Touching Porcelain
ကျယ်လောင်သည့် တံခါးခေါက်သံကြောင့် လီကျောင်း နိုးလာခဲ့သည်။ သူက လက်ကိုဆန့်ကာ ခေါင်းအုံးဘေးရှိ ဖုန်းကို ထိလိုက်၏။ သူက မျက်လုံးတစ်ဝက်မှေး၍ ဖုန်းကို ကြည့်လိုက်ပြီး ညဆယ့်နှစ်နာရီထိုးခါနီးပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒီအချိန်ကျမှ ဘယ်သူက သူ့တံခါးကို လာခေါက်တာလဲ။
လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ ရိုက်ကူးရေးတွင် ယောင်ရှရှကြောင့် ဖြစ်ခဲ့ရသည့် ကြောက်ရွံ့မှုကို သူ ချက်ချင်း သတိရသွား၏။ သူက တံခါးဝရှိ မျက်လုံးပေါက်ကို ဂရုတစိုက် ချောင်းကြည့်လိုက်ပြီး စုန့်ယွီ၏ ရွဲ့စောင်းနေသောမျက်နှာကို မြင်လိုက်ရသည်။
လီကျောင်းက တံခါးဖွင့်လိုက်သည်။ “အစ်ကိုစုန့်၊ အစ်ကို ကျွန်တော်ကို ဘာလို့ လာရှာတာလဲ။ အထဲဝင်ပြီး စကားပြောကြတာပေါ့။"
လီကျောင်း၏ အိပ်ချင်နေသော မျက်လုံးများကို မြင်သောအခါ စုန်ယွီက ဒေါသထွက်ထွက်နှင့် ပြုံးလိုက်သည်။ “အိပ်နေတယ်ပေါ့၊ မင်းက ဆက်တိုက်အိပ်နိုင်တဲ့ ဝက်တစ်ကောင်လား။”
"ညသန်းခေါင်ရောက်နေပြီလေ။ အစ်ကို ဘာလို့ မအိပ်သေးတာလဲ။" လီကျောင်းက စုန့်ယွီ၏ဒေါသကြီးမှုကို ရှေးကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ သူက နောက်လှည့်ကာ ဗီရိုပေါ်မှ အဖုံးမဖွင့်ရသေးသောရေဘူးကို ယူပြီး စုန့်ယွီအား ကမ်းပေးလိုက်၏။ "ရေနည်းနည်းသောက်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားပါ။"
"မင်းငါ့ကို ဟိုတယ်က အခမဲ့ပေးတဲ့ တွင်းထွက်ရေကို ပေးနေတာလား။" စုန့်ယွီက လက်ထဲတွင် ရေဘူးကို ကိုင်ကာ သူ့မျက်လုံးများကို မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ "လီကျောင်း ၊ မင်းဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။"
"တွင်းထွက်ရေက ဘာဖြစ်လို့လဲ။ အဲ့ဒါက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရေငတ်ပြေစေတယ်။" လီကျောင်းက စုန့်ယွီ၏ကျယ်လောင်သောအသံသည် အခြားသူများအား နိုးသွားစေမည်ကို စိုးထိတ်ခဲ့သည်။ သူက တံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး စုန့်ယွီကို ပြုံးပြလိုက်၏။ “အစ်ကိုစုန့်၊ အစ်ကို မသောက်ချင်ရင် ကျွန်တော်နဲ့ ထားခဲ့လိုက်လေ။ ကျွန်တော် မနက်ဖြန် ရိုက်ကူးရေးအဖွဲ့ကို ယူသွားလိုက်မယ်။"
စုန့်ယွီ "……"
အသိုင်းအဝိုင်းထဲတွင် အချိန်အတော်ကြာ ရောနှောနေထိုင်ပြီးနောက် သူသိသမျှထဲတွင် လီကျောင်းသည် အဆင်းရဲဆုံးမင်းသားတစ်ယောက် ဖြစ်ပေသည်။ သူက လီကျောင်းကိုကြည့်ကာ ဘူးအဖုံးကိုဖွင့်ပြီး ဘူးတဝက်ကို သောက်လိုက်၏။ "ဆောရီး ။ ငါသောက်လိုက်ပြီ။"
