နှစ်သစ်ကူးပိုက်ဆံ
အချက်အလက်များအရ လီကျောင်းနှင့် ရန်ထင်းတို့နှစ်ယောက်လုံး ဖက်ထုပ်လုပ်နိုင်သည့် အရည်အချင်းမရှိဟု သက်သေပြနေပေသည်။အဒေါ်ကြီးက ထိုနှစ်ယောက်လုံး ဖက်ထုတ်ရွက်ကို ထူလိုက်ပါးလိုက် ၊ ဝိုင်းလိုက်လေးထောင့်ကျလိုက်ဖြစ်အောင် လှိမ့်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမက ဖက်ထုပ်ရွက်လှိမ့်သည့် တာဝန်ကိုယူကာ သူတို့အား အဆာပလာသွပ်ခိုင်းလိုက်သည်။
နှစ်ယောက်လုံးလုပ်ထားသည့် ဖက်ထုပ်များက ရုပ်ဆိုးသော်ငြား တစ်မျိုးနှင့်တစ်မျိုး ရုပ်ဆိုးပုံချင်း မတူကြပေ။ မစ္စတာလီ၏ဖက်ထုပ်များက ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်သည်။ သူက ဖက်ထုပ်ရွက်တစ်ခုထဲသို့ ဖက်ထုပ်နှစ်ခုစာ အဆာပလာများ မရမက သွပ်ထည့်လိုက်၏။ သူဌေး၏ဖက်ထုပ်များမှာ ကြီးမားပြီး ခြောက်သွေ့သည့်အတွက် ဖက်ထုပ်ရွက်မှာ ငါးပိုင်းကွဲသွားသည်။ ထားပါတော့၊ အသားရှားပါးတဲ့ မိသားစုတွေက ဒီလိုဖက်ထုပ်မျိုးလုပ်ပြီး ပိုက်ဆံစုကြတာပါပဲ။
ဖက်ထုပ်အများစု ထုပ်ပြီးသည်နှင့် လူနှစ်ယောက်၏ တီထွင်ဆန်းသစ်မှုများလည်း ကုန်ဆုံးသွားခဲ့သည်။ သူတို့သည် လက်နှင့်မျက်နှာရှိ ဂျုံမှုန့်များကို သန့်စင်အောင် ဆေးကြောပြီး အဝတ်သန့်သန့်များ လဲလှယ်ဝတ်ဆင်လိုက်ကြ၏။ လီကျောင်းက တက်ဘလက်နှင့် ဂိမ်းဆော့နေစဉ် ရန်ထင်းက လီကျောင်းပေးခဲ့သည့် လက်တော့ပ်ကို ဖွင့်ကြည့်လိုက်သည်။
ကောင်းကင်မှာ မှောင်ရိပ်သန်းလာပြီး ဂိမ်းထဲရှိ လီကျောင်း၏စွမ်းဆောင်ရည်မှာ ဆိုးရွားလွန်းသောကြောင့် ပဉ္စမတန်းကျောင်းသားတစ်ယာက်၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ သူက ဂိမ်းမှ ထွက်ကာ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ "မှောင်နေပြီပဲ။"
ရန်ထင်းက သူ့ကို မော့ကြည့်လိုက်သည်။ "မင်း ဗိုက်ဆာနေပြီလား။"
"မဆာသေးပါဘူး၊ ဒီနေ့ ငါတို့ တီဗွီဖွင့်ပြီး နွေဦးပွဲတော်အစီအစဉ်ကို ကြည့်ကြရအောင်။" တက်ဘလက်ကို ဘေးသို့ ပစ်ချလိုက်ရင်း လီကျောင်းက တီဗွီကို ဖွင့်လိုက်၏။ ခုနစ်နာရီကျော်ရုံသာရှိသေးသဖြင့် အမျိုးသားရုပ်သံလိုင်းမှ သတင်းထုတ်လွှင့်နေဆဲဖြစ်သည်။
နွေဦးပွဲတော်အခါသမယဖြစ်သဖြင့် သတင်းထုတ်လွှင့်ခြင်းကပင် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေလျက်ရှိ၏။ အစီအစဉ်တင်ဆက်သူအမျိုးသမီးက ပွဲတော်နှင့်အညီ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“နှစ်သစ်ရောက်တော့မယ်ဆိုတော့ ကျွန်မတို့က နွေဦးပွဲတော်အတွက် လမ်းပေါ်က မြို့သူမြို့သားအများအပြားနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ဆန္ဒတွေကို နားထောင်ခဲ့ပါတယ်။"
"တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေ ပြည့်စုံဖို့ တစ်ပတ်ပြီးတစ်ပတ် လှည့်လည်သွားလာခဲ့ပါတယ်။"
"မိသားစုကို အကျိုးပြုနိုင်ပြီး ကျွန်တော်တို့ တစ်အိမ်သားလုံး ကျန်းမာချမ်းသာကြပါစေ။"
"ငြိမ်းချမ်းသာယာပြီးတော့ ကြွယ်ဝချမ်းသာပါစေ။ နေ့စဉ်နဲ့အမျှ ပိုပြီး ချမ်းသာလာချင်ပါတယ်။"
"အာ…" လီကျောင်းသည် သတင်းထုတ်လွှင့်မှုတွင် နှစ်စက္ကန့်၊ သုံးစက္ကန့်ကြာအောင် သူ့မျက်နှာကို မြင်လိုက်ရပြီး သူ့တစ်ကိုယ်လုံး မိနစ်ဝက်ခန့် အေးခဲသွား၏။
"ထင်းထင်း!!!!!"
