအတွက် အင်တာနက်မှတ်တမ်းတွင် လီကျောင်းကို အမျိုးသားဇာတ်လိုက်အဖြစ် သတ်မှတ်ခဲ့ပြီး မန့်ဟွာ့ပရိသတ်များက ကန့်ကွက်မှုများ၊ ထောက်ခံမှုများ ပြုလုပ်ခဲ့၏။ ရက်အနည်းငယ်ကြာပြီးနောက် ဒါရိုက်တာထွက်လာပြီး လီကျောင်းက ဇာတ်ရုပ်နှင့်မကိုက်ညီဟု ပြောခဲ့သည်။
ဒါက ဘာလဲ။ လီကျောင်းက ဒီဇာတ်ကားကို လက်ခံမယ်လို့ ပြောခဲ့လို့လား။ ဒါရိုက်တာက သူ့ဘာသာသူ ဒရမ်မာချိုးနေတာ။ ဒါရိုက်တာက ဒီလောက်သရုပ်ဆောင်ကောင်းနေမှတော့ မင်းသားအဖြစ် စင်ပေါ်ကို တိုက်ရိုက်တက်သွားသင့်တယ်။
ထိုပရိသတ်များသည် ဝင့်ကြွားမှုအပြည့်နှင့် အခြားသူများ၏ ခေါင်းပေါ်သို့ တက်လာကြသည်။ လုရန်ရိ၏ပရိသတ်များသည် အသိုင်အဝိုင်းအတွင်း အနိုင်ကျင့်မှုများ ရှိနိုင်သော်လည်း ထိုသို့ ရှက်ဖွယ်ကောင်းသော လုပ်ရပ်မျိုးကို မလုပ်ခဲ့ကြပေ။
အဓိက ဖိုရမ်များတွင် လီကျောင်းအကြောင်း ပို့စ်များ ပေါ်လာခဲ့သည်။
ဥပမာ- လီကျောင်းက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့် အမျိုးသမီးဥက္ကဋ္ဌရဲ့ ဖန်တီးသူကို အဆက်အသွယ်မလုပ်တဲ့အပေါ် လူတွေက ဘယ်လို ထင်မြင်ကြလဲ။
ဥပမာ- မင်းတို့က လီကျောင်းကို ဘယ်အချိန်ကတည်းက မုန်းတာလဲ။
ပန်းရောင်ပရိသတ်များ၏ တိုက်ရိုက်ဖျော်ဖြေမှုက အပုပ်ချသည့်ဘက်သို့ ကူးပြောင်းသွားသဖြင့် လွန်စွာ သက်ဝင်လှုပ်ရှားနေခဲ့သည်။
လုပရိသတ်များသည် ထိုဟာသပြဇာတ်ကို ကြည့်ပြီးနောက် လီပရိသတ်များအတွက် ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ အပုတ်ချရန်အတွက် ရေတပ်ကို သုံးနေသည်မှာ သိသာထင်ရှားလှပေသည်၊ လီပရိသတ်တွေက ဘာလို့ anti-black fan ဂရုတွေ တည်ထောင်ခဲ့တာလဲ။ လီကျောင်းမှာ ဘယ်လိုလုပ်ပြီး ဒီလိုပရိသတ်တွေ ရှိနေတာလဲ။
လီကျောင်းကို ချနင်းပြီး သူ့ကိုယ်သူ ဈေးကွက်တင်ဖို့ လုပ်တဲ့ ရှုပေဆိုတာ ဘယ်သူလဲ။ သူတို့က လီကျောင်းကို ဆူပူခဲ့ဖူးသော်လည်း လီကျောင်းသည် သူတို့၏အစ်ကိုက ပုံကြီးချဲ့ကာ ချီးကျူးစကားဆိုခဲ့သည့် တက်သစ်စတစ်ယောက် ဖြစ်၏။ ရှုပေမှာမူ လီကျောင်း၏ကျော်ကြားမှုကို ကပ်သုံးချင်သည့် ကြက်သွန်နီတစ်လုံးမျှသာ ဖြစ်သည်။
ထိုလူ၏ရေတပ်က လီကျောင်းကို ချနင်းလာသဖြင့် လုပရိသတ်၏မျက်လုံးများ အလွန်ဆိုးရွားသွားခဲ့သည်။ သူတို့အစ်ကို၏ဂုဏ်သိက္ခာကို စောင့်ရှောက်ရန် သူတို့တွင် တာဝန်ရှိပေ၏။ ထို့ကြောင့် သူတို့က ရှုပေ၏ပရိသတ်များကို ဦးစွာ ဖိနှိပ်ခဲ့သည်။
အခြားပရိသတ်များသည် အနိုင်မခံအရှုံးမပေးသည့် လုပရိတ်သတ်များက ရှုပေထံ ရုတ်တရက် ပြုံးတိုးလာသည်ကို မြင်ခဲ့ရသည်။ လုပရိသတ်များက #ရှုပေ၏သူများအောင်မြင်မှုကို ကပ်သုံးခြင်း# ဟူသော ခေါင်းစဉ်ကို နာမည်ကြီးအောင် လုပ်လိုက်သဖြင့် အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
