အလွန်ပျော်ရွှင်နေပါတယ်
မှိန်ဖျော့ဖျော့ လမ်းထောင့်တစ်ခုတွင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော လူငယ်သည် အေးစက်မာကျောနေသည့် ပေါင်မုန့်ကို ကိုင်လျက် သူ့ပါးနှစ်ဖက်သည်လည်း ပေါင်မုန့်များဖြင့် ဖောင်းကားနေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကြမ်းတမ်းသည့်အသွင်ပေါက်နေသော်လည်း လှပပြီးအရုပ်ဆိုးသွားခြင်းမရှိပေ ။ထိုပုံကို မြင်တွေ့သူတိုင်း သူ၏ခါးသီးမှုနှင့်စိတ်ဓါတ်ကျမှုများကို ကိုယ်ချင်းစာနေမည်ဖြစ်သည်။
ဘုရားသခင်က သူအရှက်ကွဲသည်ကို မလုံလောက်သေးဟု ထင်နေပုံပင်။ ထိုအချိန်မှာပဲ ရုတ်တရက် မိုးရွာလာသည်။ လူငယ်လေးသည် အမိုးတံစက်မြိတ်အောက်သို့ အမြန်ပြေးသွားပြီး ကျန်သည့်ပေါင်မုန့်တစ်ဝက်ကို ပါးစပ်ထဲ အလျင်အမြန်ထည့်လိုက်၏ ။ သူ့ပါးပြင်ပေါ်သို့ မိုးရေများကျဆင်းလာသည်။ မိုးရေအောက်တွင် ချွေး သို့မဟုတ် မျက်ရည်များ ကျလာသည်ကို ခုခံနိုင်စွမ်းမရှိတော့ပေ။
"အိုကေ ။ နောက်ထပ်ကင်မရာနှစ်လုံးနဲ့ ထပ်ရိုက်ပြီးရင် ငါတို့ ပြီးပြီ။ "
ဒါရိုက်တာက ရပ်ရန် အော်လိုက်သည့်အချိန်တွင် ရေဖြန်းစက်များ ပိတ်သွားပြီး ရိုက်ကူးရေးလက်ထောက်က ရေစိုနေသည့်သရုပ်ဆောင်ဆီသို့ အလျင်အမြန် လမ်းလျှောက်လာသည်။
လက်ထောက်သည် ရိုက်ကွင်းအတွက် ပြင်ဆင်ထားသည့် လီကျောင်းပါးစပ်ထဲရှိဝါးလက်စ ပေါင်မုန့်ခြောက်ကို ကြည့်ရင်း "ဆရာလီ ပေါင်မုန့်ကို အမှိုက်ပုံးထဲ ထွေးထုတ်လိုက်ပါလား။"ဟု ပြောလိုက်သည်။
"ကျေးဇူးပါ ။ကျွန်တော်အဆင်ပြေပါတယ်။"
လီကျောင်းက မတ်တပ်ရပ်လျက် လက်ထောက်မှ ပေးလာသည့် ရေနွေးကို ယူလိုက်၏။ သူက ပါးစပ်အပြည့် နှစ်ငုံသောက်လိုက်ပြီး နောက်ဆက်တွဲအခန်းများ ရိုက်ကူးရာတွင် အမှားအယွင်းမရှိစေရန် သူ၏အဝတ်အစားအပြင်အဆင်ကို ပြုပြင်ပေးမည့် stylist ကို စောင့်နေခဲ့သည်။
လီကျောင်းလက်ထဲမှ ခွက်ကိုပြန်မယူမီ လက်ထောက်က ရယ်ရယ်မောမောနှင့် "ရပါတယ်။"ဟု ဆိုကာ ဒါရိုက်တာအနားသို့ ပြန်သွားသည်။
ဒါရိုက်တာသည် ခွေးခြေခုံပေါ်တွင်ထိုင်နေပြီး ပလတ်စတစ်ပန်ကာ ကိုင်ထား၏ ။ ပန်ကာ လည်နေသည်နှင့်အမျှ "Infertility" ဟူသောစကားလုံးပေါ်လာသည်။ ၎င်းသည် ရိုက်ကူးရေးအဖွဲ့၏ဆင်းရဲမွဲတေမှုကို ပြသနေ၏။ ပုံမှန်ပရိတ်သတ်များပင် လမ်းဘေးကြော်ငြာများမှ အခမဲ့ပန်ကာများ ရခဲ့ကြသည်။
