ဆူညံမှု
အိမ်အလွတ်မှာ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားသော်လည်း သင်းပျပျရနံ့တစ်ခု စွဲထင် ကျန်ရစ်နေခဲ့သည်။
ရန်ထင်းသည် လီကျောင်းယူလာခဲ့သည့် အဆင်တန်ဆာ တိုတိုထွာထွာလေးများထဲမှ ခေါင်းလှုပ်ယမ်းနိုင်သည့် သစ်သားရုပ်လေးကို ကောက်ယူလိုက်သည်။ အရုပ်မှာ ခေါင်းကြီး ကိုယ်သေး ပုံစံဖြစ်ကာ နှစ်လိုဖွယ်ကောင်းပြီး တောက်ပ၏။ အရုပ်၏ဦးခေါင်းကို ထိလိုက်ပါက လှုပ်သွားပုံမှာ ချစ်စရာကောင်းလှသည်။
"ဆရာ ၊ မင်းဆေးမသောက်ရသေးဘူး။" အိမ်တော်ထိန်းသည် ရန်ထင်းက လီကျောင်းယူလာခဲ့သည့် လက်ဆောင်သေးသေးလေးကို စိတ်ဝင်စားပြီး စာကြည့်ခန်းထဲရှိ ဆေးအကြောင်း မေ့လျော့သွားသည်ကို မြင်သဖြင့် "ဒီကို ယူလာပေးရမလား။" ဟု မေးလိုက်သည်။
“ဟင့်အင်း။” ရန်ထင်းက အရုပ်ကို လက်ညှိုးနှင့်တို့ထိကာ ဗီရိုပေါ်သို့ တင်လိုက်ပြီး သူ့အခန်းရှိရာ အပေါ်ထပ်သို့ ဦးတည်လိုက်၏။
“ဆရာ” ရန်ထင်း ဆေးမသောက်သည်ကို မြင်သောအခါ အိမ်တော်ထိန်းက သူ့နောက်သို့ စိုးရိမ်တကြီး လိုက်သွားခဲ့သည်။ "ဆရာ…"
ရန်ထင်းက ရပ်သွားပြီး အိမ်တော်ထိန်းအား မျက်နှာသေဖြင့် လှည့်ကြည့်လိုက်သည်။ အိမ်တော်ထိန်း၏စကားများနှင့် ရဲစွမ်းသတ္တိအားလုံးသည် ဤအကြည့်အောက်တွင် ပျောက်ကွယ်သွားပြီး သူသည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းမှ မလှမ်းဝံ့တော့ပါ။
ရန်ထင်းထွက်သွားပြီး အခန်းတံခါးပိတ်သံ ကြားရမှ အိမ်တော်ထိန်းလည်း အသက်ဝဝရှုရဲတော့သည်။ သူသည် အခြားတန်ဖိုးကြီး အဆင်တန်ဆာများနှင့် တစ်ပြေးညီ ရှိနေသည့် ဗီရိုထက်ရှိ သစ်သားအရုပ်လေးကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် လီကျောင်း ပြန်ယူလာသည့် အခြားပစ္စည်းများကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ညလယ်တွင် ရန်ထင်းသည် အမျိုးသမီးတစ်ဦး၏ အော်ဟစ်ပြောဆိုသံများကြောင့် နိုးလာခဲ့၏။ သူက အိပ်ယာမှထပြီး အပြင်ထွက်ရန် တံခါးဖွင့်လိုက်သည်။
အနီရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးသည် သူ့ရှေ့မှဖြည်းဖြည်းချင်း လျှောက်သွားပြီး ကြောင်လိမ်လှေကားထိပ်သို့ တက်သွားသည်။ ထို့နောက် သူမက ခုန်ချလိုက်ရာ အတောင်မရှိသည့် လိပ်ပြာကဲ့သို့ ကြမ်းပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူမက ပြောင်လက်နေသောကြမ်းပြင်ထက်တွင် ထိုပုံစံအတိုင်း လဲလျောင်းလျက် အနီရောင်အရည်များက ခန္ဓာကိုယ်မှ အဆက်မပြတ် စီးဆင်းနေပြီး သူမ၏အဝတ်အစားအရောင်ထက်ပင် ပိုမိုနီစွေးနေခဲ့သည်။
လှေကားမှဆင်းလာသည့် ရန်ထင်းသည် စင်္ကြံ ကြမ်းပြင်ပေါ်သို့ ခြေလှမ်းလိုက်ပြီး သူ၏ခြေဖဝါးအောက်တွင် စေးကပ်ကပ်အရာများ ရှိနေခဲ့သည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ့ဖိနပ်တွင် သွေးစွန်းနေသည်ကို မြင်လိုက်ရသည်။ လူတစ်ယောက်က ဘာလို့ ဒီလောက်ထိ သွေးထွက်နိုင်ရတာလဲ။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် အမျိုးသမီးသည် ကြီးမားပြီး လှပသည့်မျက်ဝန်းအစုံဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏နှုတ်ခမ်းများလှုပ်ခါနေပြီး အလွန်ဝမ်းနည်းနေပုံရသော်လည်း ရန်ထင်းမှာ သူမပြောသမျှကို မကြားနိုင်ခဲ့ပေ။ သူသည် သွေးအိုင်ကို နင်းကာ အမျိုးသမီးရှိရာသို့ လျှောက်သွားပြီးသူမ၏ရှေ့တွင် ဒူးထောက်ထိုင်လိုက်၏။ထို့နောက် သူက သူ၏နားရွက်ကို သူမ၏ဖြူရော်နေသည့် ပါးစပ်နားသို့ ကပ်လိုက်သည်။
"ကလေး၊ အမေကမင်းကိုခေါ်သွားပေးမယ်။"
"ငါတို့ဒီကနေထွက်သွားရအောင်။"
အေးစက်စက်လက်တစ်ဖက်သည် ရုတ်တရက် ခွန်အားရှိလာပုံပေါ်၏။ သူမက သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသဖြင့် သူ့လက်မောင်းမှ သွေးများ စီးကျနေခဲ့သည်။ "အမေ့နောက်လိုက်ခဲ့ပါ။"
ရန်ထင်း၏ခန္ဓာကိုယ်တစ်ဝက်လုံးမှာ သွေးများဖြင့် ရဲရဲနီနေသည်။ သူသည် စိတ်နောက်ပြီး ထင်ရာစိုင်းနေသော အမျိုးသမီးကိုကြည့်ကာ ခံစားချက်ကင်းမဲ့နေသည့်ပုံစံဖြင့် "မလိုက်ဘူး။" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဘာလို့လဲ၊ ဘာလို့လဲ။" အမျိုးသမီးက စူးစူးဝါးဝါးအော်လိုက်သည်။ "မင်းလည်း ငါ့ကိုတောင်းပန်ရမှာပဲမလား။"
ရန်ထင်းက သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ ထိုအမျိုးသမီး၏အော်သံက သူ၏နားစည်ထဲသို့ ထိုးဖောက်သွားပုံရပြီး သူ၏ညစ်နွမ်းသောဝိညာဉ်ကို အပုပ်နံ့ထွက်နေသည့်အခွံထဲမှ ထုတ်ယူရန် ကြိုးပမ်းလျက်ရှိပေသည်။