ထိုအော်သံက အလွန်ထိတ်လန့်စရာကောင်းလှသဖြင့် ရန်ထင်းသည် အချက်အလက်စာသားအမှားတစ်ခု ရိုက်ထည့်လိုက်မိသည်။
"ငါ သတင်းမှာ ပါနေတယ်။" လီကျောင်းက ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။ "ငါက သတင်းထုတ်လွှင့်မှုမှာ ပါလာတယ်။"
ရန်ထင်းသည် လီကျောင်းက ခွေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်မြူးထူးနေသည်ကို မြင်သဖြင့် သူ့လက်တော့ပ်ကို လုံခြုံတဲ့နေရာတွင် ထားလိုက်သည်။ လီကျောင်းက သူ့စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ လက်တော့ပ်ကို ပျက်စိအောင်လုပ်မိမည်ကို သူစိုးရိမ်နေခဲ့သည်။
"ငါတော့ ငါ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ကြွားနိုင်တယ်။" လီကျောင်းက ဆိုဖာပေါ်တွင် လူးလှိမ့်နေချင်မိသည်။ သူ၏နှလုံးပီတိဂွမ်းဆီထိမှုကို ထွက်ပေါက်ရှာနိုင်သည့်နေရာ မရှိသောကြောင့် သူသည် အပြေးအလွှားသွားကာ ရန်ထင်း၏လည်ပင်းအား ပွေ့ဖက်ရုံသာ ရှိတော့၏။ "ခဏလေး၊ ငါ့စတူဒီယိုရဲ့ အယ်ဒီတာကို အဲ့ဒီစက္ကန့်အနည်းငယ်စာကို ဖြတ်ထားခိုင်းရမယ်။ ပြီးတော့ အဲ့ဒါကို ငါ့ရဲ့သားစဉ်မြေးဆက် ကြည့်နိုင်အောင် ချန်ထားခဲ့မယ်။"
သားစဉ်မြေးဆက်…။ သူ့လည်ပင်းကို ချိတ်တွယ်ထားသည့် လီကျောင်းကို ငုံ့ကြည့်နေစဉ် ရန်ထင်း၏မျက်လုံးများ မှိန်ဖျော့သွားခဲ့သည်။ “ဒီလိုကိစ္စအသေးအဖွဲလေးကြောင့် တခြားသူတွေကို ဒုက္ခမပေးပါနဲ့တော့။ ငါ မင်းကို တည်းဖြတ်ဖို့ ကူညီပေးမယ်။"
"ဟုတ်တယ်၊ အဲဒီစက္ကန့်အတွင်းမှာ မင်းရဲ့မျက်နှာတစ်ခြမ်းကို ပြခဲ့တယ်။" လီကျောင်း၏ စိတ်လှုပ်ရှားမှုမှာ မပြီးဆုံးသေးချေ။ “အနာဂတ်မှာ ငါ့တို့ လူတိုင်းကို ကြွားလို့ရပြီ။ အမျိုးသားရုပ်သံလိုင်းက ငါတို့ရဲ့ ID ကို ညီအစ်ကိုကောင်းတွေအဖြစ် တံဆိပ်ခတ်ပေးလိုက်ပြီ။"
ရန်ထင်းက ပြန်ပြောလိုက်၏။ “ဆယ်စုနှစ်တွေကြာသွားရင်တောင် လူတိုင်းက မင်းငါနဲ့အတူရှိနေတယ် ဆိုတဲ့အကြောင်းကို သိသွားကြလိမ့်မယ်။"
"ဘာပြောလိုက်တာလဲ။" လီကျောင်းက ရန်ထင်းပြောသည့်စကားကို မကြားလိုက်ပေ။
"ငါပြောတာက…" ရန်ထင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါတို့က ရင်းနှီးတဲ့ညီအစ်ကိုတွေဆိုတာ လူတိုင်းသိသွားမှာပါလို့။"
"ငါလည်း ဝမ်းသာတယ်။"
လီကျောင်း၏ပရိသတ်တစ်ဦးဖြစ်သော လီကျောင်းချောင်က ဂရုတစိုက်နှင့် မက်ဆေ့ချ်တစ်စောင် ပို့ခဲ့သည်။ "ငါ သတင်းထုတ်လွှင့်တာကို ငါ့မိဘတွေနဲ့အတူတူ ကြည့်ခဲ့တယ်။ အင်တာဗျူးခံရတဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်က ငါတို့ဘေဘီလေးနဲ့ တော်တော်တူတာပဲ။"
