ဇာတ်ကောင်
ရန်ထင်း : ကလေးနဲ့အတူ ရုပ်ရှင်ကြည့်ဖို့ လိုက်လာခဲ့တယ်။ သူသရုပ်ဆောင်တာ အရမ်းကောင်းတာပဲ။ ထိုသို့ ပိုစ့်တင်ရာတွင် သူသည် လီကျောင်းမမြင်ရအောင် ထုံးစံအတိုင်း ချန်လှပ်ထားခဲ့သည်။
သူသည် ကလေးအား တစ်နေ့ နှစ်ကြိမ် ချီးကျူးခဲ့သဖြင့် အကြီးတန်းအရာရှိများက လီကျောင်းနှင့် သူဌေးကြီးကြားတွင် မည်သို့ ရင်းနှီးသောဆက်ဆံရေးမျိုးရှိသလဲဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အကြီးတန်းအရာရှိတစ်ဦးသည် ၎င်း၏သူငယ်ချင်းအသိုင်းအဝိုင်းထံ လူရှေ့သူရှေ့တွင် ချစ်ခင်ရင်းနှီးမှုကို ပြသနေသည့်သူများကို ယောင်ဝါးဝါး လှောင်ပြောင်ခဲ့သည့် ပိုစ့်တစ်ခုကို တင်ခဲ့၏။ ထို့နောက် သူဌေးဖြစ်သူက ကလေးလေးအကြောင်း တစ်နေ့နှစ်ကြိမ် ကြွားဝါနေသည်ကို တွေ့လိုက်ရသောအခါ ထိုပို့စ်ကို တိတ်တိတ်လေး ဖျက်ပစ်လိုက်သည်။
သူဌေးရဲ့အပြုအမူအရ ဒါကို ကြွားတယ်လို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။ ဒါကို ဖော်ရွေပြီးတော့ ဟန်ဆောင်မှုကင်းတယ်လို့ ခေါ်တယ်။
သူဌေး၏ ဝါသနာကို နားလည်ရန်အလို့ငှာ သူဌေး၏ WeChat ကို add နိုင်လောက်အောင် ကံကောင်းသူများသည် မြင့်တက်လာသည့်လေမုန်တိုင်း ရုပ်ရှင်ကိုပင် ကြည့်ရှုခဲ့ကြသည်။ သူတို့သည် လစာမြင့်မားပြီး အလုပ်များသူများဖြစ်သဖြင့် ရုပ်ရှင်ကြည့်ရန် အချိန်သိပ်မရှိခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် သူတို့၏မိသားစုများနှင့်အတူ ရုပ်ရှင်ကြည့်ရန် ရုတ်တရက် ဆုံးဖြတ်ခဲ့ပြီး ဆွေမျိုးများအကြားရှိ ခံစားချက်များကို မြှင့်တင်ခဲ့ကြသည်။
ရုပ်ရှင်ကြည့်ရာမှ ထွက်လာပြီးနောက် သူတို့၏ပျော်ရွှင်နေသည့်မိသားစုကို ကြည့်ကာ အလေးအနက် မစဉ်းစားဘဲ မနေနိုင်တော့ပေ။ မိသားစုကို လျစ်လျူရှုသည့် သူတို့၏လုပ်ရပ်မှာ တကယ့်ကို မှားယွင်းလှပေသည်။
နှစ်သစ်၏ဒုတိယနေ့မနက်ခင်းတွင် လီကျောင်းသည် အဝတ်အစားလဲလှယ်ပြီးနောက် အိမ်တော်ထိန်းက သူ့အတွက် ပြင်ဆင်ပေးထားသည့် လက်ဆောင်များကိုယူကာ အပြင်သွားရန် အချိန်ဆွဲနေခဲ့၏။ သူသွားရမည်ဟု ပြောခဲ့သော်လည်း ကိုးနာရီခွဲသည့်တိုင်အောင် ဗီလာထဲမှ ထွက်မသွားခဲ့ချေ။
"ကော်ဖီမသောက်နဲ့။ နေ့လယ်စာကို အချိန်မှန်စားနော်။"
ရန်ထင်းက ခေါင်းညိတ်လိုက်သည်။
လီကျောင်းက သူ့ကို မယုံပေ။ "မင်း ထမင်းစားတဲ့အခါကျရင် အိမ်တော်ထိန်းဦးလေးကို မှတ်တမ်းတင်ခိုင်းပြီး ငါ့ဆီ ဗီဒီယိုအတိုလေး ပို့ပေးရမယ်။"
"အင်း။" ရန်ထင်း ခေါင်းညိတ်လိုက်၏။ "မင်းအခု မထွက်ရင် နောက်ကျသွားလိမ့်မယ်။"
အိမ်တော်ထိန်းက လူနှစ်ယောက်ကို ပြုံးပြလိုက်သည်။ "စိတ်ချလက်ချနေပါ။ ကားရော ယာဉ်မောင်းပါ စီစဉ်ပေးထားပါတယ်။"
ရန်ထင်းက အိမ်တော်ထိန်းကို မော့ကြည့်လိုက်၏။ အိမ်တော်ထိန်းက ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်သွားသော်လည်း ကြောက်ရွံ့ထိတ်လန့်မှု မရှိပေ။ သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ပွင့်ပင် ရှိနေခဲ့သည်။
"ဒါဆို ငါသွားတော့မယ်။" လီကျောင်းက အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲပင်။ "မင်း လိမ်လိမ်မာမာနေရမယ်နော်။"
ရန်ထင်း "..."