"မနက်ဖြန် ကျွန်တော့်ဆီ တစ်ယောက်ယောက်လာလိမ့်မယ်။" အမျိုးသမီး၏အော်သံက ကျယ်လောင်လွန်းသဖြင့် ရန်ထင်း၏အသံကိုဖုံးသွားသည်။ "ကျွန်တော် သူ့ကိုကတိပေးထားတယ်။"
အော်သံများ အဆုံးသတ်သွားပြီး အမျိုးသမီးနှင့် အိမ်ထဲရှိသွေးများ ပျောက်ကွယ်သွား၏။ ရန်ထင်းတစ်ယောက်တည်းသာ ကျယ်ဝန်းသည့်ခန်းမထဲတွင် ကျန်ရစ်နေခဲ့သည်။
"ဆရာ" ထိုအချိန်၌ သက်တော်စောင့်နှစ်ဦးက အပြေးအလွှားဝင်လာပြီး အခန်းထဲရှိမီးများကို ဖွင့်လိုက်သည်။ "အဆင်ပြေရဲ့လားဆရာ"
အလင်းရောင်အောက်၌ ရန်ထင်းသည် သူ၏ပါးလွှာသောညဝတ်အကျီအောက်တွင် ဖြူဖျော့နေခဲ့ပြီး ပြီးပြည့်စုံကာ ခံစားချက်မရှိသည့် ပန်းပုရုပ်နှင့် တူနေခဲ့သည်။
"အဆင်ပြေပါတယ်။" ရန်ထင်းက မျက်ခွံများကိုမှေးစင်းလိုက်ပြီး သူ့မျက်လုံးများမှာ မှောင်မိုက်လျက်ရှိ၏။
"ဆရာ၊ မင်းရဲ့ဆေး" အိမ်တော်ထိန်းသည် ဆေးကိုကိုင်လျက် ရောက်လာခဲ့သည်။
ရန်ထင်းက ဆေးပုလင်းကို ကြည့်လိုက်သော်လည်း လှမ်းမယူခဲ့ချေ။
"မနက်ဖြန်မနက်ကျရင် မစ္စတာလီက ဆရာ့ဆီ လာမှာပါ။"
သူ၏လက်ချောင်းထိပ်များ ရွေ့လျားသွားပြီး ရန်ထင်းက ဆေးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ဆေးပြားများနှင့်အတူ ရေနွေးသည် သူ၏လည်ချောင်းထဲသို့ လှိမ့်ဆင်းသွားသည်။သူက မှောင်မည်းနေသည့်ပြတင်းပေါက်ကို ကြည့်ကာ ကမ္ဘာကြီးနှင့် တွေ့ဆုံရန် လက်မောင်းကို မြှောက်လိုက်၏။ မိုးသောက်ချိန် ရောက်လာခဲ့လေပြီ။
လီကျောင်းသည် ကြီးမားသည့်ရိုက်ကူးရေးကိုရက်ပေါင်းများစွာ ရိုက်ကူးခဲ့ရပြီး အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူ နိုးလာသည့်အချိန်မှာ နံနက်ကိုးနာရီကျော်နေပြီ ဖြစ်၏။ သူသည် အိပ်ရာမှထကာ လျင်မြန်စွာ ကိုယ်လက်သန့်စင်ပြီး ဦးထုပ်၊ လည်စည်းနှင့် ဂျာကင်အကျီကိုဝတ်ကာ ရန်ထင်းရှိရာ ဘေးအိမ်သို့ အမြန်ပြေးလာခဲ့၏။ လီကျောင်းအိမ်ထဲသို့ ဝင်လာသောအခါ ရန်ထင်းမှာ စားပွဲပေါ်ရှိ နံနက်စာကို လုံးဝမထိဘဲ ဆိုဖာပေါ်တွင် သပ်ရပ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"ထင်းထင်း ငါတောင်းပန်ပါတယ်။ ငါဒီနေ့အအိပ်လွန်သွားတယ်။" လီကျောင်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး စားပွဲဝိုင်းကို ကြည့်လိုက်သည်။ "မင်းမစားရသေးဘူးလား။"
