Chapter 1159

364 44 0
                                    

စာစဉ် 78 Chapter 1159 ဘယ်တော့မှ အဲ့လို အဖြစ်မခံနဲ့
ထိုနေ့တွင် ယဲ့ယွင်ထျန်း၏ ရှုံးနိမ့်မှုနှင့် သေဆုံးမှုက ကျုံးကျိုး အင်ပါယာတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယဲ့ဘုရင်ဟူသော အမည်နာမကို တစ်လောကလုံး သိသွားကြသည်။
ယဲ့ယွင်ထျန်းကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်ခြင်းက ကြောက်စရာမကောင်းပေ။ ကြောက်စရာကောင်းသည်က မိုထျန်းကြွယ်ကဲ့သို့ မိစ္ဆာအိုကြီးကို စက္ကန့်ပိုင်းအတွင်း သတ်လိုက်ခြင်းပင်။
လူတစ်ချို့က ကျုံးကျိုးအင်ပါယာ၏ နံပါတ်တစ် နတ်ဆိုးဟု ခေါ်ကြပြီး ကမ္ဘာ့အဖွဲ့အစည်းကမူ ကမ္ဘာ့အလယ်မှ နတ်ဆိုးဟု ခေါ်ဝေါ်ကြသည်။
ကျုံးကျိုး အင်ပါယာ၏ နယ်မြေအတွင်း၌ ကြောက်စရာကောင်းသည့် အမျိုးစုံသော နတ်ဆိုးများ ထွက်ပေါ်လာလေ့ ရှိသည်။ ယဲ့ဖန်အား နံပါတ်တစ် နတ်ဆိုးဟု ခေါ်ဝေါ်ခြင်းက လောကအမြင်၌ သူက မည်မျှ ကြောက်စရာ ကောင်းနေကြောင်း ပြသနေ၏။
ကျုံးကျိုး အင်ပါယာ၏ အရူးအမူး ထိန်းချုပ်မှုအောက်၌ ယဲ့ဖန်၏ ဂုဏ်သတင်းက တဖြည်းဖြည်း ကျဆင်းလာသည်။ အင်တာနက်ပေါ်၌ လူတိုင်းက ယဲ့ဖန်ဟူသော စကားလုံးကို မေ့လျော့လာသည်။
ယဲ့ဖန်၊ ယဲ့ဘုရင်၊ ယွင်ရင်တောင် စသည့် စကားလုံးများနှင့် သက်ဆိုင်သော ပို့စ်များအားလုံး ချက်ချင်း ဖျက်သိမ်း သိမ်းဆည်းခံလိုက်ရချိန်မှစ၍ အင်တာနက် ကွန်ရက်ပေါ်၌ ယဲ့ဖန် လုံးဝ ပျောက်ကွယ်သွားသည်။
လဝက်ကြာပြီးနောက် ယဲ့ဖန်သည် ကျုံးဝမ်၏ ဖိတ်ကြားမှုကို လက်ခံရရှိလေသည်။
“ယဲ့ဖန် ကျွန်မ ရှင့်ကို ညစာ လိုက်ကျွေးချင်လို့ ရှင် အားလား”
ယဲ့ဖန် ပေးသောဆေးကြောင့် ကျုံးဝမ်၏ အသံက ပြာတာတာ ဖြစ်နေသေးသော်လည်း စကားစမြည် ပြောနိုင်လာ၏။
“ရတယ်၊ နေရာကို မင်း ရွေးလေ”
ယဲ့ဖန်က သူမအခြေအနေနှင့် ပတ်သက်၍ တစ်ခုခု ပြောချင်နေသောကြောင့် သဘောတူလိုက်သည်။
“ဒါဆို ဒီည လီကျန်းမှာ ညရှုခင်း ကြည့်လို့ရအောင်လို့ ခုနစ်နာရီမှာ တွေ့မယ်လေ”
ခုနစ်နာရီထိုးသောအခါ ချိန်းဆိုထားသော နေရာသို့ ယဲ့ဖန် အချိန်မှန် ရောက်သွားလေသည်။
“ရှင် အချိန်မှန်သားပဲ”
ယဲ့ဖန်ကိုမြင်ပြီး ပန်းပွင့်လေးကဲ့သို့ လှပသော ကျုံးဝမ်က ရှက်သွေးဖြာနေသော မျက်နှာလေးနှင့် နှုတ်ဆက် လာသည်။
“မင်း သိပ်လှတာပဲ”