"လီကျောင်း၊ ငါမင်းထက်ရှစ်နှစ်ကြီးတယ်။"
"ရှစ်နှစ်ကြီးတာ ဘာဖြစ်လဲ။" လီကျောင်းက စားပွဲပေါ်မှ လက်ဆောင်များကို ကောက်ယူကာ တံခါးဆီသို့ လျှောက်သွားရင်း ပြုံးလိုက်သည်။ ထို့နောက် သူက ပြန်လှည့်လာပြီး "စိတ်မပူပါနဲ့၊ ငါတော့ မင်းက အသက်ကြီးတယ်လို့ မထင်ပါဘူး။ မင်းက ရှစ်နှစ်လောက် အသက်ပိုကြီးနေရင်တောင် အသက်အရွယ်ကို မေ့ထားနိုင်တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး ဖြစ်လာနိုင်ပါတယ်။"
ထိုသို့ ပြောပြီးနောက် သူသည် ရန်ထင်းက မတုံ့ပြန်ခင် ထွက်ပြေးသွားခဲ့သည်။ ပြေးလွှားသွားသည့် ခြေသံများကို ကြားလိုက်ရပြီး လီကျောင်း ထွက်ခွာသွားချိန်တွင် ရန်ထင်း၏ ဖိအားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။ အိမ်သည် ဟာလာဟင်းလင်းဖြစ်သွားပြီး ယခင်ကအတိုင်း အေးစက်ဆိတ်ဆိတ်သည့်အနေအထားသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားခဲ့သည်။
လီကျောင်းက ကျန်းရှောင်ယွမ်အိမ်သို့ရောက်ရှိလာပြီး သူ့မိဘများက သူ့အား နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြ၏။ သူတို့က ဖျော်ဖြေရေးအသိုင်းအဝိုင်းအကြောင်း ဘာမှမသိသဖြင့် လောက်လောက်ငှငှစားရရဲ့လား ၊ ပင်ပန်းနေပြီလားဟူ၍ အမြဲမေးလေ့ရှိသည်။
"ကျွန်တော် မပင်ပန်းပါဘူး၊ ဝမ်းနည်းတာမျိုးလည်း မရှိပါဘူး။" လီကျောင်းက မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေနေခဲ့သည်။ လူငယ်များစွာ၏ နှလုံးသားထဲတွင် ထိုအရာက စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရသော်လည်း လီကျောင်းအတွက်မူ အဖိုးတန်လှပေသည်။
"မင်း ရုပ်ရှင်တစ်ခုမှာ အာ့ယာနဲ့တွဲပြီး အလုပ်လုပ်နေတယ်လို့ ရှောင်ယွမ်ပြောတာ ကြားမိတယ်။" အာ့ယာအကြောင်းပြောစဉ် သူမသည် လွန်စွာစိတ်လှုပ်ရှားနေခဲ့သည်။ " သူမက TV ထဲကလို လှလား။"
အာ့ယာသည် ဆယ်ကျော်သက်အဖြစ် လျို့ဖိန် သရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်ဖြစ်သည်။ထိုဇာတ်ရုပ်မှာ အလွန်ကောင်းသဖြင့် နိုင်ငံအနှံ့ ကျော်ကြားခဲ့၏။ အသက်ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦးပင်လျှင် လျို့ဖိန်၏ဓာတ်ပုံကို လက်ညှိုးထိုးပြပြီး "ဒါက အာ့ယာမလား။" ဟု ပြောနိုင်ပေသည်။
"တီဗီမှာ မြင်ရတာထက် ပိုလှပါတယ်။" လီကျောင်းသည် အမေကျန်းက လျို့ဖိန်ကို အမှန်တကယ် နှစ်သက်ကြောင်း မြင်လိုက်ရသဖြင့် သူ့အကြောင်း ကောင်းကောင်းလေး ပြောပြခဲ့သည်။ အမေကျန်းက အလွန်သဘောကျတေသဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ထမင်းမစားနိုင်တော့ပေ။
"အမေ။" ကျန်းရှောင်ယွမ်က အဖေကျန်း ပြင်ဆင်ပေးထားသည့် ပန်းကန်များကို စားပွဲပေါ် တင်လိုက်သည်။ "ကျောင်းကျောင်းနဲ့ စကားပြောတာရပ်ပြီး စားပါတော့။"
လီကျောင်းက မီးဖိုချောင်သို့ သွားကာ ကူညီချင်သော်လည်း အမေကျန်းက ပြင်းပြင်းထန်ထန် တားဆီးလိုက်၏။ "မင်း သွားစရာမလိုပါဘူး။ စတားတစ်ယောက်အနေနဲ့ မင်းမျက်နှာက ဘယ်လောက်တောင် အရေးကြီးလိုက်သလဲ။ အဆီနဲ့ မီးခိုးတွေကြောင့် မင်းရဲ့အသားအရေ ပိုဆိုးသွားရင် စိတ်မကောင်းစရာ ဖြစ်သွားလိမ့်မယ်။ ရှောင်ယွမ်ကို လုပ်ခိုင်းလိုက်တာပဲ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မချောဘူးဆိုတော့ ဒီ့ထက်ပိုပြီး ရုပ်မဆိုးနိုင်တော့ဘူး။"
"ကျွန်တော်ကမှ အမေ့ရဲ့သားအစစ်နော်။" ကျန်းရှောင်ယွမ်က ခါးသီးစွာ ပြုံးလိုက်သည်။ "မား၊ ကျွန်တော်က ကျောင်းကျောင်းလောက် မချောပေမဲ့ လူတွေက ကျွန်တော့်ကို ကြည့်ကြပါတယ်။ ကျွန်တော်က အမေပြောသလိုမျိုး ဖုံးကွယ်နေတာ မဟုတ်ပါဘူး။"
"တကယ်လို့ မင်းက ရုပ်မဆိုးဘူးဆိုရင် အသက်သုံးဆယ်နား နီးလာတာတောင် ဘာလို့ ရည်းစားမရသေးတာလဲ။"
ကျန်းရှောင်ယွမ် "..."
