Chapter 1169

353 47 0
                                    

စာစဉ် 78 Chapter 1169 ပါးကိုက်နားကိုက်
ဒေါက် ဒေါက် ဒေါက်
ထိုသို့သောအချိန်၌ လူငယ်သည် ကျန်းယုရုန်နှင့်အတူ လျှောက်လာ၏။ ဤအဖြစ်ကြောင့် ဘေးနားမှလူများသည် ဝေးရာသို့ အလျင်အမြန် ရှောင်တိမ်း၍ ထိုလူငယ်အား ကြောက်လန့်သော မျက်လုံးများဖြင့် ကြည့်လာကြသည်။
လီဟွမ်ရီတောင်မှ မထိန်းနိုင်ဘဲ မျက်နှာပျက်သွားပြီး မသိမသာ သွေးပျက်သွားဟန် ပေါ်လာသည်။ သူက ယဲ့ဖန်ဘက်လှည့်၍ ပြောလိုက်သည်။
“ညီလေးယဲ့၊ အဲ့လူက ဆေးဘုရင်တောင်ကြားက ဆေးဘုရင်လေးပဲ”
ထိုသို့ပြောပြီးနောက် လီဟွမ်ရီက ယဲ့ဖန်က စိုးရိမ်သလို ကြည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မင်း ဒီလူကို အာခံလို့မဖြစ်ဘူး”
“မဟုတ်ရင် ကျင်းကျန်းတစ်မြို့လုံးက မင်းရန်သူ ဖြစ်သွားလိမ့်မယ်”
“ဪ … အဲ့လောက်တောင် ကြီးတာလား”
ယဲ့ဖန်က ရယ်ရုံသာရယ်နေပြီး လုံးဝ အရေးမစိုက်ချေ။ ကျင်းကျန်းတစ်မြို့လုံးက သူ့ရန်သူ ဖြစ်လာ၍လည်း ဘာအရေးနည်း။ ဟွိုင်အန်းမြို့သည်လည်း သူ့ရန်သူ ဖြစ်ခဲ့သည် မဟုတ်ပါတကား။ နောက်ဆုံး၌ ဘယ်လို အဆုံးသတ် သွားရသနည်း။
“မင်း ဘယ်လိုထင်လို့လဲ၊ သူ့နာမည်က ကျူးဟောင်ရွှမ် ဆေးဘုရင်တောင်ကြားရဲ့ အထူးချွန်ဆုံး တပည့်လေ၊ သူက အသက်ငယ်ငယ်လေးရဲ့ အရင်ဆေးဘုရင်မျိုးဆက်ရဲ့ အမွေအနှစ်ကို ရပြီးနေပြီ”
“နှစ်တိုင်းရဲ့ ဆေးဖော်စပ်ခြင်း ပြိုင်ပွဲက ကျူးဟောင်ရွှမ်ရဲ့ တစ်ကိုယ်တော် ပြပွဲပဲ၊ အမြဲတမ်း အနိုင်ရတဲ့လူက သူပဲ”
“အချိန်တန်ရင် သူက သေချာပေါက် လောကကြီးကို စိုးမိုးလာပြီး ကျုံးကျိုး တစ်ခုလုံးရဲ့ အကောင်းဆုံး ဆေးဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်”
“အခုဆို သူ ဖော်စပ်တဲ့ ဆေးလုံးတွေက ရှာရခက်တယ်၊ ကျင်းကျိုးတစ်မြို့လုံးမှာ သူ့ကို ကူညီမယ့်သူ ဘယ်နှစ်ယောက် ရှိနေသလဲ ပြောရခက်တယ်”
“မင်းသာ သူ့ကို ရန်စလိုက်ရင် သူကိုယ်တိုင် မင်းကို ရှင်းစရာတောင် မလိုဘူး၊ မင်းကို ကိုယ်တိုင် လာပြဿနာရှာမယ့် လူတွေ အများကြီး ရှိနေမှာ”