ယဲ့ဖန်လည်း ချီးမွမ်းလိုက်မိသည်။ လက်ရှိ ကျုံးဝမ်သည် ကမ္ဘာဂြိုဟ်မှ အာရှတိုက်၏ နတ်မိမယ်လေး ဖြစ်ခဲ့သော ဖျောင်ကျုံးဝမ်တုန်းကထက် ပိုလှနေ၏။
“အပြောကောင်းနေတာပဲ”
ကျုံးဝမ် ပြုံး၍ ဆူပူလိုက်သော်လည်း သူမပါးလေးက ပို၍နီမြန်းလာသည်။ သူမစိတ်ထဲတွင် ဝမ်းသာ ကြည်နူး နေသည်။ ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်သော ကလပ်တွင်းသို့ အတူတူ ဝင်လာလိုက်သည်။
“ဒီကလပ်ထဲမှာ အထူးသီးသန့်နေရာလေး ရှိတယ်၊ စူပါ့ စူပါတွေရဲ့ စူပါ စူပါဖြစ်ပဲ ကျွန်မပဲ ထိုင်နိုင်တဲ့ ဗွီအိုင်ပီ နေရာလေးပေါ့”
ပြန်၍ စကားပြောနိုင်သောကြောင့် ကျုံးဝမ်တွင် ပြောစရာစကားများ မကုန်နိုင်အောင် ရှိနေပုံရပြီး သူမအသံက ဘယ်လိုအသံပေါက်ပေါက် စကားပြောနေရသည်ကိုပင် ကျေနပ်နေ၏။
ယဲ့ဖန်က ပြုံး၍ ခေါင်းတညိတ်ညိတ် လုပ်နေသည်။
“မင်းက အဲ့လောက် အဆင့်မြင့်တာလား”
“ဒါပေါ့ ဒီသီးသန့်ကလပ်ရဲ့ ပိုင်ရှင်က ကျွန်မ သူငယ်ချင်းလေ၊ သူ ဆိုင်ဖွင့်နိုင်အောင် ကျွန်မ ပိုက်ဆံ ချေးပေးခဲ့တာ”
ကျုံးဝမ်က တစ်လျှောက်လုံး ယုံကြည်ချက် ပြည့်ဝနေ၏။ ယခင်တုန်းက သူမသည် အနုပညာရှင် မိတ်ဆွေများစွာကို ဤဆိုင်သို့ ခေါ်ခဲ့ပြီး ဆိုင်အား အနုပညာရှင်များသာ လာသော စားသောက်ဆိုင်ဖြစ်အောင် လုပ်ပေးခဲ့သဖြင့် စားသုံးသူ များစွာကို ဆွဲဆောင်နိုင်ခဲ့ကာ နာမည်ကြီးလာရသည်။ ကျုံးဝမ်မရှိလျင် ဤဆိုင် မရှိနိုင်ဟု ဆိုနိုင် ပေသည်။
သို့သော် အထဲသို့ ဝင်လာပြီးနောက် ကျုံးဝမ်၏ မျက်နှာက ရုတ်တရက် သုန်မှုန်သွားသည်။ ခပ်လှမ်းလှမ်းမှ တစ်နေရာကို ကြည့်ပြီး သူမ အပြုံးလေး ပျောက်ကွယ်သွားသည်။ ဤအမူအရာကြောင့် ယဲ့ဖန် အံ့ဩသွားရသည်။
“ဘာဖြစ်တာလဲ”
“အဲ့စားပွဲက ကျွန်မတို့ဟာလေ”
ကျုံးဝမ်က သိပ်မဝေးသော နေရာမှ လှပသပ်ရပ်စွာ ပြင်ဆင်ထားသော စားပွဲတစ်နေရာအား လက်ညှိုးထိုးပြသည်။ လက်ရှိတွင် ထိုနေရာ၌ ထူးဆန်းသော အမျိုးသားများနှင့် အမျိုးသမီးများ ထိုင်နေကြသည်။
“ရှုကျိုးက အဲ့နေရာကို ကျွန်မတစ်ယောက်တည်းအတွက်ပဲ ထားထားပေးမယ်လို့ သေချာ ကတိပေးထားတာ၊ အခု သူက အခြားသူကို ပေးပစ်လိုက်တယ်၊ အဲ့ဒါကလည်း ကျွန်မရဲ့ ပြိုင်ဘက်ကို”
*လျန့်ကျစ်ရှန်*
ပထမအဆင့် အမျိုးသမီး အနုပညာရှင်များသည် ကျုံးကျိုး အင်ပါယာ၌ အလွန် နာမည်ကြီးသည်။ သို့သော် သူတို့သည် ကျုံးဝမ်နှင့် ကမ္ဘာ့ရန်များ ဖြစ်ကြသည်။ သူတို့သည် ကျုံးဝမ်အား ကြာပန်းဖြူမလေးအဖြစ် ဟန်ဆောင်ရသည်ကို သဘောကျသည်ဟု ပေါ်ပေါ်ထင်ထင် သမုတ်ဖူးသည်။ ကျုံးဝမ်၏ မကောင်းသတင်းများ ပျံ့နှံ့လာသောအခါ လျန့်ကျစ်ရှန်က ပထမဆုံး လက်စားချေသူပင်။