"ထိုင်ပြီးအတူတူစားရအောင်။" ရန်ထင်းက မတ်တပ်ထရပ်ပြီး စားပွဲဝိုင်းတွင် သွားထိုင်လိုက်သည်။ လီကျောင်းက ချက်ချင်းပင် အရှက်မဲ့စွာ သူ့နောက်သို့ လိုက်လာခဲ့၏။ “အနံ့လေးကမွှေးလိုက်တာ။ ”
နံနက်စာစားပြီးနောက် လီကျောင်းက ဦးထုပ်နှင့် လည်စည်းဝတ်ကာ ရန်ထင်းကို ပြောလိုက်သည်။ " ငါက အခုလတ်တလော ကျော်ကြားနေလို့ အပြင်ထွက်ရင် လူသိမခံရဘူးလို့ ငါ့အေးဂျင့်က မှာထားတယ်။"
ကံကောင်းထောက်မစွာဖြင့် ယခုအအေးပိုနေခဲ့သည်။ သူ့ကိုယ်သူဖုံးကွယ်ထားလျှင်တောင် အရမ်းထူးဆန်းမနေပေ။ ရန်ထင်းသည် မျက်လုံးတစ်စုံသာ ဖော်ထားသည့်လီကျောင်းကို မြင်လိုက်ရ၏။ သူက လည်စည်းကိုယူပြီး လီကျောင်း၏အသွင်အပြင်ကို အတုယူကာ လည်ပင်းကို ပတ်လိုက်သည်။
နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း မည်သည့်ပျော်စရာနေရာမဆို ခရီးသွားများဖြင့် စည်ကားနေခဲ့၏။ လီကျောင်းသည် ရန်ထင်းအား အားပေးလက်ခုပ်သံများကြားနေရသည့် အသံသိပ်မကျယ်သော ခြံဝန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
“ဖျော်ဖြရေးပညာကို သင်ယူပြီး ပိုက်ဆံရှာဖို့ ကုန်းကျော်တံတားပေါ်မှာ ဖျော်ဖြေတဲ့ လူငယ်တချို့ရှိတယ်။ ငါအစားထိုးလုပ်ခဲ့တုန်းက သူတို့နဲ့ သူငယ်ချင်းဖွဲ့ခဲ့တယ်။” လီကျောင်းက လက်မြှောက်ကာ 'လက်မှတ်ရောင်းသူ' ဟူသောဆိုင်းဘုတ်တပ်ထားသည့် ပြတင်းအသေးလေးကို ခေါက်လိုက်၏။ စားပွဲပေါ်တွင် လဲလျောင်းလျက် အိပ်ပျော်နေသည့်လူငယ်က မော့ကြည့်လိုက်သည်။
“အစ်ကို၊ ထိုင်ခုံ ရှိသေးလား။ ” လီကျောင်းသည် သူ၏ mask ကို ဆွဲချလိုက်ပြီး “ငါ့အစ်ကိုအတွက် ကောင်းတဲ့နေရာလေး စီစဉ်ပေးပါ” ဟု ပြောလိုက်သည်။
"ကျောင်းကျောင်းလား။" လက်မှတ်ရောင်းသည့်လူငယ်က လီကျောင်း၏မျက်နှာကို မြင်သောအခါ အမြန်ပြေးထွက်လာခဲ့၏။ သူကလှည့်ပတ်ကြည့်ရှုလိုက်ပြီး “မင်းက အခု နာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်နေပြီ။ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။"
“နာမည်ကြီးတာ၊ ဘာနာမည်ကြီးတာလဲ။” လီကျောင်းက mask ကို ပြန်တပ်လိုက်သည်။ “ဒါက ပွဲတော်တစ်ခုပါပဲ။ မင်းရဲ့ဖျော်ဖြေမှုကို ကြည့်ဖို့ ငါ့သူငယ်ချင်းကောင်းကို ဒီကိုခေါ်လာခဲ့တာ။”