လုပရိသတ်တွေနဲ့ လီပရိသတ်တွေက ဘယ်လိုလုပ် ဆက်ဆံရေးကောင်းတဲ့မိသားစုတွေ ဖြစ်လာတာလဲ။ ပရိသတ်များကို မဆိုထားနှင့်။ လီကျောင်း၏အဖွဲ့ပင်လျှင် အံ့သြသွားခဲ့သည်။ ထိုအခြေအနေက ဖျော်ဖြေရေးနယ်ပယ်တွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သည်။
"ကျောင်းကျောင်း..." ကျန်းရှောင်ယွမ်က အင်တာနက်ပေါ်တွင် လူအများစု၏ထင်မြင်ချက်ကို တွေ့ခဲ့ပြီး လီကျောင်းကို မေးလိုက်၏။ "လုပရိသတ်တွေဆီကို ဦးညွတ်ထားသေးလား။"
"အယူသည်းမနေပါနဲ့။" လီကျောင်းက သမ်းဝေလိုက်၏။ သူသည် ချန်ရှီးအတွက် ပြင်ပ ကြော်ငြာရိုက်ကူးရေး ပြီးဆုံးသွားသောကြောင့် နေ့ရက်ကောင်းတစ်ခုကို ပိုင်ဆိုင်ချင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ကြော်ငြာသည် ကြော့ရှင်းမှု၊ မြင့်မြတ်မှုနှင့် နက်ရှိုင်းသည့် ခံစားချက်များကို မီးမောင်းထိုးပြရန် ဖြစ်သည်။ ကြော်ငြာထဲတွင် နာရီကို လူနစ်ယောက်အဖြစ် တင်စားထားသောကြောင့် လီကျောင်းသည် အကသမားအား ချစ်ခင်ကြင်နာသော မျက်လုံးဖြင့် ကြည့်ရ၏။ အကသမားသည် ကျောင်းသူတစ်ဦးဖြစ်ပြီး အစပိုင်း၌ ကင်မရာရှေ့တွင် အနည်းငယ် သဘာဝမကျဖြစ်နေခဲ့သည်။
လီကျောင်းက သူမ၏မျက်လုံးများကို ချစ်ခင်မြတ်နိုးမှုအပြည့်နှင့် ကြည့်နေသောကြောင့် သရုပ်ဆောင်မှုသို့ သူမ တဖြည်းဖြည်း ဝင်ရောက်လာနိုင်ခဲ့သည်။ ရှုတင်ပြီးဆုံးသွားသည့်အခါ မိန်းကလေးက ရှက်ရွံ့နေပြီး လီကျောင်းရှေ့သို့ လျှောက်လာခဲ့၏။ ထို့နောက် သူမက "အ-အစ်ကိုလီ၊ ကျွန်မ ရှင့်ကို We chat မှာ အပ်ပြီး ရှင်နဲ့ သူငယ်ချင်းလုပ်လို့ ရမလား။ ရှင့်ဆီကနေ ကင်မရာရှေ့မှာ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သင်ယူချင်လို့ပါ။"
"မရဘူး။" လီကျောင်းရှေ့တွင် အမှောင်ရိပ်တစ်ခု ရပ်နေခဲ့သည်။
"ငါ့ကလေးက စောစောစီးစီး ချစ်မှာမဟုတ်ဘူး။"
စာရေးသူမှာ ပြောစရာရှိတယ်။
ဘေဘီကျောင်းကျောင်း ဗိုက်ဆာနေသည်။
ဘေဘီထင်းထင်းက သူ့အိတ်ကပ်ထဲမှ လော်လီပေါ့တစ်ခုကို ထုတ်လိုက်သည် : မိန်းကလေးတွေနဲ့ သူငယ်ချင်းမလုပ်သရွေ့ လော်လီပေါ့အကုန်လုံးက မင်းအတွက်ပဲ။
ဘေဘီကျောင်းကျောင်း : ဘာလို့လဲ။
ဘေဘီထင်းထင်း : ဘာလို့လဲဆိုတော့ ငါတို့က နှစ်နှစ်သုံးနှစ်အရွယ် ကလေးတွေ မဟုတ်ဘူးလေ။ မိန်းကလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကစားနေလို့မရဘူး ~
#5509words
#24.11.21
ချီဖောင်ဝတ်စုံ