လီကျောင်းက အသံတိတ်သွားသည်။ ဒီလူဘာတွေ လုပ်နေတာလဲ။
"လီကျောင်း ၊ မင်းက ဒီလိုမျိုး ကြောင်သူတော်တစ်ယောက်လို့ ငါမထင်ထားခဲ့မိဘူး။" စုန့်ယွီက ရေတစ်ဝက်ကျန်နေသည့်ရေဘူးကို အမှိုက်ပုံးထဲသို့ ပစ်ချပြီး နှာမှုတ်လိုက်၏။ “အပေါ်ယံမှာတော့ မင်းက ထောက်ခံချက်မရှိသေးဘူးလို့ ပြောပေမဲ့ ချန်ဟွမ်းနဲ့ ကောင်းကောင်း ဆွေးနွေးပြီးပြီပေါ့။ မင်းငါ့ကို အရူးလို ကစားနေတာလား။"
"ချန်ဟွမ်းလား။" လီကျောင်း အံ့သြသွားသည်။ အဲ့ဒါက ထင်ထင်း အလုပ်လုပ်တဲ့နေရာ မဟုတ်ဘူးလား။
သူနဲ့ဘာဆိုင်လို့လဲ။
သူသည် အမှိုက်ပုံးထဲရှိ တွင်းထွက်ရေဘူးကိုငုံ့ကြည့်လိုက်ပြီး အနည်းငယ် စိတ်သောကရောက်သွားသည်။
“တရားဝင် Weibo က အဲ့ကိစ္စကို လူသိရှင်ကြားကြော်ငြာခဲ့တယ်။ မင်းက ဟန်ဆောင်နေတုန်းပဲလား။" စုန့်ယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ “စတော်ဘယ်ရီအင်တာတိန်းမန့်က မင်းကို ဒီလိုကြီးမားတဲ့ အရင်းအမြစ်တစ်ခု ရအောင် ကူညီနိုင်ခဲ့တယ်။ ဒါနဲ့ မင်းရဲ့အေးဂျင့်က ဘာဖြစ်နေတာလဲ။ မင်းက ချန်ဟွမ်းရဲ့ Weibo ပိုစ့်ကို ဘာလို့ forward မလုပ်တာလဲ။"
“ဘာပို့စ်လဲ။” လီကျောင်းသည် အမှိုက်ပုံးထဲမှသူ့အကြည့်ကို ရွှေ့ကာ ဖုန်းကို ဖွင့်လိုက်ပြီး ချန်ဟွမ်း၏ Weibo ကို ရှာလိုက်သည်။
ချန်ဟွမ်း၏ နောက်ဆုံးပေါ်ထုတ်ကုန် ထောက်ခံချက်။
လီကျောင်းက ကြည့်နေရင်း မျက်လုံးကျယ်သွားပြီး Weibo ပို့စ်တွင် ဖော်ပြထားသောပုဂ္ဂိုလ်မှာ သူဖြစ်ကြောင်း အတည်ပြုလိုက်၏။ သူက Weibo မှ အလျင်အမြန်ထွက်ပြီး သူ၏လိပ်စာစာအုပ်ကိုဖွင့်ကာ လော့ရုန်၏ဖုန်းကို ခေါ်လိုက်သည်။
"အစ်ကိုလော့၊ ဒီထောက်ခံချက်က ဘယ်လိုဖြစ်တာလဲ။" လီကျောင်းက ခေါင်းကုတ်လိုက်သည်။ “ကျွန်တော် လတ်တလော ရိုက်ကူးရေးတွေနဲ့ အရမ်းအလုပ်များနေခဲ့တာ။ကျွန်တော် အရေးကြီးတဲ့သတင်းတစ်ခုခုကို လွတ်သွားတာလား။”
"မင်းမနက်ဖြန်မနက်အထိ အိပ်လိမ့်မယ်လို့ ငါထင်နေတာ။" လော့ရုန်က အထူးသဖြင့် လီကျောင်းအပေါ် စိတ်ရှည်လှသည်။ “ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ ကုမ္ပဏီက မင်းရဲ့ကိုယ်ပိုင် Weibo အကောင့်ကို သုံးဖို့ မင်းရဲ့သဘောတူညီချက် လိုအပ်တယ်။ အဲဒါကြောင့် ငါတို့ မင်းအတွက် ဒီပို့စ်ကို forward မလုပ်ရသေးတာ။ ဒါပေမဲ့ အရမ်းစိတ်မပူပါနဲ့။ စတူဒီယိုရဲ့ Weibo က အဲ့ဒါကို အရင်ဦးဆုံး forward လုပ်ပြီးပြီ။"
"မဟုတ်ပါဘူး။ ကျွန်တော် စိတ်မပူပါဘူး။" လီကျောင်းက တိုးတိုးလေး ပြောလိုက်သည်။ "ချန်ဟွမ်းလို ကုမ္ပဏီကြီးတစ်ခုက ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ။"