"လီကျောင်းက ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တယ် ။ဒါရိုက်တာလျို့ ၊ငါသူ့ကို မနက်ဖြန်နေ့လယ်စာမှာ ကြက်ခြေထောက်ပေးလိုက်ရမလား။" ဟု လက်ထောက်ဒါရိုက်တာက ဒါရိုက်တာလျို့၏ဘေးတွင်ထိုင်လျက် လီကျောင်းသရုပ်ဆောင်ထားသည့်အပိုင်းကို ကြည့်နေရင်း ပြောလိုက်သည်။
ဒါရိုက်တာလျို့က သူ၏ဗိုက်ခေါက်ကို တို့ထိလိုက်ပြီး ရယ်မောလိုက်သည်။ "ကြက်ခြေထောက်က ဘယ်လိုအရသာရှိမှာလဲ ။ လူငယ်တွေက အမိမြေရဲ့အနာဂတ်ကို ပိုမို ပံ့ပိုးနိုင်ဖို့ ရိုးရိုးရှင်းရှင်းစားသင့်တယ်။"
"မင်းကအရမ်းစည်းကမ်းတင်းကျပ်တာပဲ။"
လက်ထောက်ဒါရိုက်တာက ဘေးဘီကို လှည့်ကြည့်ပြီး ဒါရိုက်တာလျို့နားထဲသို့ တီးတိုးပြောလိုက်၏ ။
"စုန့်ယွီရိုက်ရမဲ့အပိုင်း ရောက်တော့မယ်။သူကပြင်ဆင်လို့မပြီးသေးဘူးလား။"
ဒါရိုက်တာလျို့က တစ်ယောက်တည်း ရယ်မောလိုက်သည်။ "သူ့ကိုသတိမပေးခင် ခဏလောက်စောင့်လိုက်ပါဦး။"
ဒီမင်းသားကို ရင်းနှီးမြုပ်နှံသူဘက်က စီစဉ်ပေးထားသည့်အတွက် ပြစ်တင်ဝေဖန်ရန် မတတ်နိုင်ပေ။
စုန့်ယွီသည် အနုပညာလောကတွင် အနည်းငယ် ကျော်ကြား၏။ အစပိုင်းတွင် ရိုက်ကူးရေးအဖွဲ့က သူ့အား အဓိကအမျိုးသားဇာတ်ဆောင်အဖြစ်သတ်မှတ်ပြီး စာချုပ်မှာပင် လက်မှတ်ထိုးခဲ့ကြသေးသည်။
မမျှော်လင့်ဘဲ သူတို့ဇာတ်လမ်းစတင်ရိုက်ကူးချိန်တွင် စုန့်ယွီက အမျိုးသားဇာတ်လိုက်နေရာတွင် သရုပ်မဆောင်ဘဲ ဒုတိယအမျိုးသားဇာတ်လိုက်အဖြစ် ရိုက်ကူးချင်ကြောင်း ပြောခဲ့သည်။
ဒုတိယဇာတ်လိုက်ရဲ့ အခန်းကဏ္ဌက ဘယ်လိုမျိုးလဲ။သူက ရုပ်ရည်ချောမောသူ ၊ချမ်းသာပြီး နူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်သည့်အပြင် အမျိုးသမီးဇာတ်လိုက်ကို စွဲလမ်းနေသူဖြစ်သည်။
ဤဇာတ်ကောင်အမျိုးအစားသည် အခြားအိုင်ဒေါဒရမ်မာများတွင် အမျိုးသားဇာတ်လိုက်များအတွက် စံနမူနာပုံစံဖြစ်သော်လည်း သူတို့၏ရိုက်ကူးရေးတွင်မူ ခြားနားသည့် ပုံစံ ဖြစ်စေချင်သည်။ အခြားဒရမ်မာများတွင် မင်းသားလေးနှင့် ဆင်းရဲသည့်စင်ဒရဲလားတို့၏ဇာတ်ကြောင်းဖြစ်သော်လည်း ယခုဒရမ်မာတွင်မူ မင်းသမီးလေးနှင့် ဆင်းရဲသည့်ကောင်လေးတို့၏ဇာတ်လမ်း ဖြစ်ပေ၏။
