Chapter 1185

339 46 0
                                    

စာစဉ် 79 Chapter 1185 ကျင်းကျန်းသို့ ခြေချခြင်း

*နောက်ဂိုဏ်းချုပ်နှစ်ယောက် အသတ်ခံလိုက်ရပါလား*
*ဂိုဏ်းချုပ်တစ်စု အတူတူ လှုပ်ရှားတာတောင် အလုပ်မဖြစ်ဘူးလား*
လောင်ကျန်းရှန်သည် သေဆုံးချိန်အထိ တစ်ချက်တည်းဖြင့် အသတ်ခံရလိမ့်မည်ဟု မထင်ထားသလို ထိုသို့ သတ်သည့်လူကလည်း ဂျူနီယာတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မယုံနိုင်ပေ။
သူ မသိသေးသည့် အကြောင်းတစ်စုံတစ်ရာ ရှိကိုရှိနေပေသည်။ ဥပမာ ပြောရလျင် ယဲ့ဖန်၏ နောက်ကြောင်း ဖြစ်သည်။
ထိုသူသည် သူ ပြောသကဲ့သို့ ခြေသလုံးအိမ်တိုင် သိုင်းသမားသာသာအဆင့် မဖြစ်နိုင်ပါ။ သို့မဟုတ်ပါက သူက ဂိုဏ်းချုပ်ဖြစ်သော သူတို့အား ခွေးတစ်ကောင်ကို သတ်သလို သတ်နိုင်ပါမည်နည်း။
“ဝုန်း ဝုန်း”
အသံကျယ် နှစ်သံနှင့်အတူ လောင်ကျန်းရှန်နှင့် အခြားဂိုဏ်းချုပ်တို့သည် ယဲ့ဖန်၏ ကန်ထုတ်ခြင်း ခံလိုက်ရ လေသည်။ သူတို့သည် ဟွာချင်ဂိုဏ်း၏ နံရံနှင့် ဝင်တိုက်မိကာ အသားပြား အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤအဖြစ်က ပါးစပ် သယမ်း၍ ပုတ်ခတ်စော်ကားခဲ့သူများအား ချက်ချင်း ပါးစပ်ပိတ်သွားစေသည်။ ထို့အတူ အားလုံး ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေမိပြီး မတုန်လှုပ်ဘဲ မနေနိုင်ကြချေ။
ပထမ၌ သူတို့သည် ယဲ့ဖန်အား သတ်ဖြတ်ခြင်းက ထိုဂိုဏ်းချုပ်များအတွက် ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူလွန်းလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ထိုသို့ ဖြစ်မလာပေ။
ထိုဂိုဏ်းချုပ်များတောင်မှ ယဲ့ဖန်၏ လက်ထဲ၌ အသာလေး သေသွားရသဖြင့် သူတို့ဆိုလျင်လည်း သေဘေးမှ မလွတ်မြောက်နိုင်ပါ။
လက်ရှိတွင် တကုန်းဖုန့်တောင်မှ မျက်မှောင်ကြုတ်နေမိသည်။ သူ ဂိုဏ်းချုပ် နှစ်ယောက်ကို ချက်ချင်း သတ်နိုင်ပါသော်လည်း ယဲ့ဖန်ကဲ့သို့ အလွယ်တကူ မသတ်နိုင်ပါ။
“တကုန်းဖုန့် ကျေးဇူးပြုပြီး လှုပ်ရှားပါတော့”
လီဟယ်သည် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် တောင်းပန်လေသည်။ ယခု သူတို့ အစွမ်းအစဖြင့် မတတ်နိုင် တော့ချေ။ သူတို့သည် ယဲ့ဖန်၏ ပြိုင်ဘက် မဟုတ်ပေ။
“ဟမ့်”
သူ သည်အတိုင်း ရပ်ကြည့်နေ၍ မရမှန်း တကုန်းဖုန့်လည်း ရိပ်မိသည်။ ထို့ကြောင့် အေးစက်စက် ထီမထင်ဟန်ပြု၍ ယဲ့ဖန်ထံသို့ လှမ်းသွားလေသည်။
“ကြည့်ရတာ မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိတဲ့ပုံပဲ၊ မင်း ဆေးဖော်စပ်နည်းကို လိုလိုလားလား ပေးပြီး ငါ့ကို နတ်ဘုရားအဖြစ် သတ်မှတ်ပြီး ဆေးဘုရင်တောင်ကြားကို အရိုအသေ ပေးသရွေ့ ငါ မင်းကို ခွင့်လွှတ်ပေးနိုင်တယ်”