"လိုက်ခဲ့ပါ ၊ ငါမင်းတို့ကို အထဲပို့ပေးမယ်။" လူငယ်ကပြုံးပြီး နှုတ်ဆက်သည့်အနေဖြင့် ရန်ထင်းအား ခေါင်းညိတ်ပြလိုက်၏။ သူက သူတို့ကို ဘေးတံခါးဆီခေါ်သွားပြီး လိုက်ကာကို ဖွင့်ကာ အလယ်ရှိသစ်သားစားပွဲကို ညွှန်ပြလိုက်သည်။ “အရင်ထိုင်နေပါ။ ငါ မင်းတို့အတွက် လက်ဖက်ရည် ထည့်ပေးမယ်။"
"ကျေးဇူးတင်ပါတယ်။" လီကျောင်းက ထိုလူအား ကျေးဇူးတင်လိုက်ပြီး ရန်ထင်းကို အလယ်ရှိစားပွဲသို့ ခေါ်သွား၏။ ရန်ထင်းက ၎င်းမှာ အပေါ်အမိုးရှိသော လဟာပြင်ငယ်တစ်ခုဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ထိုနေရာတွင် ပရိသတ်တစ်ဒါဇင်ခန့်သာ ရှိ၏။ စင်မြင့်ပေါ်ရှိလူက သံဘောလုံးအချို့ကို မျိုချပြလိုက်သည်နှင့် ပွဲကြည့်ပရိသတ်များက ငွေအချို့ကို ခြင်းတောင်းထဲသို့ ပစ်ပေးကြသည်။
(အပေါ်အမိုးရှိတဲ့လဟာပြင် ဆိုတာက လေးဖက်လေးတန်ဖွင့်ထားပြီး အမိုးတစ်ခုပဲပါတာကို ပြောတာပါ။ ဇာတ်ပွဲအသေးစားပုံစံမျိုးပါ။ ရိုးရာဖျော်ဖြေရေးပညာက ကျွမ်းဘား၊ ဆပ်ကပ်၊ အော်ပရာ စတာတွေပါ။)
“သူတို့က ရိုးရာဖျော်ဖြေရေးပညာကို သင်ယူခဲ့ပေမဲ့ အခုခေတ်လူငယ်တွေက ဒီလိုပွဲမျိုးတွေကို ကြည့်ရတာ မကြိုက်ဘူး။ ဒီပညာကို သင်ယူချင်တဲ့သူတွေက အနာဂတ်မှာ ပိုပိုပြီး နည်းလာနိုင်တယ်။" လီကျောင်းက ရန်ထင်းအား တိုးတိုးလေး ပြောလိုက်၏။ "ပွဲပြီးသွားရင် ငါမင်းကို အနီးအနားက စားသောက်ဆိုင်ဟောင်းတစ်ခုကို ခေါ်သွားမယ်။"
ခဏအကြာတွင် လက်မှတ်ရောင်းသူက လက်ဖက်ရည်အိုးနှင့် သစ်သီးပန်းကန်တို့နှင့်အတူ ရောက်လာခဲ့သည်။ သူက ရန်ထင်း၏ ထူးခြားသောအရှိန်အဟုန်ကို မြင်သဖြင့် သူ့ကို အနုပညာလောက၏ အရေးပါသောလူတစ်ယောက်ဟု ထင်ခဲ့သည်။ စကားများများပြောလိုက်လျှင် လီကျောင်းအတွက် ပြသနာဖြစ်မည်ကို သူစိုးရိမ်မိ၏။ ထို့ကြောင့် သူသည် ရိုးရှင်းသည့် နှုတ်ဆက်စကား အနည်းငယ်ပြောပြီးနောက် ထွက်သွားရန် ဆင်ခြေတစ်ခု ပေးလိုက်သည်။
စင်မြင့်ပေါ်ရှိလူငယ်များမှာ အသက်နှစ်ဆယ် သုံးဆယ်အရွယ်များ ဖြစ်သည်။ ပွဲ၏အဓိက အကြောင်းအရာမှာ ဓားမျိုချခြင်းကဲ့သို့ ရိုးရာဖျာ်ဖြေမှုများ ဖြစ်၏။ ဖျော်ဖြေပွဲတစ်ခုပြီးဆုံးရန် မိနစ်အနည်းငယ်သာ ကြာသည်။