လူတစ်ဦးအနေနှင့် အရေးအကြီးဆုံးအရာမှာ မိမိကိုယ်ကိုသိနားလည်ခြင်း ဖြစ်သည်။ အကယ်၍ သူအိပ်မက်မက်လျှင်တောင် ဤကဲ့သို့ အိပ်မက်မျိုးမက်သည်မှာ ရှက်စရာကောင်းလှ၏။ သူ၏အကြီးဆုံးအိပ်မက်မှာ အသင့်စားခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် အခြားထုတ်ကုန်များကို ကြော်ငြာပေးရန် ဖြစ်၏။ ဤနည်းအားဖြင့် ထောက်ခံကြော်ငြာပေးသည့် အတောအတွင်း ထုတ်လုပ်သူဘက်မှ သူ့အတွက် အစားအစာများစွာကို အခမဲ့ပို့ပေးလိမ့်မည် ဖြစ်သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့။ မင်းရဲ့အသွင်အပြင်က ထင်ရှားပြီး သူတို့ရဲ့ထုတ်ကုန်အသစ်နဲ့ အရမ်းလိုက်ဖက်တယ်။” လော့ရုန်သည် ချန်ဟွမ်းက မည်သည်ကို အရူးအမူးဖြစ်နေကြောင်း သူမသိသော်ငြား ဣနြေ္ဒမပျက် နှုတ်ဆိတ်နေခဲ့ပြီး လီကျောင်းကိုသာ ချီးကျူးလိုက်သည်။ “မင်းရဲ့ပထမဆုံးထောက်ခံချက်က ချန်ဟွမ်းရဲ့ ချန်ရှီးနာရီပဲ။ အနာဂတ်မှာ မင်းက တစ်ခြား ကြော်ငြာအကြီးစားတွေ ရလာလိမ့်မယ်။ ဒါက တခြားအနုပညာရှင်တွေထက် ပိုပြီးတစ်ပန်းသာတယ်။"
သူသည် အများအားဖြင့် တကျည်ကျည်လုပ်တတ်သည့်စရိုက် မရှိသော်လည်း ယခုညတွင် စကားအများကြီး ပြောခဲ့သည်။ သူက လူထုအမြင်ကို ထိန်းချုပ်ရန် အချိန်ပိုအလုပ်လုပ်နေသည့် စတူဒီယိုကို ကြည့်လိုက်ပြီး "အကယ်၍ အဆင်ပြေရင် ချန်ဟွမ်းရဲ့ Weibo ပို့စ်ကို forward လုပ်ပေးပါ။ ပြီးတော့ ချန်ဟွမ်းလက်အောက်က ချန်ရှီးအမှတ်တံဆိပ်ကလည်း ပိုစ့်တစ်ခု တင်ထားသေးတယ်။ မင်းက အဲ့တစ်ခုကိုပါ forward လုပ်သင့်တယ်။" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် အစ်ကိုလော့။" လီကျောင်းက ဖုန်းချလိုက်ပြီး စုန့်ယွီကို ကြည့်လိုက်၏။ “ထောက်ခံချက်က အမှန်ပဲ။”
"လီကျောင်း ၊ မင်းကတော့ အံ့ဖွယ်ပဲ။ ဒီလောက် ကိစ္စအကြီးကြီးဖြစ်သွားတာတောင် မင်းမသိလိုက်ဘူး။" စုန့်ယွီသည် လီကျောင်းက သူ့ကိစ္စအား အမှန်တကယ် မသိကြောင်း မြင်လိုက်ရသဖြင့် သူ့နှလုံးသားထဲရှိ ဒေါသတစ်ဝက်ခန့် ပျောက်ကွယ်သွားသည်။ "မင်းက ဝက်လား။ ချန်ဟွမ်းရဲ့ပို့စ်ကို မြန်မြန် forward မလုပ်သေးဘူးလား။"
လီကျောင်းသည် Weibo သို့ သွားပြီး ချန်ဟွမ်း၏တရားဝင်ပို့စ်ကို forward လုပ်လိုက်၏။
"လီကျောင်း၊ မင်းကဝက်တစ်ကောင်ဘဲ။" စုန့်ယွီသည် လီကျောင်း forward လုပ်ထားသည့်ပိုစ့်ရှိအကြောင်းအရာကို ဖတ်ပြီး အံ့သြသွားသည်။ "မင်းဒီစာကို forwardလုပ်တဲ့အခါ စကားနည်းနည်းလောက် ပိုမပြောနိုင်ဘူးလား။"
လီကျောင်း V : ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေပါတယ်။ [ပြုံးနေသည့်ပုံ]
ထိုအပြုံးမျက်နှာသည် အဓိပ္ပါယ်များစွာ ရှိ၏။ သူတစ်ပါးကို ဆူပူချင်သော်လည်း ညစ်ညမ်းသည့်စကားလုံးများ မသုံးချင်သောသူများက ထိုအမူအရာကို မကြာခဏ သုံးလေ့ရှိသည်။