ဗီယင်ကျန်းနန်းတော်သည် ဆေးဘုရင်တောင်ကြားနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ ထို့ကြောင့် ကျူးဟောင်ရွှမ်နှင့် ကျန်းယုရုန်တို့၌ ကောင်းမွန်သော လူငယ် ဆက်ဆံရေး ရှိလေသည်။ ထို့ကြောင့် ကျန်းယုရုန်၏ စကားများကို နားထောင်ပြီးသည်နှင့် ယဲ့ဖန်ကို ရန်ရှာရန် သူကိုယ်တိုင် လာခြင်း ဖြစ်၏။ ဘာမဟုတ်သော သိုင်းပညာရှင်တစ်ယောက်ကို သူ အရေးပင် မစိုက်ပေ။
“မင်းက ဟိုခြေသလုံးအိမ်တိုင် သိုင်းသမားလား”
တစ်ဖက်လူက ယဲ့ဖန်ကို မာန်ဝင့်သော အပြုံးမျိုးနှင့် ကြည့်လေသည်။ ယဲ့ဖန်က ကျိတ်ရယ်လိုက်မိသည်။
“ငါပဲ”
“ဒူးထောက်ပြီး ယုရန်ကို တောင်းပန်လိုက်၊ ပြီးရင် မင်းခြေလက်တွေကို မသုံးနိုင်အောင် ခုတ်ဖြတ်ပြီး အပြစ်ဒဏ် လက်ခံဖို့အတွက် ဗီယင်ကျန်းနန်းတော်ကို ငါ့နောက်က လိုက်ခဲ့”
ကျူးဟောင်ရွှမ်က မောက်မာသော လေသံဖြင့် ယဲ့ဖန်အား ဟိတ်ဟန်အပြည့် ပြောလာသည်။ ယဲ့ဖန်က အလွန် နိမ့်ကျသော မျိုးရိုးမှ မွေးဖွားလာပြီး သူက ယဲ့ဖန်၏ အရှင်သခင် ဖြစ်နေသကဲ့သို့သော ပုံစံဖြင့် ပြောနေသည်။
“ဘာလို့လဲ”
ယဲ့ဖန်က ဟာသတစ်ပုဒ်ကို ကြားရသကဲ့သို့ ရယ်လိုက်သည်။
*လမ်းဘေးခွေးကများ ငါ့ပြန်ဟောင်နေတာလား*
*အံ့ဩစရာပဲ*
ကျူးဟောင်ရွှမ် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
“ငါ ကျူးဟောင်ရွှမ်က ပြောရင် အဲ့အတိုင်း လုပ်ရမယ်”
“ဪ”
ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီးနောက် အပြုံးဖြင့် ပြန်မေးလိုက်သည်။
“ကျူးဟောင်ရွှမ်ဆိုတဲ့မင်းက ခိုင်းဖက်လား”
“မင်း …”
ကျူးဟောင်ရွှမ် ဒေါသထွက်သော အမူအရာမျိုး ဖြစ်လာသည်။ သူ့ဘဝတစ်လျှောက်၌ ဤသို့ပြောရဲသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
“အစ်ကိုကျူး ရှင် ကြားတယ်မလား၊ ဒီကောင်က တအား မောက်မာပါတယ်လို့ ကျွန်မ မပြောခဲ့ဘူးလား၊ ကျွန်မတို့ ဗီယင်ကျန်းနန်းတော်ကို စော်ကားရုံတင်မကဘဲ ဟွာချင်ဂိုဏ်းနဲ့ ရှင့်ဆေးဘုရင်တောင်ကြားကိုပါ သူ့မျက်လုံးထဲ ထည့်မထားဘူး”
ဘေးနားမှ ကျန်းယုရုန်သည် မနာလိုဝန်တိုစွာဖြင့် မီးစာကို ထပ်အားဖြည့်ပေးလိုက်သည်။ ကျူးဟောင်ရွှမ်က ယဲ့ဖန်ကို အလွန်မုန်းတီးစွာ ဆက်ဆံသည်ကို သူမ လိုချင်နေ၏။