ထိုစဉ် သူမကလည်း ကျုံးဝမ်ကို မြင်သွားပြီး သရော်သော အမူအရာမျိုး ဖြစ်လာသည်။ အမှန်အတိုင်း ဝန်ခံရမည်ဆိုလျင် သူမသည် ပြီးခဲ့သော လဝက်ကတည်းက ဤသို့ ရောက်နေခြင်း ဖြစ်သည်။ သူမ လာသည့် အကြိမ်တိုင်း ကျုံးဝမ်နှင့် တွေ့ရန် မျှော်လင့်နေသည်။ သို့မှသာ သူမ ကျုံးဝမ်ကို အကြီးအကျယ် အရှက်ခွဲနိုင်မှာ ဖြစ်လေသည်။
သူမ စိတ်ရှည်လက်ရှည် စောင့်ခဲ့သောကြောင့် နောက်ဆုံးတွင် ကျုံးဝမ် ပေါ်လာလေပြီ။ လျန့်ကျစ်ရှန်က ခပ်သွက်သွက် ထရပ်လိုက်ပြီး အံ့ဩဟန်ဖြင့် ပြောလာသည်။
“အိုး … ဒါ ကျုံးဝမ် မဟုတ်လား၊ သူငယ်လေးနဲ့ ညစာစားဖို့ လာပြန်တာလား”
ချက်ချင်းဆိုသလိုပင် သူမအကြည့်က ယဲ့ဖန်ပေါ် ရောက်လာပြီး ယဲ့ဖန်၏ အဝတ်အစားကို မြင်သောအခါ သူမမျက်နှာတွင် အထင်သေးဟန်များ ဖြစ်ပေါ်လာသည်။
“ဒါပေမဲ့ နင့်သူငယ်လေးက သိပ်လည်း ကြည့်မကောင်းပါလား၊ နင် အရင်က အမျိုးသား မော်ဒယ်လ်တွေနဲ့ ချိန်းတွေ့တယ်လို့ မီဒီယာတွေက ပြောခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ နင့်အကြိုက်က ပြောင်းသွားတာလဲ၊ နင်က သူတောင်းစားတွေကိုတောင် သဘောကျတာလား”
“လျန့်ကျစ်ရှန် ပါးစပ်ပိတ်ထားစမ်း”
ကျုံးဝမ် ဒေါသကြောင့် တုန်ယင်လာ၏။
“အိုး … နင် စကားပြောနိုင်ပြီလား၊ ဒါပေမဲ့ ဘာလို့ နင့်အသံက ပျက်စီးနေတဲ့ ကြေးစည်သံလို ဖြစ်နေတာလဲ၊ တကယ် ဆိုးလိုက်တာဟယ် ဟားဟားဟား …”
လျန့်ကျစ်ရှန်က ဆိုးရွားစွာ ရယ်မောလေသည်။ လျန့်ကျစ်ရှန်၏ သူငယ်ချင်းများကလည်း ဟားတိုက် ရယ်မော ကြသည်။
“မြတ်စွာဘုရား နင် ဂီတလောကထဲကို ဘယ်တော့ ပြန်လာမှာလဲ၊ ပြန်ဝင်လာရန် ကျီးကန်းမရဲ့ ခေါ်သံဆိုပြီး အယ်လ်ဘမ်လေး ထုတ်လေ၊ ဟားဟား”
“သူ အဲ့လို ထုတ်ရဲလို့ကတော့ ငါ ဝယ်ရဲတယ်၊ ငါ ကြိုက်သလောက် ဝယ်ပစ်မယ်၊ အဲ့လူကို နင် ရှုံးတဲ့အထိပေါ့ …”
“ဒါဆိုရင်တော့ နင် ငါတို့ ကျုံးဝမ်ကို အထင်သေးနေတာပဲ၊ အခု သူက ကျက်လို သိက္ခာကျနေတာတောင် အဲ့သူငယ်လေးကို ဂရုစိုက်နေသေးတယ်လေ”
ထိုစကားများကို ကြားပြီး ကျုံးဝမ် မျက်နှာနှင့် နားရွက်အထိပါ နီရဲလာသည်။ သူမ ဆိုးဆိုးရွားရွား စော်ကားခံ နေရသည်။ ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်လာပြီး မျက်လုံးများ အေးစက်လာသည်။