"မေ့လိုက်တော့၊ မင်းက တကယ့်ကို တောသားငနုံပဲ။" စုန့်ယွီက သရော်ပြီး မတ်တပ်ရပ်လိုက်သည်။ “ စောစောအိပ်တော့။ နာရီထောက်ခံချက်နဲ့ ပတ်သတ်ပြီး အရမ်းစိတ်လှုပ်ရှားမနေနဲ့။ မဟုတ်ရင် အိပ်မပျော်ဘဲ နေလိမ့်မယ်။ မင်းက မနက်ဖြန် ရိုက်ကူူးရေးအဖွဲ့ကို သွားရဦးမှာ။ တခြားသူတွေက မင်းပုံစံကိုမြင်ရင် သူတို့က မင်းကိုရယ်ကြလိမ့်မယ်။"
သူက တံခါးဆီသို့ သွားပြီး လီကျောင်းအား လှည့်ကြည့်လိုက်သည်။ “ ဒါ့အပြင် မင်းက စတားတစ်ယောက်ပါ။ ဒီလို အနုတ်စုတ်ကုပ်စုတ်ပုံစံမျိုးနဲ့ မနေပါနဲ့။ မင်း ရေဘူးတစ်ချို့နဲ့ အဝတ်အစား အနည်းငယ်လောက်တောင် အကုန်အကျမခံနိုင်ဘူးလား။”
လီကျောင်းက ပြုံးပြီး စုန့်ယွီကို တံခါးအပြင်ဘက်သို့ လိုက်ပို့ပေးခဲ့သည်။ သူက တံခါးကို ပိတ်လိုက်ပြီး အမှိုက်ပုံးထဲမှ တစ်ဝက်ကျန်သေးသည့်တွင်းထွက်ရေဘူးကို မသိမသာ ငုံ့ကြည့်လိုက်၏။ ထို့နောက် သူက ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။
လူမှုဖူလုံရေးအိမ်တွင် နေထိုင်ခဲ့သည့်နှစ်များအတွင်း သူသည် အစားအစာနှင့်ရေကို မဖြုန်းတီးသည့် အလေ့အကျင့်အား မွေးမြူခဲ့၏။သူစားခဲ့သမျှအရာအားလုံးနှင့် ဝတ်ခဲ့သမျှ အဝတ်အစားအားလုံးကို နိုင်ငံတော်နှင့် ပြုစုစောင့်ရှောက်ပေးသောလူများက သူ့အား ပေးထားခြင်း ဖြစ်ပေသည်။
သူသာ ထိုအရာများကို ဖြုန်းတီးပစ်ပါက ၎င်းသည် ပစ္စည်းများကို ဖြုန်းတီးရုံသက်သက် မဟုတ်တော့ပါ။ သူတစ်ပါး၏နှလုံးသားကို စွန့်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် လူမှုဖူလုံရေးအိမ်နှင့် နှစ်နှစ်နီးပါးဝေးကွာခဲ့သော်လည်း မည်သည့်အရာကိုမှ ဖြုန်းတီးလိုစိတ် မရှိပေ။
သူက အနည်းငယ် ဝမ်းနည်းသွားသော်လည်း သူ့အကောင့်ထဲသို့ ဝင်လာသည့် ကြော်ငြာခအကြောင်း အတွေးဝင်လာသောအခါ လီကျောင်းက ပြန်လည် ပျော်ရွှင်သွားခဲ့သည်။ သူက ကုတင်ပေါ်တွင် နှစ်ကြိမ် သုံးကြိမ်လှိမ့်လိုက်၏။ သူသည် မသိစိတ်၏စေ့ဆော်မှုအရ သတင်းကို ရန်ထင်းအား ပြောပြချင်သော်လည်း ရန်ထင်းအိပ်ချိန်အား နှောင့်ယှက်မိမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက ဖုန်းကို ပြန်ချထားလိုက်၏။
အား!! သူတကယ်ပဲ ရန်ထင်းကို ဒီသတင်း ပြောပြချင်လိုက်တာ။ ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုရရှိဖို့ ကောင်းတဲ့အရာတွေကို သူငယ်ချင်းတွေနဲ့ အချိန်ကိုက် မျှဝေရမယ်။ သူ ထိုအကြောင်း တွေးတောနေချိန်တွင် ရန်ထင်းက ဖုန်းခေါ်လာခဲ့သည်။
"ထင်းထင်း။" လီကျောင်းက ဖုန်းကို တတ်နိုင်သမျှ အမြန်ဆုံး ကောက်ကိုင်လိုက်သည်။ "မင်းဘာလို့မအိပ်သေးတာလဲ။"