“ခုနတုန်းက သူလည်း ပြိုင်ပွဲမျာ ဝင်ပြိုင်ဖို့ လာတာလို့ သူ ပြောတာကို ကျွန်မ ကြားလိုက်တယ်၊ ရှင်တို့ ဆေးဘုရင် တောင်ကြားကို အနိုင်ယူဖို့အတွက်တဲ့လေ၊ သူက ရှင်တို့ ဆေးဘုရင်တောင်ကြားက နာမည် ကျဆင်းနေပြီး ပျက်စီးတော့မှာလို့တောင် ပြောလိုက်သေးတယ်”
ထိုစကားကို ကြားသောအခါ ကျူးဟောင်ရွှမ် အပါအဝင် ဆေးဘုရင်တောင်ကြားမှ တပည့်များအားလုံး ယဲ့ဖန်ကို အစိမ်းလိုက် ဝါးစားချင်သော အကြည့်များဖြင့် ကြည့်လာကြသည်။
ဆေးဘုရင်တောင်ကြားသည် နှစ်ထောင်ချီ ရပ်တည်နိုင်ခဲ့ပြီး ဆေးပေါင်းများစွာကို ဖော်စပ်နိုင်ခဲ့သည်။ သူတို့အား မျက်နှာလုပ်ချင်သည့် အဖွဲ့အစည်း မည်မျှရှိနေသလဲ ဆိုသည်ကိုပင် သူတို့ မမှတ်မိနိုင်တော့ချေ။ ယဲ့ဖန်က သူတို့ကို လျစ်လျူရှုရဲသည်တဲ့လား။
“ရှင်းပြစမ်း”
ကျူးဟောင်ရွှမ်၏မျက်လုံးများက ဓားသွားကဲ့သို့ ထက်ရှနေပြီး ယဲ့ဖန်၏ မျက်နှာကို ထိုးဖောက်လုမတတ် စူးစိုက်ကြည့်လာ၏။
“ရှင်းပြ ဟုတ်လား”
ယဲ့ဖန် ရယ်လိုက်သည်။
“ငါ့တစ်သက်လုံး ငါ လုပ်ချင်တာအားလုံးကို လုပ်ခဲ့တာ၊ တစ်ခါမှ ရှင်းမပြခဲ့ဘူး၊ မင်းက ဘာမို့လို့လဲ၊ မင်းက ငါ ရှင်းပြဖို့ ထိုက်တန်လို့လား”
“ကောင်းပြီလေ”
ကျူးဟောင်ရွှမ်၏ ရင်ထဲ၌ အမုန်းမီးစ တောက်လောင်လာပြီး အံကြိတ်၍ ပြောလိုက်သည်။
“မကြာခင် ငါ ဘယ်လိုလူလဲဆိုတာ မင်း သိလာမှာပါ”
“ဆေးဖော်စပ်ခြင်း ပြိုင်ပွဲမှာ ဝင်ပါချင်တာ မဟုတ်လား”
ကျူးဟောင်ရွှမ်က မခိုးမခန့် ပြုံးလေသည်။
“မင်း ငါနဲ့ ပြိုင်ရဲလား”
“ရှုံးတဲ့လူက လက်ကိုချိုးပစ်ရမယ်”
“ဝိုး”
သူ့စကားကြောင့် လူတိုင်း၏ အမူအရာက သွေးပျက်သွားဟန် ဖြစ်ပေါ်လာလေသည်။
*လက်ကို ချိုးပစ်ရမယ်တဲ့လား၊ ဒါ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရိုက်ချိုးတာနဲ့ အတူတူပဲလေ*
ဆေးပညာရှင်များအတွက် လက်ကလွဲ၍ ဘယ်အရာကမှ ပိုအရေးမကြီးပေ။ လက်မရှိတော့လျင် ဤဘဝ၌ မည်သည့် ဆေးဝါးကိုမှ မဖော်စပ်နိုင်တော့ပါ။
ကျူးဟောင်ရွှမ်က ယဲ့ဖန်ကို ဖျက်ဆီးချင်နေခြင်းပင်။ လီဟွမ်ရီ ချက်ချင်း သက်ပြင်းချလိုက်မိသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ သိနေ၏။
ယဲ့ဖန်က ရန်မစနိုင်သည့် လူတစ်ယောက်ပြီး တစ်ယောက်ကို ရန်စဝံ့သည်အထိ မိုက်ရူးရဲဆန်လွန်းသည်။ ကျင်းကျိုး တစ်မြို့လုံးတွင် ကျူးဟောင်ရွှမ်၏ ဆေးပညာက အတော်ဆုံးဖြစ်ကြောင်း လူတိုင်း သိကြသည်။ ထိုသို့မဟုတ်ပါက ဆေးဘုရင်ငယ်လေးဟု ကျော်ကြားမည် မဟုတ်ပေ။