ဒီကျင်းက ငါ့ကို စောင့်နေတာပဲ။
လီကျောင်းသည် အမေနှင့်သား စကားနိုင်လုနေသည့်မြင်ကွင်းကို မြင်ရသောအခါ ရုတ်တရက် ရန်ထင်းကို သတိရသွားသည်။ ရန်ထင်းဘေးတွင် နေရသည့်အခါများ၌သာ သူ့ကိုယ်သူ အပြင်လူတစ်ယောက်ဟု မခံစားရခြင်းဖြစ်၏။ သွေးသားရင်းချာများဖြင့် ဖန်တီးထားသော မိသားစု၏မွေးရာပါခံစားချက်သည် ဂရုစိုက်မှုဖြင့် ကူးယူ၍မရနိုင်သော အရာဖြစ်သည်။
ရန်ထင်းက မတူပေ။ သူသည့် မိဘမရှိ သွေးချင်းမောင်နှမမရှိ ချစ်သူမရှိသည့် လီကျောင်းကဲ့သို့ပင်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ပြီး အထူးခြားဆုံးဖြစ်တည်မှု ဖြစ်သည်။ ရန်ထင်းက ထိုသို့ တစ်ခါမှ မပြောဖူးသော်လည်း လီကျောင်းက ရန်ထင်းကို ဆက်ဆံသကဲ့သို့ ရန်ထင်းဘက်ကလည်း အလားတူဆက်ဆံပေးလိမ့်မည်ဟူသော ထူးခြားဆန်းကြယ်သည့် ယုံကြည်မှုမျိုး သူ့တွင် ရှိခဲ့၏။ သူတို့က အကောင်းဆုံးညီအစ်ကိုများ ဖြစ်ကြပေသည်။
စားသောက်ပြီးနောက် လီကျောင်းသည် ပြန်မည့်အကြောင်း မပြောမီ ကျန်းအိမ်တွင် ခဏထိုင်နေခဲ့သည်။ ကျန်းမိဘများက တွန့်ဆုတ်နေကြသော်လည်း လီကျောင်းက စတားတစ်ယောက်ဖြစ်ပြီး သူ၏အလုပ်အစီအစဉ်များသည် သာမန်လူများနှင့်မတူဟု တွေးမိကြဍ္ဎ။ သူတို့က သူ့ကို ဆက်နေရန် မတောင်းဆိုတော့ဘဲ ဆွေမျိုးများနှင့် သူငယ်ချင်းများက ပေးသည့်ထုတ်ကုန်များအပြင် သူတို့၏ကိုယ်ပိုင်မုန့်များကိုပါ ပေးခဲ့ကြသည်။
"ငါ မင်းကို ကားမောင်းပို့ပေးမယ်။" ကျန်းရှောင်ယွမ်က ကားသော့ကို ကောက်ယူပြီး လီကျောင်းကို အောက်ထပ်သို့ ခေါ်ဆောင်သွားသည်။
"အစ်ကိုရှောင်ယွမ်ကို ဒုက္ခမပေးတော့ပါဘူး။" လီကျောင်းက ကျန်းရှောင်ယွမ် ဖိနပ်လဲနေသည်ကို မြင်ရသောအခါ အနည်းငယ် ပျာယာခတ်သွားသည်။ "ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကြိုဖို့ အောက်ထပ်မှာ ယာဉ်မောင်းတစ်ယောက် စီစဉ်ပေးထားတယ်။"
"ရန်ထင်းလား။"
"အမ်း။" လီကျောင်းက မုန့်အပြည့်ထည့်ထားသော ပလတ်စတစ်အိတ်နှစ်လုံးကို သယ်ဆောင်လာပြီး ခေါင်းညိတ်လိုက်သောအခါ အိတ်က အနည်းငယ် ခါယမ်းသွားခဲ့သည်။
"ဒါဆိုလည်း အောက်ထပ်ထိ လိုက်ပို့ပေးမယ်။" ကျန်းရှောင်ယွမ်က ဖိနပ်လဲစီးပြီး အိတ်များနှင့် လီကျောင်းကို ကူညီပေးလိုက်၏။ "မင်းနှစ်သစ်မှာ အရမ်းပျော်နေတဲ့ပုံပဲ။"
လီကျောင်းက ပြုံးလိုက်သည်။
ကျန်းရှောင်ယွမ်၏မိဘများသည် ဓာတ်လှေကားမရှိသော အဆောက်အအုံဟောင်းတစ်ခုတွင် နေထိုင်ခဲ့ကြသည်။ စင်္ကြံ၏နံရံများကို အဆောက်အဦးအတွင်းရှိ ကလေးများ ရေးဆွဲထားသည့် ညစ်ပတ်ပေပွနေသောမျဉ်းကြောင်းများဖြင့် ဖုံးအုပ်ထား၏။ တချို့မိသားစုများက တံခါးမပိတ်ထားသဖြင့် လှေကားမှနေ၍ တီဗီသံများ ကြားနေရသည်။
ကျန်းရှောင်ယွမ်က ပြောလိုက်သည်။ "ညကျရင် ငါမင်းကို လာခေါ်မယ်။"