"ငါ ဒီဖိုင်တွေကို စနစ်တကျ ပြီးအောင်လုပ်ပြီးမှ အိပ်တော့မယ်။ " ဖုန်းထဲတွင် စာရွက်လှန်နေသည့်အသံကို ကြားလိုက်ရ၏။ "မင်းအိပ်နေတာကို နှောင့်ယှက်မိသလို ဖြစ်သွားလား။"
"မဖြစ်ပါဘူး။ မဖြစ်ပါဘူး။" လီကျောင်းက လက်ရှိတွင် စိတ်ချင်စိတ်ပြယ်သွားပြီ ဖြစ်သည်။
"အရမ်းနောက်ကျမှ ငါ့ကိုဖုန်းခေါ်တာ မင်းမှာ ကိစ္စတစ်ခုခုရှိလို့လား။"
ထင်းထင်း၏စရိုက်အရ လီကျောင်းကို နှောင့်ယှက်ရန် အရမ်းနောက်ကျမှ ဖုန်းခေါ်မည့်ပုံစံမျိုး မဟုတ်ပေ။
“ဟုတ်တယ်။” ရန်ထင်းက လီကျောင်း၏ Weibo စာမျက်နှာကို ပြနေသည့် ကွန်ပျူတာဖန်သားပြင်ကို ကြည့်လိုက်၏။ "ငါမင်းကိုမေးဖို့မေ့နေတာ။ အိပ်ရာခင်းနဲ့ လိုက်ကာစတွေဆို ဘယ်အရောင်ကို ကြိုက်လဲ။"
"အာ…" လီကျောင်းသည် စိတ်လှုပ်ရှားပျော်ရွှင်သည့် အခြေအနေတွင် ရှိနေသေးပြီး ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်မှုကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။
"မင်းငါနဲ့အတူတူ နှစ်သစ်ကို ကုန်ဆုံးမယ်လို့ ကတိပေးခဲ့တာကို မေ့သွားပြီလား။" ရန်ထင်းက သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ချလိုက်ပြီး Weibo ပို့စ်ရှိ လီကျောင်း၏ ပြုံးနေသည့် အမူအရာကို ကြည့်လိုက်၏။ ထိုအမူအရာသည် မြင်မြင်ချင်းမှာပင် ယဉ်ကျေးသိမ်မွေ့လှသည်။
"မဟုတ်ဘူး မဟုတ်ဘူး၊ ငါက ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘယ်လိုလုပ်မေ့နိုင်မှာလဲ။" လီကျောင်းက လှည့်လိုက်ပြီး ကုတင်ပေါ်တက်ထိုင်လိုက်သည်။ "ထင်းထင်း၊ ငါမင်းကိုပြောပြဖို့ အရမ်းပျော်စရာကောင်းတဲ့ကိစ္စတစ်ခုရှိတယ်။"
"ဘာလဲ။"
သူ၏ပျော်ရွှင်မှုသည် သူ့ဖုန်းထဲမှ ခုန်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။
"ငါပိုက်ဆံတွေအများကြီး ရခဲ့တယ်၊ ပိုက်ဆံအများကြီးပဲ။"
ရန်ထင်းသည် ကမ္ဘာပေါ်ရှိ လူများက အဘယ်ကြောင့် အလွယ်တကူ စိတ်ကျေနပ်ကြသနည်းဟု စူးစမ်းမိသည်။ အရာအားလုံးက သူ့အား ပျော်ရွှင်စေသကဲ့သို့ စားရလျှင်လည်း ပျော်သည်၊ ထောက်ခံချက်ရလျှင်လည်း ပျော်သည်။
"ငါ့ကိုပိုက်ဆံရှာပေးတဲ့ ကုမ္ပဏီနာမည်ကို ခန့်မှန်းကြည့်။"
"နာမည်ကဘာလဲ။" ရန်ထင်းက မတ်တပ်ရပ်ပြီး ဆိုဖာဆီသွားကာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။
"အဲဒါက ချန်ဟွမ်းတဲ့။" လီကျောင်းက ရယ်မောနေခဲ့သည်။ "အရမ်းအံ့သြဖို့ကောင်းတယ်မလား။"
“အဲ့ဒါက အံ့သြစရာပဲ။” လက်ဖက်ရည်စားပွဲပေါ်ရှိ ကော်ဖီမှာ အေးစက်နေပြီဖြစ်၏။ ရန်ထင်းက တစ်ငုံသောက်ရန် သွားလိုက်သော်လည်း ကော်ဖီမျက်နှာပြင်ပေါ်တွင် သူ၏ဖြူဖျော့သောပါးပြင်ကို တွေ့လိုက်ရသည်။