ယဲ့ဖန်ကဲ့သို့ အခြေအမြစ်မရှိသော ပေါင်းပင်ကဲ့သို့လူက နှိုင်းယှဉ်၍ မရနိုင်ချေ။ တစ်ခဏအတွင်း လူတိုင်းက ထူးဆန်းသော အပြုံးများ ပြုံးလာကြသည်။
*ကျူးဟောင်ရွှမ်က သူ့ကို အနိုင်ကျင့်ရုံသက်သက်ပါပဲလား*
*ယဲ့ဖန်လို ဘယ်ကမှန်းမသိတဲ့လူက ဘယ်လိုလုပ် ဆေးဘုရင်ငယ်လေး ကျူးဟောင်ရွှမ်ကို အနိုင်ယူနိုင်မှာလဲ*
“လက်ကိုချိုးပစ်ရမယ် ဟုတ်လား”
ယဲ့ဖန်က ပြုံး၍ ကျူးဟောင်ရွှမ်ကို စိုက်ကြည့်လေသည်။
“မင်းက တော်‌တော် ယုံကြည်မှုရှိတဲ့ပုံပဲ”
“မင်းထက် ပိုပြီးတော့ကို ယုံကြည်ချက်ရှိတယ်”
ကျူးဟောင်ရွှမ်က ဂုဏ်ယူစွာပြုံး၍ ပြောလာသည်။
“ငါ့လို ပါရမီရှင်က မင်းလို အမှိုက်ကောင်နဲ့ တူမှမတူတာ၊ နှိုင်းယှဉ်လို့မရနိုင်ဘူးကွ”
“မင်း ပြိုင်ရဲလား”
ကျူးဟောင်ရွှမ်က ယဲ့ဖန်ကို ရန်စသလို ကြည့်လေသည်။
“ကောင်းပြီလေ”
ယဲ့ဖန်က ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါ့မှာလည်း နောက်တစ်ချက် ရှိတယ်၊ ငါ ရှုံးရင် လက်အဖြတ်မခံဘူး အသေခံမယ်”
*ဘာ*
*လက်ခံလိုက်တာလား*
*ဒီကောင် တကယ် သဘောတူလိုက်တာလား*
လူတိုင်း ဇဝေဇဝါ ဖြစ်နေကြသည်။ ယဲ့ဖန် သဘောတူလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။ ထို့အပြင် သူက အသက်ကိုပင် လောင်းကြေးထပ်သည့် အခြေအနေကိုပါ ထပ်ပြောင်းလိုက်သေးသည်။
*ရူးနေပြီ*
*ဒီကောင် ဘာတွေတွေးနေတာလဲ၊ သူ တကယ် ကျူးဟောင်ရွှမ်ကို နိုင်လိမ့်မယ်လို့ တွေးနေတာများလား*
*ဒီဆေးဘုရင်လေးကို နိုင်မတဲ့လား*
ကျူးဟောင်ရွှမ်တောင်မှ အံ့ဩသွားပြီးမှ ထရယ်လေသည်။
“မင်းကိုယ်မင်း ယုံကြည်မှုရှိတာကို ငါ လေးစားပါတယ်၊ ဆုချတဲ့အနေနဲ့ ငါ မင်းကို … ချင်ဟွာဂိုဏ်းမှာ သေအောင် လုပ်ပေးမယ်”
ထို့နောက် ကျူးဟောင်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဆေးမီးဖို ယူလာခဲ့”
ထိုအခိုက်တွင် လူတိုင်း၏မြင်ကွင်းရှေ့သို့ တစ်မူထူးခြားသော ဆေးမီးဖို ပေါ်ထွက်လာသည်။ ၎င်းတွင် နဂါး ကိုးကောင်ပုံကို ထွင်းထုထားသဖြင့် တော်ဝင်ဆန်၍ ကျက်သရေရှိပုံ ပေါ်နေ၏။