လွှမ်းမိုးနိုင်စွမ်းရှိပြီး ချမ်းသာကြွယ်ဝသော အမျိုးသမီးဇာတ်လိုက်နှင့် မဟုတ်မခံစိတ်ရှိပြီး အလုပ်ကြိုးစားသော ယောက်ျားလေးဇာတ်လိုက်တို့သည် ကောင်းမွန်သည့် အတွဲတစ်တွဲဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဒါရိုက်တာလျို့ကိုယ်တိုင်က ဇာတ်ကောင်နေရာသတ်မှတ်ပုံကို မကျေမနပ်ဖြစ်နေ၏ ။စုန့်ယွီသည် ဒုတိယဇာတ်လိုက်နေရာမှ ပါဝင်ချင်ရုံသာမက မူလကဒုတိယဇာတ်လိုက်ဖြစ်သူ လီကျောင်းကိုလည်း အဓိကဇာတ်လိုက်အဖြစ် ပါဝင်စေခဲ့သည်။
ဒါရိုက်တာ လျို့သည် အလျော့မပေးတတ်သော ဒါရိုက်တာတစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် စုန့်ယွီသည် သူ့အဖေအား နောက်ထပ်သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံလာသောအခါမှသာ ဒါရိုက်တာက ဇာတ်ကောင်နေရာအပြောင်းအလဲကို သဘောတူလိုက်သည်။
အနုပညာအသိုင်းအဝိုင်းတွင် သူတို့၏ အဆက်အသွယ်များကို ဇာတ်ကားတွင် ရင်းနှီးမြုပ်နှံစေပြီး ရိုက်ကူးရမည့်အပိုင်းကို တိုးမြှင့်လိုသည့် သရုပ်ဆောင်များစွာ ရှိ၏။ သို့သော် ရိုက်ကူးရမည့်အပိုင်းကို လျော့ချလိုသည့်အတွက် ငွေထုတ်ပေးသူဟူ၍ မရှိသလောက်ပင်။
သေချာတာကတော့ သူကဤအသိုင်းအဝိုင်းတွင် အချိန်အကြာကြီးနေခဲ့သူဖြစ်ပြီး အမှန်တကယ် ထူးဆန်းသည့်ကိစ္စများ ရှိတတ်ကြောင်း သိပေသည်။ ဒါရိုက်တာတစ်ဦးအနေဖြင့် အရေးအကြီးဆုံးမှာ သဘောပေါက်လက်ခံလွယ်သောစိတ်ရှိရန်ဖြစ်သည်။ စုန့်ယွီ၏ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေကာမူ သူသည် ရိုက်ကူးရေးအဖွဲ့အတွက် ထောက်ပံ့ပေးနေသူ ဖြစ်၏။
ရိုက်ကူးရမည့်အပိုင်း ပြီးသောအခါ လီကျောင်းသည် မျက်နှာပေါ်ရှိ ရေများကို အခြောက်ခံလိုက်ပြီး များစွာသောဝန်ထမ်းတို့ မျက်နှာမကောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ လှည့်ပတ်ကြည့်လိုက်သည့်အခါ စုန့်ယွီကို မတွေ့ရပေ။ မင်းသမီးသည်လည်း ထိုင်ခုံပေါ်တွင် ထိုင်ကာဖုန်းဆော့နေပြီး သူ၏မျက်နှာပေါ်တွင် 'ဒီကိစ္စ ငါနဲ့မဆိုင်ဘူး' ဟူသောအမူအရာကို ချိတ်ဆွဲထားခဲ့သည်။
ထို့နောက် လီကျောင်းက သူ့အဝတ်အစားရှိ ရေများကိုခါချလိုက်ပြီး ခြောက်သွေ့သည့် မျက်နှာသုတ်ပုဝါနှင့် ခန္ဓာကိုယ်ကို ပတ်ထားလိုက်၏။ ကံကောင်းထောက်မစွာဖြင့် ဇာတ်ကားရိုက်ကူးချိန်သည် ဆောင်းရာသီမဟုတ်ဘဲနွေရာသီတွင်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူသည် ဇာတ်ကားရိုက်ပြီးသည်နှင့် အေးခဲသွားလောက်သည်။