"ကျွန်တော်တို့ အတူတူခေါက်ဆွဲ ရောင်းမလို့လား။" လီကျောင်းက ရယ်လိုက်သည်။
"ခေါက်ဆွဲဆိုတဲ့ စကားလုံးကို မပြောနဲ့။ စကားလုံးကြောင့် ငါ့မှာ PTSD ရှိတယ်။" ကျန်းရှောင်ယွမ်က ခါးခါးသီးသီး ပြုံးလိုက်သည်။ "မကြာသေးခင်က စတော်ဘယ်ရီအင်တာတိန်းမန့်ရဲ့ဒရမ်မာမဟုတ်တဲ့ ဇာတ်ညွှန်းအသစ်တစ်ခု ငါရထားတယ်။ မင်း ဖတ်ကြည့်ချင်လား။"
(PTSD - Post-traumatic stress disorder )
"ဇာတ်ညွှန်းက မသေမျိုးလေး ကျွန်တော့်ချစ်သူတဲ့။" လီကျောင်းက ဇာတ်ညွှန်းအပေါ် ထင်မြင်ချက်အချို့ရှိခဲ့သည်။ "အဲဒါက ပြန်ပြင်ထားတဲ့ ဇာတ်ညွှန်းဖြစ်ပုံရပြီး ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။"
"ဟုတ်တယ်၊ အဲဒါက မန့်ဟွာ့တစ်ခုတည်းကတင် အရမ်းနာမည်ကြီးတာ ၊ ပြီးတော့ သေချာတဲ့ပရိသတ်အုပ်စုလည်း ရှိတယ်။ ဒါပေမယ့် အကြောင်းကိစ္စတစ်ချို့ကြောင့် အွန်လိုင်း ချန်နယ်တွေမှာပဲ ပြသနိုင်တယ်။" ကျန်းရှောင်ယွမ်က ရှင်းပြလိုက်၏။ "မင်းသာ မြင့်တက်လာတဲ့လေမုန်တိုင်းရုပ်ရှင် မရိုက်ဖူးဘူးဆိုရင် ဒီဇာတ်ကားကို လက်ခံဖို့ ငါ အကြံပြုချင်ပါတယ်။ ဒါပေမဲ့ အခု ဒီရုပ်ရှင်ထဲက မင်းရဲ့ဇာတ်ရုပ်ကို လွန်လွန်ကဲကဲ ချီးကျူးနေကြတယ်။ ဒီအွန်လိုင်းဒရမ်မာကို လက်ခံလိုက်ရင် မင်းရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်မှာ မဟုတ်ဘူး။"
ထိုဇာတ်လမ်း ထုတ်လွှင့်ပြီးနောက် ကျောင်းကျောင်းကို ပရိသတ်တစ်ချို့ရအောင် ကူညီပေးနိုင်သော်လည်း သူ့ကို ပုံသေကားကျပုံစံ ဖြစ်အောင် လုပ်ရန် လွယ်ကူသွားမည်ဖြစ်၏။ အနာဂတ်တွင် အခြားသော အရင်းအမြစ်များကို ရယူလိုပါက ပိုမိုအားစိုက်ထုတ်ရန် လိုအပ်ပေလိမ့်မည်။ အကယ်၍ ကျောင်းကျောင်းသာ စတော်ဘယ်ရီအင်တာတိန်းမန့်နှင့် လက်မှတ်မထိုးခဲ့ပါက ကျန်းရှောင်ယွမ်သည့် သူ့အား ဇာတ်ညွှန်းလက်ခံရန် တောင်းဆိုလိမ့်မည်ဖြစ်သော်လည်း ယခုအခါ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ကွဲပြားနေပြီဖြစ်သည်။
တဒင်္ဂကျော်ကြားမှုကို ထောက်ထားပြီး ရှေ့ဆက်ရမည့်အနာဂတ်ကို စတေးရန် မလိုအပ်ချေ။
"ကျွန်တော် နားလည်ပါတယ်။" လီကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ မသေမျိုးလေး ကျွန်တော့်ချစ်သူ ဇာတ်လမ်းကို သူသဘောကျသော်လည်း အစ်ကိုရှောင်ယွမ်၏စကားများ မှန်ကန်ကြောင်း သူသိပေသည်။ ထို့အပြင် မိုးကောင်းကင်၏ကျူးရင့်သံက မပြီးဆုံးသေးပါ။ ဇာတ်ညွှန်းအသစ်အတွက် ဇာတ်ကောင်အတ္ထုပ္ပတ္တိကို ရေးရန် သူ့တွင် အချိန်ရော ခွန်အားပါ မရှိပေ။ "ကျွန်တော့်ကို ဒီဒရာမာအတွက် ဖိတ်ကြားချက်လေး ပယ်ပေးဖို့ ကူညီပါဦး။"
"ကောင်းပြီ။" ကျန်းရှောင်ယွမ် ပြုံးပြီး ခေါင်းညိတ်ပြ၏။