ယဲ့ဖန်၏ ခွန်အားက သူ့အား အထင်ကြီးသွားစေခဲ့သည်။ ထို့အပြင် ယဲ့ဖန်၏ ခွန်အားကို မြင်ပြီးနောက် ယဲ့ဖန်ကို သူ တစ်ယောက်တည်း တိုက်နိုင်သည်ဟု ယုံကြည်ချက် မရှိတော့ချေ။ ထို့ကြောင့် သူက ပြေလည်မှု လိုချင်နေ၏။ ဤနည်းဖြင့် ယဲ့ဖန် အညံ့ခံလာအောင် ဖိအားပေးလိုက်သည်။
“ဆေးဘုရင်တောင်ကြားကို အရိုအသေ ပေးရမယ် ဟုတ်လား”
ယဲ့ဖန်က ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ဟားတိုက် ရယ်မောလိုက်ပြီးမှ အသာ ပြောလေသည်။
“ဒီလောကကနေ ဖျောက်ဖျက်ခံရတော့မယ့် ဂိုဏ်းတစ်ခုကို ငါ စိတ်မဝင်စားဘူး”
“ဖျောက်ဖျက်ခံရတော့မယ့် ဂိုဏ်းဟုတ်လား၊ ဟေ့ကောင် မင်းကို ဘယ်သူ ပြောတာလဲ”
တကုန်းဖုန့်၏ မျက်နှာ မည်းမှောင်သွားလေသည်။ ဆေးဘုရင်တောင်ကြားသည် နှစ်ထောင်ချီ၍ တည်ရှိခဲ့သော ဂိုဏ်း ဖြစ်သည်။ သူတို့၏ အနောက်၌ ကျုံးကျိုး အင်ပါယာ ရှိလေသည်။ မည်သူက သူတို့ကို ဖျောက်ဖျက်ခံရ တော့မည်ဟု ပြောဝံ့သနည်း။
ယဲ့ဖန်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ငါ ပြောတာ”
လူတိုင်း ယဲ့ဖန်ကို အလန့်တကြား ကြည့်လိုက်ပြီးနောက် ယဲ့ဖန်၏ စကားအဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက် သွားကြသည်။
*ဒီလူက ဆေးဘုရင်တောင်ကြားကို ဖျက်ဆီးချင်တယ်လို့ တကယ်ကြီး ပြောနေတာလား*
“ဟားဟားဟား …”
ခွက်ထိုးခွက်လန် ရယ်မောသံ ထွက်ပေါ်လာလေသည်။ တကုန်းဖုန့်က ရယ်မော၍ ခေါင်းတခါခါဖြင့် ပြန်ပြော လိုက်သည်။
“မင်းကို အခွင့်အရေး ပေးခဲ့ပင်မယ့် မင်းက ဘယ်လို ဖမ်းဆုပ်ရမလဲ မသိဘူးပဲ”
အခြားသူများသည်လည်း လှောင်ရယ်ကြသည်။
*ဟွိုင်အန်း စီရင်စုထဲမှာ ကျော်ကြားတဲ့ ဆေးဘုရင်တောင်ကြားကို ဖျက်ဆီးမယ်တဲ့လား*
*ဒီကောင် အတည်ပေါက်ကြီး‌ ပြောနေပါလား*
“လူကြီးမင်းယဲ့ ခင်ဗျားက ဂိုဏ်းချုပ်တစ်ချို့ကို ရှင်းနိုင်တာနဲ့ ခင်ဗျားကိုယ်ခင်ဗျား ဟုတ်လှပြီ ထင်နေတယ်နဲ့ တူတယ်”
လီဟယ်က လှောင်ပြောင်သော အပြုံးဖြင့် ဆက်ပြောလေသည်။
“ဆေးဘုရင်တောင်ကြားရဲ့ နောက်ခံက ဘယ်လောက် ထူးဆန်းပြီးတော့ အဲ့နောက်ခံက ဘယ်လောက် အင်အားကြီးလဲ ခင်ဗျား သိရဲ့လား၊ ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ တိရစ္ဆာန်က ဘယ်လိုတောင် ပြောရဲတာလဲ၊ ခင်ဗျား ကျားသစ်အသည်း စားထားလို့များ သတ္တိကောင်းနေတာလား”
“ဟေ့ကောင် မင်း မလုပ်နိုင်တဲ့အရာကို ထုတ်မပြောနဲ့၊ ပြောလိုက်မိရင် မင်းပဲ လူရယ်စရာ ဖြစ်မှာ”
“ဆေးဘုရင်တောင်ကြားကို ဖျောက်ဖျက်မယ် ဟုတ်လား၊ ဆေးဘုရင်တောင်ကြားကြောင့် မင်းပဲ ဖျောက်ဖျက် ခံရမှာကွ၊ ဆေးဘုရင်တောင်ကြားက ပါးစပ်ဟလိုက်တာနဲ့ သူတို့ကိုယ်တိုင် မင်းကို သတ်စရာ မလိုဘဲ မင်းအလောင်းက မြစ်ထဲ မျောသွားလိမ့်မယ်”