သူသည် အဓိကအမျိုးသားဇာတ်ဆောင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပါဝင်သရုပ်ဆောင်မည့်သူများထဲတွင် အင်အားအနည်းဆုံး သရုပ်ဆောင် အသစ်ကလေးသာဖြစ်ပေ၏။ ထိုသို့တွေးလိုက်မှသာ လီကျောင်းစိတ်သည် အလွန်တည်ငြိမ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည်ရုပ်ရှင်ရိုက်ကူးရာမှ ပိုက်ဆံရပေလိမ့်မည်။
"ဆရာလီ ၊ ထိုင်ပြီးခဏအနားယူလိုက်ပါ။ဆရာစုန့် မကြာခင်လာပါလိမ့်မယ်။"
ရိုက်ကူးရေးလက်ထောက်က လီကျောင်းကို စာနာစွာ ကြည့်လိုက်သည်။ နောက်ဇာတ်ကွက်သည် စုန့်ယွီနှင့် လီကျောင်းတို့ ပြိုင်ဆိုင်မည့်အပိုင်း ဖြစ်၏။ လက်ရှိ ရေစိုနေသောလီကျောင်းသည် စုန့်ယွီရောက်လာပြီး ရိုက်ကူးမည်ကို စောင့်နေရသည်။ အဲ့ဒါက အနည်းငယ်အနိုင်ကျင့်ခြင်းပင်ဖြစ်သည်။
သူတို့ရိုက်ကူးရေးအဖွဲ့သည် ဆင်းရဲပြီး အဓိကဇာတ်လိုက်အဖြစ် သရုပ်ဆောင်သည့် လီကျောင်းသည်လည်း ဆင်းရဲပေသည်။ နေ့တိုင်း ရိုက်ကွင်းကနေ့လယ်စာ ထမင်းဘူး ယူစားရတာကိုမဆိုထားနှင့်။ သူသည် ဝန်ထမ်းများထက်ပင် ပို၍ချွေချွေတာတာ နေထိုင်စားသောက်ခဲ့သည်။ သူ့အနားတွင် လက်ထောက်တစ်ယောက်မှ မရှိဘဲ အေးဂျင့်တစ်ယောက်သာ တစ်ရက်ခြားတစ်ခါ လာတွေ့တတ်သည်။
ယနေ့ညတွင် သူတို့သည် ခြောက်နာရီနီးပါး night scene ရိုက်ကူးခဲ့ရသည်။ ရုပ်ရှင်ရိုက်ရာတွင် ရလဒ်ကောင်းကောင်းရစေရန် လီကျောင်းသည် ညစာမစားခဲ့ပေ။ နေ့လယ်မှ ယခုထိ ရုပ်ရှင်ရိုက်ကူးရာတွင်သုံးသော ပေါင်မုန့်ခြောက် အနည်းငယ်သာ စားရသေးသည်။ ယခုအချိန်ထိ စုန့်ယွီ ရောက်မလာခဲ့ပေ။ ဝန်ထမ်းများကလည်း သွားမခေါ်ရဲသဖြင့် လီကျောင်းကသာ စောင့်ရသည်။
လီကျောင်းက "ငါ မင်းကို သနားပေမဲ့ ဒါနဲ့ပတ်သတ်ပြီး ငါလည်းဘာမှ မလုပ်ပေးနိုင်ဘူး။" ဟု ပြောသော ရိုက်ကူးရေးဝန်ထမ်း၏ စကားသံကို ကြားလိုက်ရသည်။ သူက စောင်တစ်ထည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ရစ်ပတ်လိုက်ပြီး မျက်လုံးများ မှိတ်ထားလိုက်၏။
ငါးမိနစ်ခန့် လဲလျောင်းပြီးနောက် ကျယ်လောင်သည့် နှုတ်ဆက်သံကို ကြားလိုက်ရသည်။
"ဆရာစုန့် ရောက်လာပြီ ။ ဆရာစုန့် မင်္ဂလာညချမ်းပါ။"