အခြားပရိသတ်များက ထိုစာကို မြင်ပြီး လီကျောင်း၏ပရိသတ်များမှာ ကယောင်ချောက်ချားဖြစ်နေသည်ဟု အပြောခံရမည်ကို ကြောက်သဖြင့် သူမ၏စကားအသုံးအနှုန်းကို လွန်စွာဂရုတစိုက်ရေးသားခဲ့သည်။ စကားလုံးတစ်လုံးမှားခြင်းက သူမ၏ဘေဘီလေးအား ဒုက္ခဖြစ်စေမည်ကို စိုးရိမ်မိသောကြောင့်ပင်။
“+1 ။ နှာခေါင်းစည်းအပေါ်က မျက်လုံးတွေက ငါတို့ဘေဘီလေးနဲ့ တူတာကို မြင်လိုက်ရတဲ့အချိန်မှာ ငါအော်ဟစ်လုနီးပါးဖြစ်သွားခဲ့တယ်။"
"ငါ မပြောရဲပေမဲ့ အဲဒါ ငါတို့ရဲ့ဘေဘီလေးလို့ ငါတကယ် ခံစားရတယ်။"
“နှာခေါင်းစည်းတပ်ထားတဲ့ ကောင်လေးဘေးကလူက သူ့မျက်နှာတစ်ခြမ်းလောက်သာ မြင်ရပေမဲ့ သူက အရမ်းခန့်ညားတာပဲ။ နှာခေါင်းစည်းတပ်ထားတဲ့အစ်ကို စကားပြောနေတဲ့အချိန်မှာ သူ့မျက်လုံးတွေက နှာခေါင်းစည်းတပ်ထားတဲ့အစ်ကိုကို စောင့်ကြည့်နေတယ်ဆိုတာ သတိထားမိတယ်။"
"ငါ…ငါတော့ သူက ဘေဘီလေးပြောခဲ့တဲ့ သူဌေးလက်သစ်ဖြစ်မယ် ထင်တာပဲ။"
“ရမ်းသမ်းမပြောနဲ့။ တခြားပရိသတ်တွေမြင်ရင် ငါတို့ဘေဘီလေးကို အပုပ်ချဖို့ အခွင့်အရေး ရသွားလိမ့်မယ်။ ဒီအကြောင်းတွေ မပြောနဲ့။"
"ဒီအမှန်တရားကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ နှာခေါင်းစည်းတပ်ထားတဲ့အစ်ကိုက ဘာလို့ ငါတို့ကလေးလေးနဲ့တူနေရတာလဲ။"
ဖြတ်သွားဖြတ်လာများကို အင်တာဗျူးနေသည့် အမျိုးသားရုပ်သံလိုင်း၏ စုစည်းမှုအမည်အောက်တွင် ပရိသတ်တချို့က ထိုအပိုင်းကို တမင်တကာ တည်းဖြတ်ပစ်ခဲ့ကြ၏။ သို့သော် နှာခေါင်းစည်းတပ်ထားသည့်ကောင်လေး၏ မျက်နှာတန်ဖိုးသည် အခြားမြို့သူမြို့သားများထက် သိသိသာသာ ကျော်လွန်နေပေသည်။
"အသွင်အပြင်က ဆင်တူရုံမက အသံကလည်း ဆင်တူနေတယ်။"
“ခန့်ညားတဲ့လူကြီးရဲ့ မျက်နှာတစ်ဝက်လောက်ပဲ ပေါ်လာတာတောင်မှ သူက ငါတို့ဘေဘီလေးရဲ့သူဌေးကြီးလို့ ငါတကယ်ထင်မိတယ်။ ငါတော့ ဂိုဏ်းတစ်ခုခုထဲ ဝင်နိုင်လောက်တယ်။"
"အပေါ်က CP ပရိတ်သတ်ရေ၊ လောလောဆယ် နှာခေါင်းစည်းတပ်ထားတဲ့အစ်ကိုက ကျောင်းကျောင်း ဟုတ်မဟုတ်တောင် သေချာမသိသေးဘူး။ ကျောင်းကျောင်းအကြောင်း မဟုတ်တရုတ်တွေ မပြောနဲ့။"
လော့ရုန်သည် နွေဦးပွဲတော်ကို ဇနီး၊ သားသမီးများနှင့်အတူ အိမ်တွင် ကုန်ဆုံးနေခဲ့သည်။ရုတ်တရက် 'အဲ့ဒါက သတင်းမှာပါလာပြီ' ဟု ရေးသားထားသည့် လီကျောင်းထံမှ မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိသောအခါ လော့ရုန်မှာ ကြောက်လန့်တုန်လှုပ်သွားခဲ့၏။ ဥပဒေချိုးဖောက်မှု ဒါမှမဟုတ် မတော်တဆမှုကြီးတစ်ခု ဖြစ်ခဲ့တာလား။ We Chat ဂရုရှိ အဖွဲ့တစ်ဖွဲ့လုံး လန့်ဖျပ်သွားကြသည်။ သူတို့သည် နွေဦးပွဲတော်ရက်အတွင်း အချိန်ပိုမဆင်းချင်ပါ။