အားလုံးက ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေကြသည်။ ယဲ့ဖန်က အမှန်တကယ် သန်မာပါသော်လည်း ဆေးဘုရင်တောင်ကြား တစ်ခုလုံး၏ ရန်သူ လုပ်မည်ဟု ပြောခြင်းက ဟာသတစ်ခုပင်။
ဆေးဘုရင်တောင်ကြားသည် နှစ်ထောင်ချီ၍ ရပ်တည်လာခဲ့သဖြင့် အားကြီးသော ရန်သူမျိုးနှင့် မကြုံတွေ့ဖူးချေ။ ယနေ့ထက်တိ ရပ်တည်နိုင်ခြင်းက ဆေးဘုရင်တောင်ကြားက မည်မျှ အင်အားကြီးကြောင်း ပြသနေ၏။ ယဲ့ဖန်က တစ်ယောက်တည်းနှင့် ဤအဖွဲ့အစည်းကြီး၏ အုတ်မြစ်ကို လှဲဖြိုချင်သည်တဲ့လား။
တကုန်းဖုန့်က မည်းမှောင်နေသော မျက်နှာထားဖြင့် လှောင်ရယ်ကာ ပြောလိုက်သည်။
“မင်းက ခေါင်းမာနေမှတော့ သေလမ်းကို သွားလိုက်တော့”
ရုတ်ချည်းဆိုသလို လေပြင်းများ တိုက်ခတ်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပျံ့လွင့်လာသည်။ ဤနေရာ၌ ပုံရိပ်ဆယ်ခုကျော် တစ်ပြိုင်တည်း ပေါ်လာ၏။
အားလုံးက ကြေးနီရောင် မျက်နှာဖုံးကို တပ်ဆင်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ကာ ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားကြသည်။
သူတို့၏ ခန္ဓာကိုယ်မှ မည်သည့် အသက်ဓာတ်ကိုမျှ မခံစားမိသလို ဖုတ်ကောင်ကဲ့သို့ စူးရှသော အနံ့ဆိုးများ ရှိနေသည်။
သူတို့ ပေါ်လာသည်နှင့် ဟွာချင်ဂိုဏ်းတစ်ခုလုံးအား မရဏ အငွေ့အသက်တစ်ခု လွှမ်းခြုံလာသဖြင့် လူတိုင်း ငရဲကျသွားသကဲ့သို့ ခံစားမိကာ မတ်မတ်ပင် မရပ်နိုင်တော့ချေ။
လူများနှင့်မတူဘဲ လမ်းလျှောက်နေသော ဖုတ်ကောင်များနှင့် တူနေသည့် ထိုသူများကို သူတို့ ကြောက်လန့်တကြား ကြည့်လိုက်မိသည်။
“ဖုတ်ကောင် စစ်တပ်”
လီဟယ်၏ အသံ၌ ထိန်းချုပ်မရနိုင်သော ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။ ဖုတ်ကောင် စစ်တပ်သည် ဆေးဘုရင် တောင်ကြား၏ ကြောက်စရာ အကောင်းဆုံးသော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း ဖြစ်သည်။ ဖုတ်ကောင် စစ်တပ် တစ်ခုစီအား ဆေးဘုရင်တောင်ကြား၏ လျှို့ဝှက်နည်းလမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ထာဝရ အသက်ရှင်နိုင်ကြသည်။
ထို့ကြောင့် ဤစစ်တပ်သည် ခွန်အား၌ ကြောက်စရာ ကောင်းရုံသာမက အရေးအကြီးဆုံး အချက်မှာ အသိစိတ် မရှိကြသဖြင့် သေရမည်ကို လုံးဝ မကြောက်ကြပေ။ ထိုသို့သော စစ်တပ်ကို ထိန်းချုပ်ရခြင်း သေရမည်ကို မကြောက်သော နတ်ဆိုးအား ထိန်းချုပ်ရသလိုပင်။
ဤခရီးစဉ်၌ ဆေးဘုရင်တောင်ကြားက ရက်စက်ကြမ်းကြုတ်မှုဖြင့် ကျော်ကြားသော ဖုတ်ကောင် စစ်တပ်ကိုပါ ခေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြပေ။ ယခုတစ်ခေါက် သူတို့ ပွဲကြီးပွဲကောင်း ကြည့်ရပေတော့မည်။