ဖျော်ဖြေပွဲအဆုံးတွင် လူတစ်ယောက်သည် ဘောက်ဆူးများ လက်ခံရန် ခြင်းတောင်းကို ယူကာ နေရာအနှံ့ လျှောက်သွားခဲ့သည်။ ပရိသတ်အများစုမှာ ရံဖန်ရံခါ ဘောက်ဆူးများပေးကြသော်လည်း အများအားဖြင့် ဆယ်ယွမ် သို့မဟုတ် ယွမ်နှစ်ဆယ်သာ ဖြစ်သည်။
ဘောက်ဆူးခြင်းတောင်းနှင့်လူငယ်လေးသည် လီကျောင်းနှင့် ရန်ထင်းဘေးမှ ဖြတ်သွားသောအခါ ရန်ထင်းက ပိုက်ဆံထည့်လိုက်သည်။
လူငယ်က အလန့်တကြား ရပ်တန့်လိုက်ပြီး ရန်ထင်းနှင့် လီကျောင်းကို ကြည့်လိုက်၏။ "ကျောင်းကျောင်း ငါတို့ကြားမှာ ကျန်းဟူရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့မလိုပါဘူး။"
(ကျန်းဟူ = သိုင်းလောက)
လီကျောင်းသည် ရန်ထင်းက ထိုမျှပိုက်ဆံအများကြီး ထုတ်လိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။သူက ရန်ထင်း၏ပုခုံးပေါ် လက်တင်ကာ ရယ်လိုက်ပြီး "ကျန်းဟူရဲ့စည်းမျဉ်းတွေအရ ထုတ်ပြီးသားပိုက်ဆံကို ပြန်ယူတဲ့ထုံးစံမရှိဘူး။ မင်းအဲ့ဒါကို လက်ခံလိုက်ပါ။"
"အစ်ကို ကျေးဇူးပါ။" ဖျော်ဖြေသူများက ပရိသတ်များကို လူစုခွဲကာ ခြံဝန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် လီကျောင်းနားသို့ ဝန်းရံလာခဲ့သည်။
"ကောင်းပြီ၊ ကလေးလေး" တလုံအမည်ရှိခေါင်းဆောင်သည် လီကျောင်း၏ရင်ဘတ်ကို တံတောင်ဆစ်နှင့် တွတ်လိုက်၏။ "မင်း ဒီအင်တာနက်ဒရမ်မာမှာ ပါတာနဲ့ ငါတို့ညီအစ်ကိုတွေက မင်းရဲ့စံနှုန်း မြင့်အောင် ကူညီဖို့ ငါတို့ရဲ့ဖုန်းတွေကို နေ့တိုင်း သုံးခဲ့တယ်။ အခုမင်း လုပ်နိုင်ခဲ့ပြီ။ မင်းအတွက် ဂုဏ်ယူပါတယ်။”
ဖျော်ဖြေရေးအဖွဲ့ရှိလူတိုင်းမှာ အစားထိုးလုပ်ရန် ပြေးလွှားနေကြသော်လည်း သူတို့က လီကျောင်းနှင့် မတူပေ။ သူတို့တွင် ယုတ်စွအဆုံး အသက်ဆက်ရန် အတတ်ပညာတစ်ခု ရှိပေသည်။ လီကျောင်းမှာမူ မိဘများမရှိသကဲ့သို့ ရှောင်တိမ်းစရာလမ်းကြောင်းလည်း မရှိပါ။ နောက်ဆုံးတွင် လီကျောင်း ကျော်ကြားလာသည်ကို မြင်ရသဖြင့် သူတို့အလွန်ပျော်ရွှင်ခဲ့ကြ၏။ သို့သော် သူတို့မှာ လီကျောင်းနှင့်တွေ့ပြီး နှုတ်ဆက်စကားဆိုရန် အခွင့်အရေးမရှိတော့ဟု ဝိုးတိုးဝါးတား ခံစားခဲ့ရသည်။