လီကျောင်းသည် စိတ်အားထက်သန်နေကြသည့်မြို့သူမြို့သားများ၏ ဗီဒီယိုကို အဖွဲ့ထံ ပေးပို့လိုက်သည်နှင့်တစ်ပြိုင်နက် အကုန်လုံး တိတ်ဆိတ်သွားကြသည်။ လော့ရုန်သည် ရွေ့လျားနေသော ပုံရိပ်လေးကို ခဏမျှ စိုက်ကြည့်နေခဲ့၏။ ထို့နောက် လီကျောင်းက တကယ်ကံကောင်းလွန်းကြောင်း သူယုံကြည်သွားခဲ့သည်။ သူသည် နှာခေါင်းစည်းတပ်ကာ ဈေးဝယ်ထွက်နေရင်း အမျိုးသားရုပ်သံလိုင်းမှ သတင်းထောက်တစ်ယောက်နှင့် တွေ့ဆုံနိုင်ခဲ့၏။ အင်တာဗျူးနှင့် ပက်ပင်းကြုံရလျှင်တောင် သတင်းထုတ်လွှင့်မှုမစခင် တည်းဖြတ်ခံရနိုင်သည်။ ၎င်းက ဘိုးဘေးများ၏ ကောင်းချီးမင်္ဂလာပင်။ အသိုင်းအဝိုင်းထဲတွင် တစ်ခါတစ်ရံ ကံကြမ္မာကို ယုံကြည်ရန် လိုအပ်လှ၏။ အခွင့်အလမ်းများနှင့် မမျှော်လင့်ဘဲ ကြုံတွေ့နိုင်သည့် အနုပညာရှင်များမှာ အမှန်တကယ် ကံကောင်းသူများ ဖြစ်ပေသည်။
အဖွဲ့ထဲရှိတစ်ယောက်က ထိုကိစ္စကို ဈေးကွက်တင်ရန် hot search တစ်ခု ဝယ်သင့်လားဟု မေးလိုက်သည်။
လော့ရုန် : မဝယ်ဘူး၊ ဒီည ငါတို့အားလုံး နွေဦးပွဲတော် ညနေခင်းအစီအစဉ်တွေကို ကြည့်နေကြတယ်။ တစ်ခြားသတင်းတွေက ညနေခင်းပွဲတော်တွေလောက် ရေပန်းစားမှာ မဟုတ်ဘူး။ ရက်နည်းနည်းလောက် စောင့်ကြတာပေါ့။
ထို့အပြင် သူတို့ဘက်က လူသိရှင်ကြား မကြော်ငြာလျှင်ပင် စိတ်အားထက်သန်နေသည့်မြို့သူမြို့သားတစ်ဦးမှာ လီကျောင်း ဖြစ်ကြောင်းကို မျက်စိလျင်သည့် ပရိသတ်များက မှတ်မိကြပေလိမ့်မည်။
လီကျောင်း၏ပရိသတ်များက သူ့အား အမှန်တကယ် မှတ်မိခဲ့ကြသည်။ သူတို့က စိတ်လှုပ်ရှားနေသည့်အပြင် အနည်းငယ် ရယ်ချင်နေခဲ့၏။ ထိုသတင်းမျိုးတွင် ထွက်ပေါ်လာမည့် ဖျော်ဖြေရေးသမားမှာ သူတို့မိသားစု၏ကျောင်းကျောင်းကလွဲ၍ တစ်ခြားမည်သူမှ ရှိမည်မဟုတ်ချေ။ သူ၏စိတ်ထားကောင်းမှုကြောင့် သူတို့ဘေဘီလေး၏ ရူးကြောင်ကြောင်နိုင်သည့် ပျော်ရွှင်မှုမှာ ဖန်သားပြင်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။
ညဆယ်နာရီကျော်လောက်တွင် လီကျောင်းက သတင်းထုတ်လွှင့်မှုတွင် ပါဝင်ခဲ့ကြောင်း စုန့်ယွီကြားသိလိုက်ရ၏။ သူသည် နွေဦးပွဲတော် Weibo စာမျက်နှာကို ဖွင့်နေစဉ် We Chat ဂရုကိုလည်း ဖွင့်လိုက်ပြီး သူ၏စတူဒီယိုမှ ဝန်ထမ်းများထံ စာအိတ်နီများပေးပို့လိုက်သည်။
အစီအစဉ်ကိုကြည့်ရှုပြီးနောက် WeChat ဂရုကို ပြန်ကြည့်သောအခါတွင် စကားဝိုင်း၏ဦးတည်ရာမှာ လီကျောင်း ဖြစ်လာကြောင်း တွေ့လိုက်ရသည်။ အငယ်တန်းအနုပညာရှင်ဖြစ်တဲ့ လီကျောင်းက သတင်းထုတ်လွှင့်မှုမှာတကယ်ကြီး ပါလာခဲ့တာလား။