*ဘယ်သွားသွား မိုက်မဲတဲ့ ငတုံးတွေနဲ့ တွေ့နေပါလား*
“ကျုံးဝမ် ဒီစားပွဲကို နင့်အတွက် ဖယ်ထားတယ်လို့ ငါ ကြားလိုက်တယ်၊ ဟုတ်လား”
ထိုစဉ် လျန့်ကျစ်ရှန်က ဂုဏ်ယူစွာ ပြုံး၍ ကျုံးဝမ်အား ဟန်ရေးပြလိုက်သည်။
“စိတ်မကောင်းစရာက နင်က ဘုရင်မ ဟုတ်မနေတော့ဘူးလေ၊ ဒီတော့ နင်က ဒီမှာ ထိုင်ဖို့ အရည်အချင်း မရှိဘူး”
“အခု နင် ထွက်သွားလို့ရပြီ၊ နင့်ဘေးက အမှိုက်ကို ခေါ်ပြီး တိတ်ဆိတ်တဲ့ ချောင်တစ်ချောင် ရှာပြီး ပုပ်သိုး သွားလိုက်တော့”
လျန့်ကျစ်ရှန် ရယ်မောလိုက်သည်။ သူမအသံက နားဝင်ဆိုးလှသည်။ လျန့်ကျစ်ရှန်ဟူသော သူမက ကျုံးဝမ်ထက် ပိုသန်မာကြောင်း ကျုံးဝမ် သိအောင် ပြသချင်နေ၏။ သူမက ကျုံးဝမ် ပိုင်ဆိုင်သမျှကို လုယူနိုင်ကြောင်း ပြသချင်သည်။
ကျုံးဝမ်၏ မျက်နှာလေးက ရုတ်တရက် ဖြူရော်သွားသည်။ သူမသည် အစက ယဲ့ဖန်ကို ကျေးဇူးတင်ကြောင်း ပြသည့် အနေဖြင့် ညစာဖိတ်ကျွေးချင်ခဲ့သည်။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပါ။ သူမ အလွန် ရှက်ရွံ့နေမိသည်။
*ယဲ့ဖန်လည်း ငါ့ကို ဟားနေမှာပေါ့နော်၊ ဟုတ်တယ်မလား*
ထို့ကြောင့် ကျုံးဝမ် မသိမသာ စိတ်ဆိုးမိသွားသည်။ သူမက ဖြတ်သွားသည့် စားပွဲထိုးတစ်ယောက်ကို လှမ်းဆွဲ၍ မေးလိုက်သည်။
“ရှောင်ဟယ် ဘာတွေ ဖြစ်နေတာလဲ၊ နင့်သူဌေးက ဒီနေရာကို ငါ့တစ်ယောက်တည်းအတွက် ချန်ထားတယ်လို့ မပြောဘူးလား၊ နင် ဘာလို့ တစ်ခြားသူကို ပေးလိုက်တာလဲ”
အတိတ်တုန်းကဆိုလျင် ရှောင်ဟယ်က သေချာပေါက် ခေါင်းညိတ်၍ ဦးညွတ်ကာ အစ်မဝမ်ဟု ခေါ်ပေလိမ့်မည်။ သို့ရာတွင် ယခုအခါ၌ သူက ကျုံးဝမ်ကို ခေါင်းစခြေဆုံး ကြည့်၍ ထူးဆန်းစွာ ပြောလိုက်သည်။
“ဒီနေရာက ကောင်းကင်ဘုရင်မအတွက် ဖယ်ထားတာလေ၊ မင်းက ကောင်းကင်ဘုရင်မလား”
ထိုအခိုက်တွင် ကျုံးဝမ် နေရာမှာတင် ကြက်သေ သေသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပါ။ အမြဲ ကျိုးနွံ၍ လေးစားမှုရှိသော ရှောင်ဟယ်က သူမကို ယခုကဲ့သို့ အပြုအမူနှင့် ပြောလာလိမ့်မည်ဟု သူမ ထင်မထားမိချေ။
သူမ ဤသို့ လာသည့်အကြိမ်တိုင်း အမြဲ မုန့်ဖိုးပိုပေးလေ့ ရှိသည်။ ယခင်ကဆိုလျင် ရှောင်ဟယ်က အမြဲ ကျေးဇူးတင် စကားဆိုလေ့ရှိသည်။ တစ်ဖက်လူက စာရွက်လှန်သည်ထက် ပို၍ မြန်ဆန်သောနှုန်းဖြင့် မျက်နှာပြောင်း သွားလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“ရှောင်ဟယ် ပြောတာကောင်းတယ်၊ ဒီလာဦး အစ်မ မင်းကို ဆုချဦးမယ်”