နာမည်ကျော်အနုပညာရှင်အများစုသည် သူတို့၏ဖုန်းနံပါတ်ကို ပြောင်းလဲပြီး ပြသနာများမှ ရှောင်ရှားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဖျက်ပစ်တတ်သည်။ လီကျောင်းနှင့်ညီအစ်ကိုဖြစ်ရန် အခွင့်အရေးရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပါ။ သို့သော် လီကျောင်းက ကိုယ်တိုင်ရောက်လာရုံသာမက သူငယ်ချင်းတစ်ယောက်ကိုပါ ခေါ်လာခဲ့သေးသည်။
"ကျေးဇူးတင်ပါတယ်။" လီကျောင်းက တိုက်မိသည့်နေရာကို ပွတ်လိုက်ပြီး ခါးသီးစွာ ပြုံးခဲ့သည်။ “ အစ်ကိုတလုံ ၊ မင်းက အရမ်းသန်မာတာပဲ။ ဖြည်းဖြည်းသက်သာလုပ်ပါ။”
"ဟားဟား။" တလုံက ကိုးရိုးကားရားနှင့် ရယ်လိုက်ပြီး ရန်ထင်းဘက်သို့ လှည့်လိုက်၏။ “မင်းက ကျောင်းကျောင်းရဲ့သူငယ်ချင်းပဲ။ ခုနက ငါတို့ကို ပိုက်ဆံအများကြီး ပေးတယ်လို့ ကြားမိတယ်။ ကျေးဇူးပါပဲ။ မင်း ငါတို့ရဲ့ဖျော်ဖြေပွဲကို နောက်တစ်ခေါက် လာကြည့်တဲ့အခါကျရင် ငါတို့ကို ပိုက်ဆံပေးစရာ မလိုပါဘူး။ ညီအစ်ကိုအချင်းချင်း ဒါတွေကို ဂရုစိုက်စရာ မလိုဘူး။”
“ဒါက ကောင်းမွန်တဲ့ ဖျော်ဖြေပွဲတစ်ခုပါ။” ရန်ထင်းသည် လူမှုဆက်ဆံရေးကောင်းသည့်လူတစ်ယောက် မဟုတ်သည့်အပြင် စကားများများ ပြောရသည်ကိုလည်း မနှစ်သက်ပေ။
"ချီးကျူးနေပြန်ပါပြီ။" တလုံသည် ရန်ထင်းက စကားများများပြောသူ မဟုတ်ကြောင်း သတိထားမိသဖြင့် လီကျောင်းဘက်သို့ စကားပြောရန် လှည့်လိုက်သည်။ "အခု အင်တာနက်ပေါ်မှာ မင်းရဲ့မိန်းမဖြစ်ချင်တယ်လို့ အော်နေတဲ့ မိန်းကလေးတွေ ဘယ်လောက်ရှိလဲဆိုတာ မင်းသိရဲ့လား။ ဒီအချိန်မှာ တခြားသူတွေက မင်းကို မှတ်မိသွားမှာမကြောက်ဘဲ ဘယ်လိုလုပ် အပြင်ထွက်ရဲတာလဲ။”
“မနှစ်က နှစ်သစ်ကူးမှာ အချိန်ရှိရင် ငါမင်းရဲ့ပွဲကို လာကြည့်မယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက မင်းက ငါလူဘယ်နှစ်ယောက်ခေါ်လာလာ လက်မှတ်အတွက် ပိုက်ဆံပေးစရာမလိုဘူးလို့ ပြောခဲ့တယ်။” လီကျောင်းက မျက်ခုံးပင့်ပြီး ဒေါသထွက်သယောင် ဟန်ဆောင်လိုက်သည်။ "ဘာလဲ။ ငါက ဒီကို သူငယ်ချင်းကောင်းတစ်ယောက်ပဲ ခေါ်လာတာကို ခင်ဗျားက ဒကာမခံနိုင်ဘူးလား။"
"ဟေး ဒီကောင်လေးကတော့" တလုံက သူ့အား ရိုက်ရန် ပြင်လိုက်၏။ ထို့နောက် သူက သူ၏သန်မာသောလက်များအကြောင်း စဉ်းစားမိပြီး ရယ်မောကာ လက်ပြန်ရုတ်လိုက်သည်။ “ ဒီလူအိုကြီးရဲ့စကားက အတည်ပဲ။ ဒီနှစ်ဖြစ်ဖြစ် နောက်နှစ်ဖြစ်ဖြစ် မင်းလာတဲ့အခါတိုင်း လက်မှတ်ခ ပေးစရာမလိုဘူး။”