စုန့်ယွီမှာ မယုံကြည်နိုင်သော်လည်း အင်တာနက်ကြည့်ရန် အဖွဲ့စကားဝိုင်းမှ ထွက်ခဲ့သည်။ သူသည် လှုပ်ရှားနေသော ပုံရိပ်လေးကို မြင်လိုက်ရပြီးနောက် ငြိမ်သက်သွားခဲ့၏။ ဒါက ကံကြမ္မာပဲ။ အစပိုင်းတွင် သူသည် အနာဂတ်ကို ဟောကိန်းထုတ်နိုင်သည့် ထူးထူးဆန်းဆန်း အိပ်မက်တစ်ခု မက်ခဲ့သည်။ သူ့ဘဝကြီး ကျော်ကြားလာတော့မည်ဟု သူစိတ်ကူးယဉ်ခဲ့သော်လည်း လက်တွေ့ဘဝက သူ့အား ပြင်းပြင်းထန်ထန် ပါးရိုက်လွှတ်လိုက်သည်။
နာမည်ကြီးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဇာတ်ကောင်ပြောင်းသွားရင်တောင် နာမည်ကြီးတာက နာမည်ကြီးတာပဲ။ သူက အခုချိန်ထိ အဆူအဆဲ ခံနေရတယ်။ အကယ်၍ သူက လီကျောင်းရဲ့ဇာတ်ကောင်ကို ပြောင်းလဲပြီး လီကျောင်းရဲ့ကြယ်ပွင့်လမ်းကြောင်းကို အရင်ကနဲ့မတူအောင် လုပ်ထားရင်တောင် လီကျောင်းရဲ့ဘဝက ပြောင်းလဲသွားမှာမဟုတ်ဘူး။
ဒါပေမဲ့…
လှုပ်ရှားနေသော ပုံရိပ်ကို သူ အသေအချာ စိုက်ကြည့်နေခဲ့သည်။ လီကျောင်းရဲ့ဘေးကလူက သူ့သူငယ်ချင်း ထင်းထင်းလား။ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်စေရန်အလို့ငှာ စုန့်ယွီသည် အိပ်မက်ထဲက အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့၏။ အိပ်မက်ထဲတွင် လီကျောင်း၌ သူဌေးလက်သစ်သူငယ်ချင်းတစ်ယောက်မှ မရှိကြောင်း သူသေချာပေါက် သိပေသည်။
အိပ်မက်ထဲတွင် လီကျောင်းသည် ဒရာမာများစွာတွင် ဇာတ်ပို့နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ လူကြိုက်များလာပြီးနောက် လီကျောင်းသည် တန်ဖိုးနည်းကိုယ်ခံပညာဒရမ်မာတစ်ခုတွင် ဒုတိယအမျိုးသားဇာတ်လိုက်အဖြစ် ပါဝင်ခဲ့၏။ သူသည် ခြေထောက်ကျိုးသွားသော်လည်း ရှုတင်ရိုက်ကူးရန် မရမကတောင်းဆိုနေဆဲ ဖြစ်သည်။
အချိန်ကား နွေဦးပွဲတော် မရောက်ခင်အချိန်ပင်။ လီကျောင်းသည် ခြေထောက်မကျိုးရုံသာမက ဒါရိုက်တာယန်၏ 'မိုးကောင်းကင်ကျူးရင့်သံ' တွင် ဒုတိယအမျိုးသားဇာတ်လိုက်အဖြစ်လည်း သရုပ်ဆောင်ခဲ့၏။ သူက နှံကောင်တစ်ကောင်အလား ခုန်ပေါက်နေခဲ့သည်။
ထိုအကြောင်းကိုတွေးမိရင်း စုန့်ယွီသည် သူ့အိပ်မက်ကို သံသယမဝင်ဘဲ မနေနိုင်တော့ချေ။ လီကျောင်း၏ မူလ နာမည်ကြီးလာသည့် ကံကြမ္မာမှာ ခါးသီးလွန်းလှသည်ဟု ဘုရားသခင်က ခံစားမိသဖြင့် သူ့ကို ကံကောင်းအောင်လုပ်ပေးပါရန် စုန့်ယွီအား တောင်းဆိုခဲ့ခြင်းများလား။ အရှေ့က ပြောင်းလဲမှုအားလုံးသည် လီကျောင်းနှင့်သူ ဇာတ်ကောင် လဲလှယ်ပြီး လီကျောင်းကို အဆီတက်အောင် ကြိုးစားခဲ့ရာမှ စတင်လာခဲ့ခြင်းပင်။ နောက်ဆုံးရလဒ်မှာ လီကျောင်းက ဝမလာဘဲ သူကသာ ဆူပူကြိမ်းမောင်းခြင်းခံလိုက်ရသည်။