“ဟားဟားဟား ဖုတ်ကောင်စစ်တပ် ဒီရောက်လာပြီ၊ ယဲ့ဖန် မင်း မသေဘူးလို့ ငါ့ကို ပြောလိုက်စမ်းပါ”
လီဟယ်က ကျယ်လောင်စွာ ရယ်မောလေသည်။ သူ့ရင်ထဲ၌ ဝမ်းသာစိတ်များနှင့် ပြည့်နှက်နေ၏။
“သူတော်ကောင်ကေ ကောင်းမှုတွေပဲ ရှိပြီး လူယုတ်မာက မကောင်းမှုတွေပဲ ရမှာ အသေအချာပဲလေ၊ ယဲ့ဖန် မင်းလို အရှက်မရှိ ဆေးဖော်စပ်နည်း ခိုးပြီး လူသတ်တဲ့လူစားအတွက် ဝဋ်ပြန်လည်ပြီကွ”
လီဟွမ်ရီကလည်း အော်ပြောလေသည်။ တကုန်းဖုန့်၏ မျက်နှာ၌ ရက်စက်ကြမ်းကြုတ်ဟန် ပေါ်ထွက်နေပြီး လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သူ့ကိုသတ်ကြ”
ယဲ့ဖန်က သူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဆေးဘုရင်တောင်ကြားကို စော်ကားရဲသည်။ ဤသည်က သူ့အား မျက်နှာ ဖြတ်ရိုက်လိုက်သည်နှင့် မခြားနားချေ။ ယဲ့ဖန် သေကိုသေရပေမည်။
ရုပ်သေး ဖုတ်ကောင်များက ရုတ်တရက် ရှေ့သို့ ပြေးတက်လာပြီး သူတို့၏ ကြမ်းကြုတ်မှု အရှိန်အဝါက ဂိုဏ်းချုပ်များထက်ပင် ပြင်းထန်သေးသည်။ သေရမည်ကို မကြောက်သော ဖုတ်ကောင်များနှင့် ယဲ့ဖန် ရင်ဆိုင်ရတော့မည် မဟုတ်ပါလော။
“ငါ့ဘုရင်ကို ဘယ်သူ ရန်စတာလဲ”
ရုတ်ချည်းဆိုသလိုပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်သံနှင့်အတူ ကောင်းကင်ယံမှ လူတစ်ယောက် ပေါ်လာ၏။ သူသည် ရတနာ ကြေးမုံတစ်ချပ်ကို ကိုင်ဆောင်ထားပြီး ထိုမှန်ဖြင့် နေရောင်ကို ရောင်ပြန်ဟ ပ်စေလိုက်သဖြင့် အောက်ဘက်မှ ဖုတ်ကောင်များ ပေါက်ကွဲသွားရသည်။
“ဘယ်သူလဲ”
တကုန်းဖုန့် ချက်ချင်း မျက်နှာပျက်သွားသည်။ ဘယ်သူက ဤမျှ အတင့်ရဲပြီး သူတို့၏ ဆေးဘုရင် တောင်ကြားကို တိုက်ခိုက်ရဲသနည်း။
ခပ်ဝေးဝေးမှ ကြီးမားသော တိမ်မြူခိုးတစ်ခုကို မြင်လိုက်ရပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ရတနာ ကြေးမုံတစ်ချပ်ကို ကိုင်ဆောင်ထားပြီး နတ်ဘုရားသဖွယ် ကိုယ်ရောင် တောက်ပလျက် ရှိနေသည်။ သူ့အနောက်၌ ရာချီသော လူများ ရပ်နေကြသည်။ ထိုသူများကို သေချာ မြင်လိုက်ရသောအခါ တကုန်းဖုန့်၏ မျက်နှာ၌ သွေးပျက်ဟန်များ ထင်ဟပ်လာ၏။
“ငါ့ဘုရင်ကို ထိခိုက်အောင် လုပ်ရင် ထုံမိသားစုက ဒီနေ့ ကျင်းကျန်းမြို့ကို ငြိမ်ဝပ်ပိပြားအောင် လုပ်ပစ်မယ်”
“ယန်မိသားစုကလည်း ဒီနေ့ ကျင်းကျန်းမြို့ကို ငြိမ်ဝပ်ပိပြားအောင် လုပ်ပစ်မယ်”
“ကျိုးမိသားစုကလည်း ဒီနေ့ ကျင်းကျန်းမြို့ကို ငြိမ်ဝပ်ပိပြားအောင် လုပ်ပစ်မယ်ကွ”
အောက်ဘက်ရှိ လူများအားလုံး ရင်တုန်သွားကြလေသည်။
*ဒီမိစ္ဆာကောင်တွေ …. သူတို့ ဘယ်လိုလုပ် ရောက်လာတာလဲ*
             စာစဉ် ၇၉ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now