"ဒါကကံတရားပဲ။" လီကျောင်းက ထပ်မံ၍ သက်ပြင်းချလိုက်သည်။ "မင်းက ငါ့ရဲ့ကံကြမ္မာကို ပြောင်းလဲစေခဲ့တဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ တစ်ရာရာခိုင်နှုန်း သေချာတယ်။"
"မင်းရဲ့ထူးချွန်မှုက ငါနဲ့မဆိုင်ပါဘူး။"
"မင်း မသိပါဘူးကွာ။ " လီကျောင်းသည် ရန်ထင်းက မနက်ဖြန် လေယာဉ်စီးရမည်ကို သတိမရခင်အချိန်အထိ ရွှင်လန်းတက်ကြွမှုအပြည့်ဖြင့် တစ်ခဏမျှ နားပူနားဆာ လုပ်နေခဲ့၏။ သူက သူ့စကားများကို ကမန်းကတန်း ရပ်တန့်လိုက်ပြီး “ မြန်မြန်သွားအိပ်တော့။ မနက်ဖြန် မင်းအိမ်ပြန်ရောက်ရင် ငါတို့ အကြာကြီး စကားပြောကြမယ်။" ဟု ပြောလိုက်သည်။
“အင်း။”
“ဟုတ်သားပဲ၊ မင်းမှာ အိပ်မပျော်တဲ့ရောဂါရှိတယ် ။ မအိပ်ခင် ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ပြင်းပြင်းတွေ မသောက်နဲ့နော်။" လီကျောင်းက အဆက်မပြတ် စကားပြောနေခဲ့သည်။ "ကော်ဖီသောက်ရတာကြိုက်တဲ့ ရုံးဝန်ထမ်းတော်တော်များများကို ငါမြင်ဖူးတယ်။"
သူက အေးစက်နေသည့် ကော်ဖီခွက်ကို ချလိုက်သောအခါ အောက်ခံပန်းကန်ပြားနှင့် တိုက်မိသည့် အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။
"ငါမသောက်ပါဘူး။"
“မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ဖို့နဲ့ စောစောအိပ်ရာဝင်ဖို့က အရေးကြီးတယ်။” လီကျောင်း၏ဦးနှောက်ထဲတွင် အိပ်ရာပေါ်၌ လှဲလျောင်းနေသည့် ကလေးလိမ္မာလေးတစ်ယောက်၏ပုံရိပ်ကို ဖန်တီးလိုက်သည်။ "ဂွတ်နိုက်ပါ။"
“အင်း။”
ရန်ထင်းက ခွက်ထဲရှိ ကော်ဖီကို ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။ သူက မတ်တပ်ရပ်လိုက်ပြီး ဖုန်းထဲရှိ ဖက်ထုပ်ရေတွက်သည့်အသံကို ရှာရင်း အိပ်ရာပေါ်တွင် လဲလျောင်းလိုက်၏။ ကုမ္ပဏီ၏ လူထုဆက်ဆံရေးဌာနရှိ လူတစ်ယောက်သည် သူ၏အထက်လူကြီးထံမှ မက်ဆေ့ချ်တစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့သည်။
"ပို့စ်မှာ အီမိုဂျီထည့်တဲ့အခါ ယဉ်ကျေးမှုရှိပါ။"
ဝန်ထမ်းသည် တရားဝင် Weibo အကောင့်ကို ဖွင့်ပြီး ကြည့်လိုက်၏။ တရားဝင် အမှတ်တံဆိပ်အကောင့်တစ်ခုအနေနှင့် သူတို့၏အကြောင်းအရာကို လျှို့ဝှက်ဆန်းကြယ်ပြီး ဆန်းသစ်သည့်စတိုင်ရှိစေရန် အမြဲတမ်း ထိန်းသိမ်းခဲ့သော်လည်း မကြားဝံ့မနာသာစကားလုံးများ မပါခဲ့ချေ။ သူ့အထက်လူကြီး၏ ရသခံစားမှုမှာ အမြဲတစေ ထူးဆန်းပြီး ရှုပ်ထွေးပွေလီလှပေသည်။
ချန်ရှီးနာရီထောက်ခံချက်ကို ကြော်ငြာပြီးနောက် လီကျောင်း၏ပရိတ်သတ်များသည် နှစ်သစ်ကူးရောက်နေသကဲ့သို့ ပျော်ရွှင်ခဲ့ကြသည်။ ချမ်းသာသောပရိသတ်အချို့က ပထမဆုံးထောက်ခံချက်ကို ဂုဏ်ပြုရန် ကံစမ်းမဲတစ်ခု စတင်ဖြန့်ဝေလိုက်ကြ၏။ သူတို့၏ဘေဘီလေးကို အပုပ်မချသည့် မည်သူမဆို ကံစမ်းမဲတွင် ပါဝင်နိုင်ပေသည်။