နောက်ပြီး ရန်ထင်းက ဘယ်ကလာတာလဲ။အိပ်မက်ထဲက လီကျောင်းမှာသာ ဒီလိုသူဌေးလက်သစ် သူငယ်ချင်းတစ်ယောက်ရှိခဲ့ရင် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ သူ့ဘဝအတွက် ဘာကြောင့် တိုက်ပွဲဝင်ဖို့ လိုမှာလဲ။
"အင်း၊ ဒါက ငါ့ကိစ္စမဟုတ်ပါဘူးလေ။"
၎င်းက အိပ်မက်ဖြစ်ဖြစ် လက်တွေ့ဘဝဖြစ်ဖြစ် အရေးမကြီးပေ။ တစ်ခြားသူ၏အရင်းအမြစ်များကို အားကိုးရန် အတင်းအကျပ်တွန်းအားပေးလျှင် ဆူပူခံရခြင်းဟူသည့် ကံတရားမှ သူမလွတ်မြောက်နိုင်မည် မဟုတ်ပါ။ သူသည် လီကျောင်းက "ကျွန်တော့်ချစ်သူနတ်သမီး" ကို လက်ခံခြင်း ရှိ၊ မရှိ နှင့် ပတ်သက်၍ သူ၏အေးဂျင့်ထံ မေးမြန်းခဲ့သည်။
သူ၏ ဟောကိန်းထုတ်အိပ်မက်တွင်မူ မူလက ထိုရှိုးပွဲ*တွင် လူမရှိခဲ့ပေ။ လီကျောင်းက နေရာတစ်ခု ပါလိုက်သည်နှင့် မိန်းကလေးအများစုက လီကျောင်း၏ရည်းစားဖြစ်လိုကြောင်း ပွက်ပွက်ညံအောင် တောင်းဆိုခဲ့ကြသည်။ ယခုလက်တွေ့ဘဝတွင် လီကျောင်း၏ကြယ်ပွင့်လမ်းကြောင်းက ပြောင်းလဲသွားခဲ့၏။ အကယ်၍ လီကျောင်းက ထိုရှိုးပွဲကို လက်မခံပါက စုန့်ယွီက ကောက်ယူလိုက်မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် လီကျောင်း၏အခွင့်အလမ်းကို လုယူခြင်းမဟုတ်ဘဲ ကောက်ယူလိုက်ရုံသာဖြစ်ပေ၏။ ကံကြမ္မာက သူ့ကို လက်စားမချေလောက်ပါဘူး… ဟုတ်တယ်မလား။
(*show လို့ ရေးထားတာပါ။ ကိုယ်တော့ ဇာတ်ကားလို့ ထင်တာပဲ။ သိပ်မသေချာလို့ ရှိုးပွဲလို့ပဲရေးထားပါတယ်။)
ကံကြမ္မာရှေ့၌ စုန့်ယွီ တုန်လှုပ်နေကြောင်း လီကျောင်း မသိခဲ့ပေ။ လက်ရှိတွင် သူသည် သူ့အခန်းထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်ကာ ကြီးမားသည့် ရွှေရောင်စာလုံးသုံးလုံး ရိုက်နှိပ်ထားသည့် စာအိတ်နီထဲသို့ သူပြင်ဆင်ထားသည့် ငွေစက္ကူများ ထည့်လိုက်၏။ ၎င်းက နှစ်သစ်ကူးပိုက်ဆံ* ဖြစ်သည်။
(*ဟုန်ပေါင်းလို့လည်း ခေါ်ပါတယ်။ နှစ်သစ်မှာ ကံကောင်းအောင် ပေးတဲ့ပိုက်ဆံပါ။)
အနီရောင်စာအိတ်သည် ထူထဲပြီး ငွေအမြောက်အမြားနှင့် ပြည့်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကဲ့သို့ပင်။ သူသည် စာအိတ်နီနှင့် ရန်ထင်းအခန်းသို့ လျို့လျို့ဝှက်ဝှက်သွားနေစဉ် စင်္ကြံ၌ အိမ်တော်ထိန်းကို ဝင်တိုက်မိခဲ့သည်။
“ရှုး…” လီကျောင်းက သူ့ပါးစပ်ကို လက်ညိုးထိုးပြပြီး အိမ်တော်ထိန်းအား တိတ်တိတ်နေရန်အမူအရာ ပြလိုက်သည်။ ထို့နောက် အောက်ထပ်ကို တိတ်တဆိတ် ကြည့်လိုက်၏။ရန်ထင်းက သူ့လှုပ်ရှားမှုကို သတိမပြုမိပေ။ သူက ခြေလှမ်းအနည်းငယ်လှမ်းကာ ရန်ထင်းအခန်းရှိ ခေါင်းအုံးအောက်တွင် စာအိတ်နီကို ချထားခဲ့သည်။