“ဒါကိုလူတိုင်းကြားတယ်နော်။ ငါနောက်တစ်ခေါက် ဒီကိုလာရင် ဘယ်သူကမှ ငါ့ပိုက်ဆံကို မယူရဘူး။" လီကျောင်းက ရန်ထင်းပုခုံးကို ကိုင်လိုက်ပြီး “ဒါ့အပြင် မင်းတို့က ငါ့ညီအစ်ကိုရဲ့ပိုက်ဆံကို မယူရဘူး။”
တလုံက အံ့သြစွာဖြင့် "ဟေး၊ မင်းက အခုနာမည်ကြီးစတားတစ်ယောက် ဖြစ်နေပြီ။ ဘာလို့ ဒီလောက် ကပ်စေးနှဲနေရတာလဲ။"
"ဘာလို့လဲဆိုတော့ ငါကဆင်းရဲလို့။"
တစ်ဖွဲ့လုံး ရယ်မောလိုက်ကြသည်။
တလုံနှင့် အခြားသူများသည် လီကျောင်းနှင့် မခွဲခွာမီ မွန်းတည့်ချိန်အထိ ရယ်ရယ်မောမောနှင့် စကားစမြည်ပြောခဲ့ကြ၏။ လီကျောင်းနှင့် ရန်ထင်း၏နောက်ကျောကို မြင်သောအခါ သံဘောလုံးများ မျိုချပြသည့်လူငယ်လေးက တလုံနား ကပ်လာပြီး "တလုံ ၊ ကျောင်းကျောင်းနဲ့ သူ့သူငယ်ချင်း ဝတ်ထားတဲ့ ကုတ်အကျီက စုံတွဲဝတ်စုံလို့ မင်းထင်လား။"
"မဟုတ်ဘူး၊ မဖြစ်နိုင်ပါဘူး။" တလုံက နဖူးကို ကုတ်လိုက်သည်။
"သူတို့မှာ ခံစားချက်ကောင်းတွေ ရှိနေနိုင်လား။"
“ရိုးရိုးသားသား တွေးစမ်းပါ၊ လူတိုင်းကို ဂေးလို့ ထင်မနေနဲ့။”
“ ……”
အိုဟောင်းနေသည့်စားသောက်ဆိုင်ထဲတွင် လီကျောင်းသည် သူဌေး၏ သီးသန့်အထူးဟင်းလျာကို မှာလိုက်သည်။ “သူ့ရဲ့သိုးသားကင်က အရမ်း အရသာရှိတာမို့ မင်း နှစ်ခုထက်ပိုပြီး စားရမယ်။”
စားသောက်ဆိုင်ထဲတွင် ဧည့်သည်အပြည့် ဖြစ်နေပြီး ဆိုင်တစ်ခုလုံး အပူငွေ့များဖြင့် ပြည့်နေခဲ့သည်။
“ကောင်းပြီ။”
ကမ္ဘာကြီးကဆူညံသံတွေနဲ့ပြည့်နေနိုင်တယ် ။ ဒီနေရာကလည်း ဆူညံတာတွေ စိတ်တိုတာတွေနဲ့ ပြည့်နေနိုင်တယ်။ ဒါပေမဲ့ ...
သူသည် လီကျောင်း၏ပြုံးနေသောမျက်နှာကို ကြည့်လိုက်ပြီး ဆူညံသံများနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့သည်။
စာရေးသူမှာ ပြောစရာတစ်ခုရှိတယ်။
ဘေဘီထင်းထင်း : ကမ္ဘာကြီးက ဆူညံကောင်း ဆူညံနိုင်တယ်၊ ဒါပေမဲ့ မင်းက ကောင်းတယ်။
(စာရိုက်တဲ့နေရာမှာ အင်္ကျီနဲ့ ပြဿနာကို အကျီ ၊ ပြသနာ ဆိုပြီး အလွယ်ရေးထားပါတယ်။ ရေးတဲ့အခါ စာလုံးတွေထပ်နေလို့ပါ။ spaceခြားရင်လည်း unicodeပြောင်းတဲ့အခါ တစ်မျိုးကြီးဖြစ်နေမှာစိုးလို့ပါ။)
သိုးသားကင်
#5002words
#27.9.21