သူက လီကျောင်းကို အောက်ထပ်သို့ ခေါ်ဆောင်လာပြီး မနီးမဝေးတွင် ကားအကြီးကြီးတစ်စီးကို တွေ့လိုက်ရသည်။ "ကျောင်းကျောင်း ဒီကားက မင်းကို လာကြိုတာလား။"
"ဟုတ်ကဲ့။" လီကျောင်းက ကျန်းရှောင်ယွမ်လက်ထဲမှ ပစ္စည်းများကို လက်လွှဲယူလိုက်၏။ "အစ်ကိုရှောင်ယွမ်၊ အပြင်မှာ အေးတယ်။ အစ်ကို ပြန်လို့ရပါပြီ။"
ကျန်းရှောင်ယွမ်က လီကျောင်း ထွက်သွားသည်ကို ကြည့်ရင်း ဇိမ်ခံကားယာဉ်မောင်းက အမြန်ထွက်လာကြောင်း သတိထားမိခဲ့သည်။ ဒရိုင်ဘာက လီကျောင်းဆီသို့ ခပ်မြန်မြန် လျှောက်လာပြီး လီကျောင်း၏ပစ္စည်းများကို သယ်ပေးခဲ့၏။ သူဌေးရဲ့ယာဉ်မောင်း ဖြစ်ရတာလည်း မလွယ်ဘူး။ သူ့အလုပ်ရှင်ရဲ့သူငယ်ချင်းကိုပါ ပစ္စည်းသယ်ဖို့ ကူညီပေးနေရတယ်။
ကျန်းရှောင်ယွမ်၏သူဌေးဟောင်း ထွက်မပြေးခင်တုန်းက ယာဉ်မောင်းတစ်ဦး ငှားရမ်းခဲ့ဖူးသည်။ ယာဉ်မောင်းက သူဌေးကို သိပ်ဂရုမစိုက်ခဲ့ပေ။ သူသည် သူဌေးက ကပ်စေးနှဲသည့်အတွက် လစာဖြတ်ရန် ဆင်ခြေရှာနေကြောင်း သီးသန့်တိုင်ကြားခဲ့သည်။ ချမ်းသာသည့်သူများက မတူညီသကဲ့သို့ ယာဉ်မောင်းများကလည်း ခြားနားလွန်းပေသည်။
လီကျောင်းသည် အိမ်အပြန်လမ်းပေါ် ရောက်နေစဉ် ရန်ထင်းသည် အစားအသောက်များ ပြည့်နေသော စားပွဲကို မျက်နှာချင်းဆိုင်နေသော်လည်း စားချင်စိတ်မရှိ ဖြစ်နေခဲ့သည်။
"ဆရာ…" အိမ်တော်ထိန်းက ဖျောင်းဖျလိုက်သည်။ "ဆရာ စားမှဖြစ်မယ်။ မဟုတ်ရင် ကျွန်တော် မစ္စတာလီကို ဘယ်လိုပြရမလဲ။"
ရန်ထင်းသည် သူ့တူများကို ချခါနီးတွင် ရပ်တန့်သွား၏။ "ဘယ်နှစ်နာရီရှိပြီလဲ။"
"နေ့လည် နှစ်နာရီလောက်ရှိပါပြီ။" အိမ်တော်ထိန်က သူ့ဖုန်းကို ထုတ်လိုက်သည်။ "ဆရာ နှစ်လုတ်စားရင် ကျွန်တော် ဗီဒီယိုရိုက်ပြီး မစ္စတာလီဆီ ပို့ပေးမယ်။"
ရန်ထင်းက စားပွဲပေါ်ရှိ အစားအစာများကို ပြုံးကြည့်နေသည့် အိမ်တော်ထိန်းကို မော့ကြည့်လိုက်ပြီး လေထုက တဖြည်းဖြည်း အေးခဲသွားသည်။
အပြင်ဘက်တွင် ဂိတ်တံခါးကို ဖြတ်မောင်းလာသော ကားသံကို ကြားရသည့်အခါ အိမ်တော်ထိန်းက အံ့သြသွား၏။ "အစောကြီးရှိသေးတယ်။ မစ္စတာလီ ပြန်လာပြီလား။" သူက ဖုန်းကို ချလိုက်ပြီး လီကျောင်း ကားပေါ်မှ ဆင်းလာသည်ကို ကြည့်ရန် တံခါးနားသို့ သွားလိုက်သည်။
"အိမ်တော်ထိန်းဦးလေး။" လီကျောင်းသည် အိတ်ကြီးနှစ်လုံးကို သယ်ကာ အိမ်တော်ထိန်းထံ အမြန်လျှောက်သွားလိုက်သည်။ "ထင်းထင်း စားပြီးပြီလား။"
အိမ်တော်ထိန်းက အံ့သြသွား၏။ "မင်း စောစောပြန်လာတာလား။"
"ဟုတ်ကဲ့။" လီကျောင်းသည် စားပွဲတွင်ထိုင်ပြီး စားသောက်နေသည့် ရန်ထင်းကို ကြည့်ရန် တံခါးမှ လမ်းလျှောက်ဝင်လာခဲ့သည်။ "ထင်းထင်း၊ မင်းဘာလို့ အခုမှ စားနေတာလဲ။"