"မစ္စတာလီ၊ သူက လူကြီးတစ်ယောက်ဖြစ်နေပြီ။" အိမ်တော်ထိန်းက စာအိတ်နီပေါ်ရှိ စကားလုံးများကို လွတ်မသွားခဲ့ပါ။
"ဘယ်သူက ကလေး မဟုတ်တာလဲ။" လီကျောင်းက အသံတိုးလိုက်သည်။ "လက်မထပ်ရသေးရင် ကလေးပဲလေ။ စာအိတ်နီက နှစ်သစ်မှာ ရောဂါဘယနဲ့ ဒုက္ခကင်းဝေးပါစေလို့ ဆိုလိုတာလေ။"
အိမ်တော်ထိန်းက ပြုံးလိုက်သည်။ “ဒါက ဒီလိုကိုး။”
"လီကျောင်း…" ရန်ထင်းက စင်္ကြံတွင် ရပ်နေသော လူနှစ်ယောက်ကို ကြည့်လိုက်၏။
"လာပြီ လာပြီ…" လီကျောင်းက အောက်ထပ်သို့ ပြေးဆင်းကာ နံရံပေါ်ရှိအချိန်ကို ကြည့်လိုက်သည်။ "ညသန်းခေါင်ရောက်တော့မယ်။" ကံမကောင်းတာက ပေကျင်းမှာ မီးရှုးမီးပန်း ဒါမှမဟုတ် ဗျောက်အိုးဖောက်တာကို ခွင့်မပြုဘူး။ ဒီမြို့က သူ့မွေးရပ်မြေသာဆိုရင် တစ်မြို့လုံး ဗျောက်အိုးသံတွေ ဆူညံနေမှာပဲ။
နွေဦးပွဲတော်၏အစီအစဉ်တင်ဆက်သူသည် စက္ကန့်ရေတွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်သည်။
"ပျော်ရွှင်စရနှစ်သစ်လေးဖြစ်ပါစေ။" လီကျောင်းသည် စက္ကန့်တံကို စိုက်ကြည့်ပြီး နံပါတ် ၁၂ သို့ရောက်သည်နှင့် သူသည် ရန်ထင်းဘက်သို့ လှည့်ကာ သူ၏ပထမဆုံးဆုတောင်းစကားကို ပြောလိုက်သည်။
ထို့နောက် လူနှစ်ယောက်၏ ဖုန်းများထဲသို့ မက်ဆေ့ခ်ျများစွာ ဝင်လာပြီး စားပွဲပေါ်တွင် ငလျင်လှုပ်သွားသလိုပင်။
"ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေ။"
ရန်ထင်းသည် ထိုသူ၏မျက်လုံးများက အစစ်အမှန်ဖြစ်သည်ဟု တွေးမိခဲ့သည်။ ထိုမျက်လုံးများနှင့် သူ့အား အမြဲတမ်း ကြည့်နေစေချင်၏။ ကမ္ဘာပေါ်ရှိ မည်သူကမှ ၎င်းတို့ကို မဖယ်ရှားနိုင်ပါ။ လူနှစ်ယောက်က ဆိုဖာပေါ်တွင် တစ်ခဏမျှ ထိုင်ခဲ့ကြသည်။ "မမေ့ပျောက်နိုင်တဲ့ဒီညတာ" သီချင်းကို တီဗီတွင် စတင်သီဆိုလိုက်သည်နှင့် လီကျောင်းသည် နှစ်သစ်ကို ကြိုဆိုနှုတ်ဆက်ရသည့် ခံစားချက်အစစ်အမှန်ကို ရရှိခဲ့ပေသည်။ ဤနေရာတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်သောကများ မရှိချေ။
သူသည် အနက်ရောင်ဆံသားများကို သပ်သပ်ရပ်ရပ် ဖြီးထားပြီး အရောင်ဖျော့ဖျော့ ဆွယ်တာအကျီကို ဝတ်ဆင်ထားသည့် မန့်ဟွာ့ ဇာတ်ကောင်ကဲ့သို့ ဖြစ်နေသော ရန်ထင်းကို လှည့်ကြည့်လိုက်သည်။ "နောက်နှစ်…"
နောက်နှစ်တွေမှာလည်း နှစ်သစ်ကို အတူတူ နှုတ်ဆက်ကြရအောင်ဟု သူ ပြောလိုက်ချင်သည်။ သို့သော် ထိုစကားများ မပြောရသေးခင် သူက ၎င်းတို့ကို ပြန်မျိုသိပ်လိုက်ပြီး ရန်ထင်းအား ပြုံးပြလိုက်၏။ လူတွေအပေါ် အရမ်းမျှော်လင့်ထားလို့ မဖြစ်ဘူး။ ပစ္စုပ္ပန်ကို တန်ဖိုးထားမြတ်နိုးရမယ်။ နောက်ပိုင်း ပျော်ရွှင်စရာ တစ်ခုခုရှိလာရင် သူ ပိုပြီးပျော်ရွှင်နိုငိတာပေါ့။ အနာဂတ်အတွက် မျှော်လင့်ချက်တွေထားမိရင် ထင်သလိုဖြစ်မလာတဲ့အခါ သူဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။ မျှော်လင့်ချက်မထားရင် စိတ်ပျက်စရာမလိုတော့ပါဘူး။