"ဆရာစုန့် ဒီဘက်မှာ ရေတွေဖိတ်ကျထားလို့ မြေကချော်နေတယ်။ မင်းရဲ့ ခြေထောက်ကို သတိထားနော်။"
ထိုအသံကို ကြားလိုက်ရသော လီကျောင်းသည် မျက်လုံးဖွင့်လိုက်ရာ စုန့်ယွီ၏အကြည့်နှင့် ရင်ဆိုင်လိုက်ရ၏။ စုန့်ယွီ၏ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပြီး သူ၏မေးစေ့ကို ဂုဏ်ယူစွာမော့၍ လီကျောင်းရှေ့မှ ဖြတ်ကျော်သွားသည်။
လီကျောင်း မျက်ခုံးပင့်လိုက်ပြီး စုန့်ယွီ၏သဘောထားကို စိတ်ထဲမထည့်ခဲ့ပေ။ ရိုက်ကူးရေးစကတည်းက စုန့်ယွီသည် သူ့ကို သိပ်မကြည့်ပေ။ သူကြည့်လိုက်လျှင်ပင် သူမျက်လုံးထဲ၌ အနည်းငယ် သနားမှုနှင့် စက်ဆုပ်ရွံရှာမှုတို့ ပြည့်နေခဲ့၏။ လီကျောင်းဆင်းရဲသည်ကို ရိုက်ကူးရေးအဖွဲ့သားများအားလုံး အသိပင်ဖြစ်သည်။
"လီကျောင်းရေ အသင့်ပြင်ထားလို့ရပြီ။ နောက်ဆယ်မိနစ်နေရင် နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုရိုက်မယ်။" ဟု ဒါရိုက်တာလျို့က အော်ပြောပြီး လီကျောင်းကို လာရန် ဖိတ်ခေါ်လိုက်သည်။
လီကျောင်းသည် စောင်ကိုပစ်ချလိုက်ပြီး ကင်မရာရှေ့သို့သွားလိုက်သည်။ စုန့်ယွီသည် သူ၏အစားထိုးသရုပ်ဆောင်ကို စောင့်ဆိုင်းနေစဉ် လီကျောင်းသည် မိတ်ကပ်ပညာရှင်အား သူ့ကိုမိတ်ကပ်ပြင်ပေးရန် ခွင့်ပြုလိုက်၏။
စတင်ရိုက်ကူးစဉ်ကတည်းက စုန့်ယွီသည် အကြောင်းအမျိုးမျိုးပြကာ ရိုက်ကူးရေးကို နှောင့်နှေးစေခဲ့သည်။ ထို့ကြောင့် အပိုင်းအားလုံးရိုက်ကူးပြီးချိန်တွင် မနက်သုံးနာရီ ထိုးနေပြီဖြစ်၏ ။
လီကျောင်းသည် မိတ်ကပ်ဖျက်ရန်ပြန်လာချိန်တွင် မိတ်ကပ်အကူက စုန့်ယွီကို အသံတိုးတိုးနှင့် ကျိန်ဆဲနေသည်ကို ကြားလိုက်ရသည်။ သို့သော် စုန့်ယွီ၏လက်ထောက်က ညလယ်စာအဆာပြေမုန့်များကို အခန်းထဲယူလာသည်နှင့် အဝတ်လဲခန်းမှ လူများအားလုံး ပြုံးပျော်သွားကြပြီး စိတ်မရှည်မှုတစ်စုံတစ်ရာကို မပြသတော့ပေ။
"ဆရာလီ အစ်ကိုစုန့်က မင်းည ညစာမစားရသေးဘူးကြားလို့ မင်းအတွက် မုန့်ပိုယူခဲ့ဖို့ ငါ့ကို တောင်းဆိုခဲ့တယ်။" လက်ထောက်သည် လီကျောင်းအား အစားအသောက်ဘူး အကြီးကို ပေးလိုက်ပြီး "မင်းအစာစားပြီးသွားရင် စောစောအနားယူပါ။"ဟု ပြုံးရင်း ပြောခဲ့သည်။