လျန့်ကျစ်ရှန်က ရယ်မော၍ ရှောင်ဟယ်အား မုန့်ဖိုး အထပ်လိုက် ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်မ၊ ကျေးဇူးတင်ပါတယ် အစ်မ”
ရှောင်ဟယ်က အပြုံးကြီးပြုံးကာ ကျုံးဝမ်ကို လှည့်ကြည့်၍ မီးစာ ထပ်ထည့်သလို ပြောလိုက်သည်။
“တွေ့တယ်မလား ကျုပ်တို့အစ်မလို ဘုရင်မကပဲ ဒီနေရာမှာ ထိုင်ဖို့ ထိုက်တန်တာ၊ မင်းက ဘာမို့လို့လဲ၊ မင်းမှာ ဘာတန်ဖိုး ရှိလို့လဲ”
ထိုစကားသည် တော်တော် လွန်နေပြီး ကျုံးဝမ်၏ ပင်ကိုစရိုက်ကို စော်ကားလိုက်ခြင်းပင်။
“နင် … နင် ဘယ်လိုလုပ် ဒီလိုပြောရတာလဲ၊ ရှုကျိုးကို ငါ့ဆီ လာတွေ့ခိုင်းလိုက်”
ကျုံးဝမ် အလွန် ဒေါသထွက်လွန်းသဖြင့် ငိုမိမတတ် ဖြစ်သွားရသည်။
*ဘာလို့ သူတို့က ငါ့ကို ဒီလောက် အရှက်ခွဲရတာလဲ*
“ဟဲဟဲဟဲ … သူဌေးကို ခေါ်မယ်ဟုတ်လား၊ ခင်ဗျားက အဲ့လောက် တန်ဖိုးရှိလို့လား”
ရှောင်ဟယ်က သရော်၍ ဆက်ပြောလေသည်။
“ကျုပ် ခင်ဗျားကို ပြောဖို့ မကြောက်ဘူး၊ ကျုပ်တို့ သူဌေးက ခင်ဗျားလို ခွေးမက ကျုပ်တို့ အနုပညာရှင်တွေ လာတဲ့ စားသောက်ဆိုင်ကို ဝင်လာဖို့ရော ထွက်သွားဖို့ရော မထိုက်တန်ဘူးတဲ့၊ ကျုပ်တို့ဆိုင်ကို နာမည်ပျက်အောင် မလုပ်နဲ့”
“ကျုပ် ခင်ဗျားကို မောင်းမထုတ်တာကတင် ခင်ဗျားအပေါ် ညှာတာမှု ပြနေတာပဲ၊ အခုထိ ဘာတွေမှားမှန်း မသိဘူးလား”
ထိုစကားကြောင့် ကျုံးဝမ် မှင်တက်သွားလေသည်။ ဤစားသောက်ဆိုင်သည် သူမကြောင့်သာ အနုပညာရှင်များ လာသည့် စားသောက်ဆိုင် ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် ရှုကျိုးက သူမရှေ့၌ ဒူးထောက်၍ ကျေးဇူးတင်စကား ဆိုကာ သူ့ဘဝ လက်ကျန်တစ်လျှောက်လုံး သူမကို ကျေးဇူးပြန်ဆပ်ပါ့မည်ဟု ပြောခဲ့သည်။
*အခု သူက အောင်မြင်သွားလို့ သူ့အပြုအမူက ပြောင်းပြန် ဖြစ်သွားတာလား*
ဤသည်က လူ့သဘာဝပင်။ အလွန် လူသားဆန်သော သဘာဝပင်။
“တောင်းပန်ပါတယ်၊ အခြားဆိုင်ကို သွားကြရအောင်”
ကျုံးဝမ်က သူမကိုယ်သူမ မငိုမိအောင် ထိန်းရင်း ယဲ့ဖန်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူမက ထွက်ပြေး လိုဟန်ဖြင့် တံခါးဝသို့ အလျင်အမြန် လျှောက်သွားလေသည်။ သို့သော် ထိုအချိန်၌ ယဲ့ဖန်က သူမကို လှမ်းဆွဲလာသည်။
“မင်းက အရှုံးသမား တစ်ယောက်လို ထွက်သွားချင်တာလား၊ ဘယ်တော့မှ အဲ့လို အဖြစ်မခံနဲ့”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now