ကမ္ဘာကြီးက အားနည်းသူကို စာနာပြီး အားကြီးသူကို လေးစားသည်။ ထို့ကြောင့် အားနည်းသူလီကျောင်းက ကျောင်းကျွင်းနန်၏မျက်နှာကို ထိုးနှက်လိုက်သည်နှင့် ကျောင်းကျွင်းနန်၏ပရိသတ်များသည် ကွန်ရက်တစ်ခုလုံး၏ ပစ်မှတ်ဖြစ်လာခဲ့၏။ ယခင်က အင်တာနက်အသုံးပြုသူများသည် စုန့်ယွီအား ဟန်များသူတစ်ဦးအဖြစ် သရော်ခဲ့ကြသည်။ ယခုတိုက်ပွဲကြောင့် သူသည် အင်တာနက်အသုံးပြုသူအချို့၏ ထောက်ခံမှုကို ရရှိခဲ့သည်။
"တကယ်တော့ စုန့်ယွီက ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ပါ။ သူက ဦးနှောက်မရှိတဲ့လူမျိုး ဖြစ်နိုင်ပေမဲ့ သူ့နှလုံးသားက မဆိုးဝါးဘူး။ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးဥက္ကဋ္ဌ ရဲ့ အင်တာဗျူးတွေမှာ သူက လီကျောင်းနဲ့ မရင်းနှီးသလိုမျိုး ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လီကျောင်းကို လှောင်ပြောင်ကြတဲ့အချိန်မှာ စုန့်ယွီတစ်ယောက်တည်းကပဲ သူ့အတွက် ကူပြောပေးဖို့ ထွက်လာခဲ့တယ်။"
“အခက်အခဲတွေက လူတစ်ယောက်ရဲ့စရိုက်အစစ်အမှန်ကို လှစ်ဟပြနိုင်တယ်။ အနာဂတ်မှာ ငါက စုန့်ယွီကို ဦးနှောက်မရှိ၊ ချမ်းသာတဲ့ဒုတိယမျိုးဆက်ဆိုပြီး ဘယ်တော့မှ အပြောင်အပြက် မလုပ်တော့ဘူး။"
"မဟုတ်ဘူး၊ အပေါ်ကလူရေ ။မင်းက ဦးနှောက်မရှိတဲ့လူတွေကို ရယ်နေတာ မဟုတ်ဘူးလား။"
"အရေးမကြီးတဲ့ကိစ္စတွေကို တကျည်ကျည်ပြောတတ်တဲ့ အဖွဲ့ရဲ့ခေါင်းပေါ်မှာ အပြာရောင်ကောင်းကင်ကြီး ရှိတယ်။"
“အပေါ်ကအစ်မရေ။ မသွားပါနဲ့။ ငါ…”
PR အဖွဲ့သည် ဤအရှိန်အဟုန်ကို အခွင့်ကောင်းယူကာ စုန့်ယွီအား တဲ့တိုးပြောတတ်သော ဒုတိယမျိုးဆက်အဖြစ် ဈေးကွက်တင်လိုက်၏။ တုံ့ပြန်မှုမှာ တကယ့်ကို ကောင်းမွန်လှသည်။
"လီကျောင်းကို ကျွေးမွေးဖို့ သူ့အတွက် အစားအသောက်တွေ နေ့တိုင်းဝယ်ပေးတာက အစ်ကို့စုန်လုပ်ခဲ့သမျှထဲမှာ အမှန်ဆုံးကိစ္စလို့ ကျွန်တော်ထင်တယ်။" စုန့်ယွီ၏လက်ထောက်က သူ၏အေးဂျင့်ကို ပြောလိုက်သည်။ “ ဒီလမ်းကြောင်းက တကယ်ကောင်းတယ်။”
အစ်ကိုစုန့်သည် သီးသန့်အချိန်များတွင် အာဏာရှိချင်ယောင်ဆောင်ရသည်ကို အလွန်ကြိုက်နှစ်သက်သော်လည်း နောက်တစ်နေ့မနက်စောစောတွင် စုန့်ယွီက မျက်လုံးများမို့ဖောင်းနေပြီး လီကျောင်းက မျက်ကွင်းညိုနေခဲ့သည်။ သူတို့သည် အဝတ်လဲခန်း၌ မိတ်ကပ်ပညာရှင်များဆီက တိုင်တောချက်များကို တစ်ပြိုင်နက်တည်း လက်ခံရရှိခဲ့ကြသည်။
"မစ္စတာစုန့် ၊ မင်းက မျက်လုံးမို့လေ့ရှိတဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံမျိုး ရှိတယ်။ အိပ်ရာမဝင်ခင် ရေသောက်လို့မရဘူး။" စုန့်ယွီ၏မိတ်ကပ်ပညာရှင်က သက်ပြင်းချလိုက်၏။ “မှန်ထဲကို ကြည့်လိုက်ဦး။ မင်းရဲ့အလှအပစံနှုန်းကို ထိခိုက်သွားလိမ့်မယ်။"