"ကျေးဇူးတင်ပါတယ်။" လီကျောင်းက အစားအသောက်ဘူးများကိုယူ၍ အဖုံးဖွင့်လိုက်သည့်အခါ နို့လက်ဖက်ရည်တစ်ခွက် ၊ကိတ်မုန့် နှစ်စိတ်နှင့် အရသာရှိသည့်အသားကင်များကို တွေ့လိုက်ရ၏။ သူသည် ညလယ်စာ၏ မွှေးပျံ့လွန်းသောအနံ့ကို ရှုကာ နို့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
ဒါသည် စုန့်ယွီက သူ့ကို တစ်ညလုံးရုပ်ရှင်ရိုက်ကူးစေသော်လည်း စောဒက မတက်စေသည့် အကြောင်းရင်းပင်ဖြစ်၏။ စုန့်ယွီသည် နောက်ကျရသည်ကို နှစ်ခြိုက်ပြီး အရေးပါသူကဲ့သို့ပြုမူကာ သရုပ်ဆောင်အရည်အချင်း သာမန်ဖြစ်သော်လည်း အလှူအတန်းရက်ရောသူဖြစ်သည်။
စုန့်ယွီ ရိုက်ကူးရေးတွင် ရှိနေသမျှကာလပတ်လုံး သူသည် ညလယ်စာမုန့်များ ပေးလိမ့်မည်။ ၎င်းက လီကျောင်း၏ အစားအသောက်စရိတ်တစ်ဝက်ခန့်ကို လျော့ချပေးနိုင်၏။ ဘယ်သူကများ အလကားစားရတာကို သဘောမကျတဲ့သူရှိမှာလဲ ။
လီကျောင်းမိတ်ကပ်ကို ဖျက်ပေးသည့် မိတ်ကပ်ပညာရှင်က အစားအသောက်ဘူးထဲတွင်ပါသည့် မုန့်များကို မြင်ပြီး ချီတုံချတုံဖြစ်နေခဲ့သည်။ အထူးသဖြင့် လီကျောင်းနို့လက်ဖက်ရည်သောက်နေသည်ကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ရှောင်လီ မင်း ဝိတ်မတက်စေတဲ့အစားအစာတွေပဲ စားသင့်တယ်။ အဲ့ဒီနှလုံးသားမဲ့တဲ့စုန့်ယွီက မင်းကို ဝလာအောင် တမင်ကျွေးနေတာ။"
အခန်းထဲတွင် စုန့်ယွီသည် သူ့လက်ထောက် ပြန်ရောက်လာသည်ကို မြင်ပြီး "လီကျောင်း အဲ့မုန့်တွေစားခဲ့လား။"ဟုမေးလိုက်သည်။
လက်ထောက်ကခေါင်းညိတ်လိုက်၏။ "သူစားခဲ့တယ်။"
"အဲ့ဒါကောင်းတယ်။" စုန့်ယွီ၏မျက်နှာပေါ်တွင် ကျေနပ်သည့်အပြုံး ရှိနေသည်။ ဤအစားစားနှုန်းအရ လီကျောင်းသည် သေချာပေါက် ဝလာလိမ့်မည်။ ဇာတ်ကားပြသပြီးနောက် ပရိသတ်က စိတ်ဝင်စားလာသောအခါ သူတို့က ချောမောလှပသည့်မျက်နှာကို မြင်ရုံသာမက ဝနေသည့်ခန္ဓာကိုယ်ကိုလည်း တွေ့သွားလိမ့်မည်။ ဘယ်သူကများ ဒီလိုဝနေသည့် သရုပ်ဆောင်၏ပရိသတ် ဖြစ်လာမလဲ။
"အစ်ကိုစုန့် ၊ လီကျောင်းရဲ့ကုမ္ပဏီမှာ အရင်းအမြစ်တွေမရှိသလို သူ့နောက်မှာ ကျောထောက်နောက်ခံလည်း မရှိပါဘူး ။ သူက အစ်ကို့နေရာကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး လေ။သူ့ကို ကိုင်တွယ်ဖို့ ဘာလို့ပိုက်ဆံတွေအများကြီး အကုန်ကျခံနေတာလဲ ။" လက်ထောက်က နားမလည်နိုင်သဖြင့် မေးလိုက်၏ ။အစ်ကိုစုန့်က လီကျောင်းကို ကြောက်ရင် သူက လီကျောင်းကို ဘာလို့ အဓိကဇာတ်လိုက်နေရာပေးရတာလဲ ။