ရန်ထင်းက သူ့ပါးစပ်ကို သုတ်ကာ တူကို ချလိုက်သည်။ " နေ့လယ်က ဖြေရှင်းစရာ အလုပ်နည်းနည်း ရှိနေလို့ စားဖို့ နောက်ကျသွားတာ။ မင်းဘာလို့ ဒီလောက်အစောကြီး ပြန်လာတာလဲ။"
"မင်း ကောင်းကောင်းမစားမှာစိုးလို့ စိတ်ပူပြီး ပြန်လာကြည့်တာ။" လီကျောင်းက သူ့ပစ္စည်းများကို မီးဖိုချောင်ထဲထည့်ကာ လက်ဆေးပြီး ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ "စားပွဲပေါ်က ဟင်းတွေက လုံးဝမစားရသေးတဲ့ပုံပဲ။ တကယ့်ကို နည်းလမ်းမရှိတော့ဘူး။ ငါ ခဏလောက် မင်းနဲ့အတူတူ စားပေးမယ်။"
လီကျောင်းက ပန်းကန်အလွတ်တစ်လုံးနှင့် တူကို ကိုင်ကာ ကြွားလိုက်သည်။ "ငါ စားတာကို ကြည့်ရင် သူတို့ကို ပိုပြီးစားချင်စိတ် ဖြစ်စေတယ်လို့ ရိုက်ကူးရေးအဖွဲ့သားတွေက ပြောတယ်။ မင်းငါ့ကို မိနစ်အနည်းငယ်လောက် ကြည့်လိုက်ရင် ဗိုက်ဆာသွားလိမ့်မယ်။"
ထောင့်တွင်ရပ်နေသည့် အိမ်တော်ထိန်းသည် သူဌေးက မစ္စတာလီ၏အဖော်ပြုမှုကြောင့် အများကြီးစားခဲ့သည်ကို မြင်ရသောအခါ မျက်နှာကို တိတ်တဆိတ် ပွတ်လိုက်မိသည်။ သူ၏ ဆွဲဆောင်မှုနည်းလမ်းက မမှားချေ။ သူ့မျက်နှာကသာ မှားယွင်းနေခြင်းဖြစ်၏။ အိုမင်းရင့်ရော်နေသော မျက်နှာသည် သဘာဝအတိုင်း လှပနေသော မျက်နှာနှင့် မယှဉ်နိုင်ပေ။
ရန်ထင်းတွင် အစားကောင်းကောင်း မစားနိုင်သည့် ပြသနာရှိနေသည်ကို သိသည့်အတွက် လီကျောင်းသည် မြင့်တက်လာသည့် လေမုန်တိုင်း ပရိုမိုးရှင်းပွဲသို့ အပြေးအလွှား မသွားခင် သူနှင့်အတူ ညစာပြီးအောင် စားသွားခဲ့သည်။ ပရိသတ်များမှာ အလွန်စိတ်အားထက်သန်နေကြပြီး လီကျောင်း စင်ပေါ်တက်လာသည့်အခါ မိန်းကလေးတော်တော်များများက ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြ၏။
"ဝိုး… ပရိတ်သတ်တွေက အရမ်းတက်ကြွနေတာပဲ။" အစီအစဉ်တင်ဆက်သူက နောက်ပြောင်လိုက်သည်။ "လာပါ၊ ငါတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ မြင့်မြတ်နွယ်ဝင် သားလေးကို အားလုံး နှုတ်ဆက်လိုက်ရအောင်။"
"မင်္ဂလာပါ၊ မြင့်တက်လာသည့်လေမုန်တိုင်းဇာတ်ကားမှာ မြင့်မြတ်နွယ်ဝင် သားလေးအဖြစ် သရုပ်ဆောင်ထားတဲ့ မျက်နှာတန်ဖိုးရှိတဲ့ အနုပညာရှင်လေး ဖြစ်ပါတယ်။" လီကျောင်း က ထိုသို့ပြောလိုက်သောအခါ ပရိသတ်များက "မဟုတ်ဘူး၊ မင်းက မျက်နှာရော သရုပ်ဆောင်ပါကောင်းတဲ့ မင်းသားတစ်ယောက်ပါ။" ဟု ကြွေးကြော်လိုက်ကြသည်။
"ဘယ်သူက ငါ့ကိုဒီလိုမျိုး ချီးမွမ်းနေတာလဲ။" လီကျောင်းက စင်မြင့်အောက်ရှိ ပရိသတ်များကို လှမ်းကြည့်လိုက်၏။ "မင်းတို့ ငါ့ကို တကယ်ပြောတာပဲဖြစ်ဖြစ် လိမ်တာပဲဖြစ်ဖြစ်၊ ငါဒါကို အလေးအနက်ထားပါ့မယ်။"
"တကယ်ပြောတာပါ!!!!!"
အမျိုးသမီးပရိသတ်များက ဆက်လက် အော်ဟစ်နေခဲ့သည်။ "ဒါက ပုလဲထက်တောင် ပိုမှန်ပါသေးတယ်။"
ယောက်ျားလေး ပရိသတ်များ "......"