"နောက်နှစ်ကျရင် နှစ်သစ်ကို အတူတူနှုတ်ဆက်ဖို့ ငါနဲ့အတူတူရှိနေပေးမလား။" ရန်ထင်းက သူ့ကို မေးလိုက်သည်။
“အင်း။” လီကျောင်း၏ မျက်နှာပေါ်ရှိအပြုံးမှာ ပို၍တောက်ပလာ၏။ အံ့အားသင့်စရာတွေက လူတစ်ယောက်ကို အမြဲတမ်း ပိုပြီးပျော်ရွှင်စေတယ်။ ဒါ့ကြောင့် ဒီနှစ်မှာလည်း သူကံကောင်းနေတုန်းပါပဲ။
ညဥ့်နက်လာသောအခါ ရန်ထင်းက အခန်းထဲ ပြန်ဝင်သွားပြီး မှောင်မည်းနေသည့် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
ဒါက လီကျောင်း ကတိပေးခဲ့တဲ့အရာတစ်ခုပါ။အကယ်၍ နောက်နှစ် သူ ဒီမှာ မရှိတော့ရင်တောင်… လီကျောင်းက ဒီမှာပဲ ရှိနေမှာပါ။ ဒီလူကို ဒီအိမ်မှာပဲ စောင့်ရှောက်ထားရမယ်။
သူ့အိပ်ရာကို ကြည့်လိုက်သောအခါ ခေါင်းအုံးက ခြေရာလက်ရာပျက်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းအုံးကို မကြည့်လိုက်သောအခါ ကွဲထွက်တော့မယောင်ဖြစ်နေသည့် စာအိတ်နီတစ်လုံးကို တွေ့လိုက်ရ၏။ စာအိတ်ပေါ်တွင် တောက်ပသော ရွှေရောင်စာလုံးသုံးလုံး ပါရှိပြီး ၎င်းက အလင်းရောင်အောက်တွင် တလက်လက်တောက်ပနေခဲ့သည်။
ဖြူဖျော့နေသည့်လက်တစ်ဖက်က စာအိတ်အနီကို မကောက်ယူခင်အထိ ၎င်းက အချိန်အတော်ကြာအောင် တိတ်တဆိတ် လဲလျောင်းနေခဲ့၏။ သူ ဖွင့်ကြည့်လိုက်ချိန်တွင် စာလုံးသေးသေးလေးများကို တွေ့လိုက်ရသည်။
"ထင်းထင်းကို နတ်ဆိုးတွေ မထိပါးဘဲ ရောဂါဘယနဲ့ ဘေးဒုက္ခအပေါင်း ကင်းဝေးပြီး ငြိမ်းချမ်းလုံခြုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။"
ထိုစကားလုံးများအောက်တွင် အပြုံးမျက်နှာတစ်ခုကို ရေးဆွဲထားသည်။ မျက်လုံးများ ကွေးညွတ်နေပြီး လီကျောင်း ပြုံးနေသကဲ့သို့ပင်။ ဒီကလေးကတော့ အယူသီးနေတုန်းပဲ။
စာရေးသူမှာ ပြောစရာရှိတယ်။
သူငယ်တန်းကျောင်းဖွင့်သည့် ပထမနေ့တွင် ဘေဘီကျောင်းကျောင်းက ဘေဘီထင်းထင်း၏ရင်ဘတ်ပေါ်ကို စာအိတ်အနီရောင်လေးတင်ပြီး ဘေဘီထင်းထင်းအား လေးလေးနက်နက် ပြောလိုက်သည် : မင်းကို စာအိတ်နီတစ်အိတ်ပေးမယ်။ မင်းက သူငယ်တန်းမှာ ကံအကောင်းဆုံး ကလေးလေး ဖြစ်လာမှာပါ။ (*^▽^ *)
#6037words
#13.11.21
(ကဲ ဒီအပိုင်းမှာတော့ အတိတ်ဘဝကို အိပ်မက်အဖြစ် မက်တဲ့သူ ပေါ်လာပြီပေါ့နော်။ ဒီအပိုင်းအတွက် ထင်မြင်ချက်လေးတွေ ရေးသွားလို့ရပါတယ်။)