"မင်းကဘာသိလို့လဲ။" စုန့်ယွီသည် သူ၏အပြစ်ရှိစိတ်ကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်၏။ လွန်ခဲ့သောလအနည်းငယ်က သူသည်အသေးစား TVဒရမ်မာတစ်ခုတွင် အမျိုးသားဇာတ်လိုက်နေရာရရန် စိတ်ကူးခဲ့သည်။ ရိုက်ကူးရေးအဖွဲ့သည်လည်း ဆင်းရဲပြီး စည်းလုံးမှုမရှိချေ။ ဇာတ်ညွှန်းလက်ခံရရှိပြီးနောက် သူသည် ပါဝင်သရုပ်ဆောင်ရန် မရည်ရွယ်ခဲ့ပါ။ ဘယ်သူသိမှာလဲ ။ဇာတ်လမ်းပြသအပြီးတွင် ၎င်းသည် အင်တာနက်ပေါ်တွင် အရှိန်အဟုန်ပြင်းစွာ ကျော်ကြားလာပြီး သရုပ်ဆောင်များစွာ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ဒုတိယဇာတ်လိုက်သည် နယ်ပယ်တစ်ခုလုံးတွင် ကျော်ကြားလာခဲ့သည်။ သူတစ်ယောက်တည်းသာ ခြားနားသွား၏ ။ သူသည် အဓိကဇာတ်လိုက်နေရာတွင်ဆင်းရဲသားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ရသည်။ ထိုဇာတ်ကောင်သည် ဆင်းရဲရုံသာမက ခေါင်းမာလွန်းသည့်အတွက် ကြည့်ရှုသူများကို မကျေမချမ်းဖြစ်စေပြီး အချို့မှာ ရိုက်ကူးရေးအဖွဲ့၏ တရားဝင် weibo သို့ပင် အမျိုးသမီးဇာတ်လိုက်၏ အမြင်မရှိမှုကို ထောက်ပြဝေဖန်ခဲ့ကြ၏။ ပရိသတ်များသည် ဤဇာတ်ကြောင်းမျိုး ရေးသားသည့်အတွက် ဇာတ်ညွှန်းရေးဆရာကိုလည်း အပြစ်တင်ပြောဆိုခဲ့ကြသည်။
တကယ်တမ်း သူက ထိုကိစ္စကို အလေးအနက်မထားခဲ့ပေ။ နှစ်ရက်ခန့်အကြာတွင်မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က သူ့ကို ဤဇာတ်ညွှန်းပေးလိုက်ပြီး ဇာတ်ညွှန်းမှာလည်း သူဖြစ်ချင်သည့်ပုံစံနှင့်တူနေခဲ့၏ ။ ဤသည်မှာ ဘုရားပေးသည့် အခွင့်အလမ်း ဖြစ်ကြောင်း ရုတ်တရက် နားလည်လိုက်သည်။ ထို့ကြောင့် သူသည် လီကျောင်းအားချနင်းကာ ပြဿ နာကို ဖြေရှင်းခဲ့ပေသည်။
လီကျောင်းသည် သူ၏အခန်းထဲ၌စားသောက်နေစဉ် အေးဂျင့် ကျန်းရှောင်ယွမ်ဆီမှ video call လက်ခံရရှိခဲ့သည်။
"လီကျောင်း မင်းဘာလို့ ထပ်စားနေတာလဲ။" ကျန်းရှောင်ယွမ်သည် လီကျောင်းက ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ပြီး ဝက်ခြေထောက်စားနေသည်ကို ကြည့်ကာ သူ့နဖူးပေါ်ရှိ သွေးကြောများ ထောင်လာသည်အထိ ဒေါသထွက်လာခဲ့သည်။
"ဒီနေ့ ကျွန်တော် ဆယ်နာရီဆက်တိုက်ရိုက်ကူးရေး လုပ်ရလို့ အစာစားဖို့အချိန်တောင်မရှိဘူး ။ကံကောင်းထောက်မပြီး အကိုစုန့်ရှိပေလို့သာပဲ။" လီကျောင်းသည် နှုတ်ခမ်းထောင့်မှဆီကို သုတ်ရင်း ပြုံးလိုက်သည်။
"အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်အကြောင်းသိသားနဲ့။ ကျွန်တော်က ဘယ်လောက်စားစား ဝလာမှာမဟုတ်လို့စိတ်ပူစရာမလိုဘူးလေ။"
"မင်းရဲ့ကိုယ်အလေးချိန်တက်လာမှာကို ငါကစိတ်မပူဘူး ။ညဥ့်နက်စာစားတတ်တဲ့အကျင့်ရှိလာမှာ စိုးရိမ်နေတာ။ နောက်ကျရင် မင်းကို အလကားကျွေးမဲ့သူရှိမှာမဟုတ်ဘူး။" လီကျောင်းက အခြား အကင်တုတ်ချောင်းတစ်ခု ကောက်ကိုင်လိုက်သည့်အခါ ကျန်းရှောင်ယွမ်က အံကြိတ်ကာ လေးနက်သည့်လေသံဖြင့် ပြော၏ ။ "ကျောင်းအာ ၊အစ်ကိုမင်းကို သတင်းဆိုးတစ်ခု ပြောစရာရှိတယ်။"
"ဘာကိစ္စဖြစ်လို့လဲ။" လီကျောင်းသည် ဖုန်းမျက်နှာပြင်ကို မော့ကြည့်ပြီး မေးလိုက်၏။
"ငါတို့ကုမ္ပဏီ ဒေဝါလီခံရပြီး သူဌေးကထွက်ပြေးသွားခဲ့တယ်။ ငါတို့မှာ အလုပ်မရှိတော့ဘူး။" ဤဝါကျ အပြီးတွင် အကင်တုတ်ကိုင်ထားသည့် လီကျောင်းက ပြန်မဖြေသည့်အတွက် ကျန်းရှောင်ယွမ်က "မင်းမှာစိတ်ကူးထားတာမရှိဘူးလား။" ဟု အကူအညီမဲ့သည့်ပုံဖြင့် မေးလိုက်သည်။
"အိုး..." လီကျောင်းသည် မျက်မှောင်ကြုံ့လိုက်ပြီး အလွန်ဝမ်းနည်းသွားခဲ့သည်။
သူတို့နှစ်ဦးသည် ဖုန်းကင်မရာမှတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောဖြစ်ခဲ့ပေ။
အချိန်အတော်ကြာပြီးနောက် လီကျောင်းသည် ကျန်းရှောင်ယွမ်၏အမူအရာ အလွန်လေးလံထိုင်းမှိုင်းသည်ကို မြင်ရသဖြင့် နှစ်သိမ့်ပေးလိုက်၏။
"အစ်ကို ရှောင်ယွမ် ၊ အရမ်းဝမ်းနည်းမနေပါနဲ့။အစ်ကို ကျွန်တော်တို့အဖွဲ့သားတွေနဲ့ ထမင်းစားဖို့ ဘာလို့ မလာရမှာလဲ။ အစ်ကိုစုန့်က အပိုဟင်းတွေလည်း ကျွေးတယ်။ အဲ့ဒါကငါတို့ကို အများကြီး အကုန်အကျသက်သာစေလိမ့်မယ်။"
အလကားစားခြင်းသည် ရှက်စရာကောင်းသော်လည်း အစားအသောက်ကောင်းကောင်းစားရမည်ဆိုပါက သူတို့၏ဂုဏ်သိက္ခာကို ဘယ်သူက ထိန်းသိမ်းထားမှာလဲ။ ကံအားလျော်စွာ သူတို့၏ ဆင်းရဲသော ရိုက်ကူးရေးအဖွဲတွင် ရက်ရောသည့် အစ်ကိုစုန့်ရှိသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုန့်ယွီ :စကားမပြောနဲ့ ငါတိတ်တိတ်ဆိတ်ဆိတ်နေချင်တယ်။
အောက်မှာ လီကျောင်း စားခဲ့တဲ့ မုန့်ပုံလေးတွေရှာပြီး ထည့်ပေးထားတယ်နော် ပုံ ကြည့်ပြီး စားချင်သွားတယ်
#5371Words
18.8.21