ရည်းစားနဲ့ ဇနီးမယားတွေက သူတို့ရှေ့မှာ တခြားယောက်ျားတစ်ယောက်ကို ဒီလိုဆက်ဆံတော့ ဘယ်သူက မရှက်ဘဲနေမှာလဲ။
ထို့နောက် သူတို့က လီကျောင်းကို တိတ်တဆိတ်ကြည့်ကာ သူက တကယ်ကြည့်ကောင်းကြောင်း ဝန်ခံလိုက်ရ၏။ သူက အားမာန်ပြည့်ဝပြီး ရွှင်ပျသည့်အပြုံးရှိသဖြင့် သူ၏သဘာဝအား မျိုးတူယောကျာ်းလေးများကတောင် တွန်းလှန်နိုင်ခြင်း မရှိပါ။ ထိုကဲ့သို့သောလူမျိုးကို မုန်းရန် ခက်လှပေသည်။
ပရိုမိုးရှင်းပွဲ ပြီးဆုံးပြီးနောက် လျို့ဖိန်နှင့် ကျောင်းရင်းနန်တို့ကို သတင်းထောက်များက ဝိုင်းရံခဲ့ကြသည်။ အချို့သော သတင်းထောက်များက အထဲသို့ တိုးမဝင်နိုင်သဖြင့် သူတို့အားလုံးက လီကျောင်းရှေ့တွင် စုရုံးလာကြ၏။
"ကျောင်းကျောင်း၊ မြင့်တက်လာသည့်လေမုန်တိုင်း ထွက်လာပြီး နှစ်ရက်အကြာမှာ Box Office က သန်းသုံးရာ ကျော်သွားပါပြီ။ ဒီဇာတ်ကားရဲ့ အထူးဧည့်သည်အနေနဲ့ ဒါကို ဘယ်လိုမြင်ပါသလဲ။"
"ကျွန်တော် အရမ်းပျော်ပါတယ်။" လီကျောင်းသည် သတင်းထောက်က အဘယ်ကြောင့် ဤမျှ အသုံးမဝင်သောမေးခွန်းကို မေးခဲ့သလဲဟု စဉ်းစားမရပေ။
"ရုပ်ရှင်ဝေဖန်ရေးဆရာတစ်ယောက်က မင်းရဲ့သရုပ်ဆောင်မှုက ရုပ်ရှင်တစ်ခုလုံးရဲ့အနှစ်သာရပဲလို့ ပြောခဲ့ပါတယ်။ အဲ့ဒါကို သဘောတူပါသလား။"
အစ်ကိုလော့နှင့် အစ်ကိုရှောင်ယွမ်တို့က သတင်းထောက်များ၏ တူးဆွမှုများ ပါလာကြောင်း သူ့ကို သတိပေးလိုက်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ "လူသစ်တစ်ယောက်အနေနဲ့ ချီးကျူးခံရတာကို ဂုဏ်ယူမိပါတယ်။ ဇာတ်ကားတစ်ကားလုံးက အနှစ်သာရလို့ ထင်ပါတယ်။ ကျွန်တော် ပြောတာကိုမယုံရင် သွားကြည့်ဖို့ လက်မှတ်ဝယ်လို့ရပါတယ်။"
"မင်းက မသေမျိုးလေး ကျွန်တော့်ချစ်သူ ဇာတ်ကားရဲ့ အမျိုးသားဇာတ်လိုက်ဖြစ်မယ်ဆိုတဲ့ ကောလဟာလတွေ အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒါ အမှန်ပဲလား။"
လီကျောင်းက ပြန်ဖြေခဲ့သည်။ "အခုလတ်တလော ကျွန်တော်က ဒါရိုက်တာယန်ရဲ့ မိုးကောင်းကင်ကျူးရင့်သံ ရိုက်ကူးရေးမှာ ပါဝင်နေတာဆိုတော့ တခြားအလုပ်တွေ လက်မခံတော့ပါဘူး။"
နေရာတစ်ခုလုံး ဆူညံနေခဲ့သည်။ သတင်းထောက်များ၏ မေးခွန်းများမှာ ထူးဆန်းသော်လည်း မလိုမုန်းထားစိတ် သို့မဟုတ် လှည့်စားစိတ်များပါသည့်မေးခွန်းများ မရှိပါ။ လီကျောင်း အင်တာဗျူးပြီးခါနီးတွင် သတင်းထောက်တစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ မေးလိုက်၏။ "လီကျောင်းရေ၊ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးဥက္ကဋ္ဌ ရဲ့ ဇာတ်ညွှန်းရေးဆရာက မင်းနာမည်ကြီးလာပြီးတဲ့နောက်မှာ မင်းပတ်ဝန်းကျင်ကလူတွေကို လျစ်လျူရှုလိုက်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ မင်းရဲ့ ဖြေရှင်းချက်လေး သိပါရစေ။"
ရိုက်ကူးရေးအဖွဲ့က အခြေအနေမဟန်သည်ကို မြင်သဖြင့် နေရာတကျ ထိန်းသိမ်းရန် ရောက်လာခဲ့ကြသည်။ "အင်တာဗျူးဖြေဆိုချိန် ပြီးသွားပါပြီ။ သတင်းထောက် သူငယ်ချင်းများ အားလုံး ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ။"
"လီကျောင်း၊ မင်း အဖြေတစ်ခုခု မပေးချင်ဘူးလား။"
"အင်တာဗျူး ပြီးသွားပါပြီ။" တခယ်သည် သူ့နောက်ရှိ လီကျောင်းကို ကာကွယ်ရင်း သတင်းထောက်၏ အလုပ်ကတ်ပြားကို ကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး ရုပ်ရှင်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို မပြောပါနဲ့။ ကျေးဇူးတင်ပါတယ်။"