၎င်းမီးဖို လှုပ်ခါသွားတိုင်း နဂါးအော်သံ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရပြီး အလွန် ကျေနပ်အားရဖွယ် ကောင်းလှသည်။
“နဂါးကိုးကောင် ဆေးမီးဖိုပါလား”
လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ သူတို့ရှေ့မှ ဆေးမီးဖိုကြီးသည် ဆေးဘုရင်တောင်ကြား၏ ရှားပါး ရတနာတစ်ခု ဖြစ်နေ၏။
ယခင် ဆေးဘုရင်မျိုးဆက်မှ ချန်ထားရစ်ခဲ့သော ထူးခြားသည့် ဆေးမီးဖို ဖြစ်ပေသည်။ ယင်းသည် ကျုံးကျိုး အင်ပါယာတွင်း၌ နာမည်ကျော်ကြားသော နတ်ဆေးမီးဖိုများထဲမှ တစ်ခု ဖြစ်၏။ ဤဆေးမီးဖိုဖြင့် မည်မျှ မှော်ဆန်သော ဆေးဝါးများ ဖော်စပ်ပြီးခဲ့သလဲ ဆိုသည်ကို မည်သူမှ မသိကြပေ။
လက်ရှိအချိန်တွင် လူတိုင်း နောက်ပြောင်လိုဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောကြလေသည်။ ကျူးဟောင်ရွှမ်က ယဲ့ဖန်ကို အစကတည်းက ယဲ့ဖန်ကို အခွင့်အရေး ပေးလိုစိတ် ရှိပုံမပေါ်ချေ။ ထိုသို့မဟုတ်ပါက ဤသို့သော ရတနာမျိုးကို သူ ဘယ်လိုလုပ် ထုတ်သုံးမည်နည်း။
ချက်ချင်းဆိုသလိုပင် ကျူးဟောင်ရွှမ်က အပြုံးကြီး ပြုံးလိုက်ပြီး ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။
“မင်းရဲ့မီးဖိုရော ဘယ်မှာလဲ”
“မီးဖိုဆိုတာ ပစ္စည်းသက်သက်ပါပဲ၊ ငါ့အတွက် အဲ့လောက်ထိ အရေးမပါဘူး”
ယဲ့ဖန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“နင်က တကယ် ဟန်ဆောင်ကောင်းတာပဲ၊ နင့်မှာ မီးဖိုကောင်းတစ်ခု မရှိဘူးထင်တယ်၊ ဟုတ်တယ်မလား”
ကျန်းယုရုန်က ပျက်ရယ်ပြုလိုက်ပြီးနောက် ဝန်ထမ်းတစ်ယောက်ကို စကားတစ်ချို့ တီးတိုး ပြောလိုက်သည်။ မကြာခင်မှာပင် ပျက်စီးနေသော သံမီးဖိုတစ်လုံးကို သယ်၍ ပြန်လာသည်။ ဆေးမီးဖိုဟု ပြောမည့်အစား သံအိုးဟု ပြောတာကမှ ပိုကောင်းပေဦးမည်။
“မင်းက ဒီလောက် အားကောင်းနေမှတော့ ဒီဆေးမီးဖိုနဲ့ နတ်ဆေးတွေ လုပ်နိုင်တယ်မလား”
ကျူးဟောင်ရွှမ် ရယ်မောလေသည်။ သူ့စကားကြောင့် ယဲ့ဖန်ကလည်း ရယ်လိုက်သည်။
“အမှန်ပဲ မင်းကိုနိုင်ဖို့အတွက် ဒီအဆင့် ဆေးမီးဖိုလောက်ပဲ လိုအပ်တာ”
ထိုစကားကြောင့် လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Dove le storie prendono vita. Scoprilo ora