အစကတည်းက စုန့်ယွီရဲ့အလှအပစံနှုန်းက သူ့ဘေးမှာထိုင်နေတဲ့ ဆရာလီလောက် မကောင်းဘူး။ အခု သူက သူ့မျက်နှာကို ဒီလိုပုံစံဖြစ်အောင် လုပ်လိုက်တယ်။ တီဗီစီးရီးစတာနဲ့ သူက ဆရာလီကို ရုပ်ရည်ပဲကြည့်တဲ့ပရိတ်သတ်တွေ ရစေချင်နေတာလား။ ရုပ်ရည်ပဲကြည့်တဲ့ရိတ်သတ်တွေက လေလိုမျိုး လွင့်ပါးသွားနိုင်ပေမဲ့ သူတို့က ရက်ရောတယ်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ မျက်နှာပဲကြည့်တဲ့ ပရိသတ်ရရှိတာက တစ်ဝက်လောက် အလုပ်ဖြစ်နေပြီ။ သို့သော် သူမ သည် စုန့်ယွီအား စိတ်အနှောင့်အယှက်ဖြစ်စေမည် စိုးသဖြင့် ထိုစကားများကို မပြောပြခဲ့ပါ။
လီကျောင်းသည် စုန့်ယွီကို ရည်ညွှန်းသည့် မိတ်ကပ်ပညာရှင်၏စကားကို ကြားလိုက်ရသောအခါ စုန်ယွီ၏မျက်နှာကို မလှည့်ကြည့်ဘဲ မနေနိုင်ခဲ့ပါ။ စုန့်ယွီက မျက်နှာကို ဘေးသို့စောင်းလိုက်ပြီး လီကျောင်းအား သူ့မျက်နှာကို ကြည့်ခွင့်မပေးခဲ့ပေ။ ယခု သူသည် နောင်တအပြည့် ဖြစ်နေခဲ့သည်။ ဒေါသထွက်နေတုန်းမှာ နှစ်ယွမ်ပဲတန်တဲ့ တွင်းထွက်ရေကို သူဘာလို့ သောက်ခဲ့တာလဲ။ ပြီးတော့ ဘာလို့ ဘူးတစ်ဝက်တောင် သောက်ခဲ့ရတာလဲ။
“အစ်ကိုစုန့်၊ ကျွန်တော် မှန်ထဲကနေ မြင်နေရတယ်။" လီကျောင်းက မှန်ကို ခေတ္တမျှ ကြည့်လိုက်သည်။ “အဲ့ဒါက အဆင်ပြေပါတယ်။ အစ်ကို့မျက်လုံးက နည်းနည်းပိုသေးသွားရုံပဲ။ သက်ရောက်မှုက သိပ်မကြီးပါဘူး။"
"ငါ့ကိုစကားလာမပြောနဲ့။" စုန့်ယွီတွင် အသက်ရှင်နေထိုင်ရန် အကြောင်းကိစ္စတစ်ခုမှ မရှိတော့သကဲ့သို့ပင်။
သူမှားခဲ့တယ်၊ သူ တကယ့်ကို အမှားတစ်ခုလုပ်ခဲ့တယ်။ သူ ရိုက်ကူးရေးအစကတည်းက လီကျောင်းနားမှာ မနေခဲ့သင့်ဘူး။ ဒေါသက ကျန်းမာရေးကို အထောက်အကူမပြုသလို အလှအပကိုလည်း အထောက်အကူမပြုဘူး။
“အစ်ကိုစုန့်။” စုန့်ယွီ၏လက်ထောက်သည် အနည်းငယ် စိုးထိတ်နေသည့်အသံဖြင့် အပြင်ဘက်မှ ဝင်လာခဲ့သည်။ "လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးဥက္ကဋ္ဌအဖွဲ့မှာ တတိယအမျိုးသားဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ လုရန်ကျားက အစ်ကို့ကို အပုပ်ချတဲ့ အကြောင်းအရာတစ်ခုကို Weibo မှာ တင်ထားခဲ့တယ်။"
စာရေးသူမှာ ပြောစရာတစ်ခုရှိတယ်။
မေးခွန်း - မင်းသားအသစ်လေး လီကျောင်းကို မင်းဘယ်လိုထင်လဲ။
ရှောင်ယွီ : သူကသားရဲတစ်ကောင်ပဲ။
(Touching Porcelain - တိုက်ဆိုင်မှုတစ်ခုဖန်တီးကာ လိမ်လည်မှုတစ်ခုစီစဉ်ပြီးနောက် လျော်ကြေးတောင်းခံခြင်း )
(နောက်အပိုင်းတွေကျရင်လည်း စုန့်စုန့်နဲ့ကျောင်းကျောင်းရဲ့ ချစ်စရာကောင်းတဲ့ ခင်မင်မှုတွေကို တွေ့ရဦးမှာပါ။)
#6040words
#13.10.21