လျို့ဖိန်က တစ်ခုခုမှားနေသည်ကို သတိပြုမိပြီး သူ့လက်ထောက်ကို အကူအညီတောင်းလိုက်သည်။
စင်နောက်ဘက်တွင် လျို့ဖိန်က လီကျောင်းကို နှစ်သိမ့်ပေးလိုက်သည်။ "ဒီကိစ္စတွေအတွက် စိတ်မပူပါနဲ့။ နာမည်ကြီးလာတဲ့ အနုပညာရှင်တိုင်းက တာဝန်သိစိတ်မရှိဘူး ခံစားချက်ဟောင်းတွေကို မေ့လျော့ပစ်တယ်ဆိုပြီး စွပ်စွဲခံရလိမ့်မယ်။ ဇာတ်ညွှန်းရေးဆရာက မင်းကို သူ့ကိုယ်သူ ကြော်ငြာတဲ့နေရာမှာ အသုံးချနေတာ။ မင်းဘက်က တုံ့ပြန်လိုက်ရင် သူ့ကို ကူညီသလိုဖြစ်သွားလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကို လျစ်လျူရှုလိုက်တာပဲ။"
"ကျေးဇူးတင်ပါတယ် အစ်မဖိန်ဖိန်။" လီကျောင်းက သူ့ကို ကျေးဇူးတင်စကား ဆိုလိုကိသည်။
"ကုမ္ပဏီတစ်ခုတည်းက လူတွေပဲကို။ ကျေးဇူးတင်နေစရာ မလိုပါဘူး။" လျို့ဖိန်က ပြုံးလိုက်သည်။ "ငါလည်း မင်းရဲ့နေရာမှာ ရှိခဲ့ဖူးတယ်။ ငါနဲ့ အလုပ်လုပ်ဖူးတဲ့လူက တစ်ခုခုပြောလိုက်တာနဲ့ လူတွေက ငါ့ကိုသေသေချာချာ ဂရုတစိုက်မလုပ်ဘူးဆိုပြီး ဆူပူကြရော။"
လျို့ဖိန်က ထိုစကား ပြောနေစဉ်တွင် သူမ၏မျက်လုံးများကို ကြော့ကြော့မော့မော့လေး လှိမ့်လိုက်သည်။ "ဒါဟာ အပျော်တမ်း စောင့်ကြည့်ရုံလောက်ပါပဲ။ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်သူက ဒါကို အလေးအနက်ထားမှာလဲ။"
လီကျောင်းက ပြုံးနေရုံသာ ရှိသေးသည်။
လျို့ဖိန်က အကြောင်းအရာကို ပြောင်းလိုက်၏။ "မင်း မနက်ဖြန် ချန်ရှီးရဲ့ ကြော်ငြာတွေ ရိုက်တော့မယ်လို့ ငါကြားတယ်။ ကံကောင်းပါစေ။"
"ကျေးဇူးတင်ပါတယ်။"
စုန့်မိသားစုတွင် ဖြစ်၏။
"လီကျောင်းက မသေမျိုးလေးကျွန်တော်ချစ်သူရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ သေချာရဲ့လား။" စုန့်ယွီသည် သူ၏ အေးဂျင့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး စိတ်လှုပ်ရှားနေခဲ့သည်။ "ကောင်းလိုက်တာ။ ဒီဇာတ်ရုပ်ကို ရအောင် မြန်မြန်လေး ကူညီပေးပါ။"
အေးဂျင့်က အံ့သြသွားသည်။ "လီကျောင်း လက်မခံတာကို ဘာလို့စောင့်နေရတာလဲ။ ဒီရှိုးမှာ စတော်ဘယ်ရီအင်တာတိန်းမန့်က ရင်းနှီးမြုပ်နှံမှု တစ်ခုမှ မထည့်ထားတာမို့လို့ လီကျောင်း လိုချင်နေရင်တောင်မှ ငါ့တို့အတွက် တိုက်ခိုက်ဖို့ အခွင့်အလမ်း ရှိပါသေးတယ်...။"
"မင်း နားမလည်ပါဘူး။" စုန့်ယွီ၏အမူအရာမှာ ငြိမ်သက်နေခဲ့၏။ "ပြုတ်ကျနေတဲ့ အရာတစ်ခုကို ကောက်ယူလိုက်တာနဲ့ တက်တက်ကြွကြွ လုယူလိုက်တာက မတူဘူး။"
အဘယ်ကြောင့်ဆိုသော် သူက ကံကြမ္မာကို ဒေါသထွက်အောင် မလုပ်ဝံ့သောကြောင့် ဖြစ်သည်။
အေးဂျင့်သည် စုန့်ယွီနှင့် ဖုန်းပြောပြီးသည်နှင့် စုန့်ယွီ ဇာတ်ကောင်နေရာရအောင် ကူညီရန် မသေမျိုးလေးကျွန်တော့်ချစ်သူ အဖွဲ့သို့ ဖုန်းဆက်ခဲ့သည်။
"ဘာ။ ဇာတ်ကောင်နေရာက သတ်မှတ်ပြီးသွားပြီ။" အေးဂျင့်က အနည်းငယ် အံ့သြသွားခဲ့သည်။ "ဒီနေ့နေ့လယ်က မင်း ဒီလို ပြောခဲ့တာ မဟုတ်ပါဘူး။"
နာရီအနည်းငယ်အတွင်းမှာ ဇာတ်လမ်းက ဘယ်လို ပြောင်းသွားတာလဲ။
.
စာရေးသူမှာ ပြောစရာရှိတယ်။
သူငယ်တန်းမှာထိုင်နေသည့် ဘေဘီထင်းထင်းက အစားအသောက် ချေးများနေပြန်သည်။
ဘေဘီကျောင်းကျောင်းက သူ့ဘေးနားတွင် ထိုင်ရန် ခုံပုလေးကို ဆွဲယူကာ အစာစားရန် ဇွန်းသေးသေးလေးကို ကိုင်ထားခဲ့သည် : ထင်းထင်း၊ ငါတို့အတူတူ စားရအောင်။
#6998words
#19.11.21