Chapter 1036

354 42 0
                                    

စာစဉ် 70 Chapter 1036 မဟာနတ္ထိ ရှေးဧကရာဇ်
“ဒါ … ဒါက ဘာလဲ”
ယင်ယန်လောကမှ သိုင်းပညာရှင်များသည် မြေကွက်လပ် ဘေးနားမှ ကြီးမားသော မီးခိုးရောင် နေရာလပ်ကို မြင်ပြီး စိတ်ရှုပ်ထွေးလာကြသည်။
“နေရာလပ်၊ မြတ်စွာဘုရား … ဒါ …. ဒါက မြေကြီးထဲကနေ ထွက်လာတဲ့ နေရာလပ်ထင်တယ်”
“မြေအောက်ကလား၊ ဒါဆို ဒီနေရာလပ်က ငရဲဘုံက လာတာများလား”
“…”
လက်ရှိအချိန်၌ အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်ကိုမြင်ပြီး ယင်ယန်လောကမှ သိုင်းပညာရှင်တိုင်း ဆူညံပွက်လောရိုက်လာကြသည်။ လူတိုင်း၏ မျက်နှာ၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။
လူသား အရှင်သခင်နှင့် အခြားသူများတောင်မှ ထိတ်လန့်နေကြသည်။
“ဒါက …”
တစ်စုံတစ်ရာကို တွေးတောမိပြီးနောက် လူသား အရှင်သခင် မျက်ခုံးလှုပ်လာသည်။ ရွှေရောင်သတ္တဝါ၊ ဘုရင်မ ခွေရှယ်နှင့် အခြားသူများသည်လည်း အနည်းငယ်‌ ခေါင်းမွေးထောင်လာကြသည်။
ထိုနေရာလပ်မှနေ၍ ကျောခမ်းဖွယ်ကောင်းသော အန္တရာယ် အငွေ့အသက်ကို ခံစားမိသောကြောင့် သူတို့ ကြက်သီးထ လာသည်။
ဂျွတ်!
အားလုံး မသေချာ မရေရာ ဖြစ်နေချိန်တွင် အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် မီးခိုးရောင် နေရာလပ်ထဲမှနေ၍ ဧရာမ နီညိုရောင် ရှေးဟောင်း ခေါင်းတလားတစ်ခု လွင့်ထွက်လာလေသည်။
ထိုနီညိုရောင် ခေါင်းတလားအား ထူထဲလှသော သံကြိုးများဖြင့် ရစ်ပတ်ချည်နှောင်ထားသည်။ ၎င်းသည် နေရာလပ်ထဲမှ လွင့်ထွက်လာသည်နှင့် များစွာသော နတ်ဆိုးအငွေ့အသက်များ ပျံ့လွင့်လာသည်။
ထိုနီညိုရောင် ရှေးဟောင်းခေါင်းတလား၌ မျက်လုံးရှိသည်ဟု ထင်မှတ်ရပြီး ရုတ်တရက် မျိုးနွယ်ကြီးသုံးခု ဖြစ်သည့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၊ ထိုက်ကူနဂါးမျိုးနွယ်နှင့် နတ်ဘုရားဗိမာန်မှ လူများပေါ်သို့ မျောလွင့် သွားသည်။ ထို့နောက် အောက်သို့ အရှိန်ဖြင့် ကျလာသည်။
“မကောင်းတော့ဘူး၊ မြန်မြန်ရှောင်ကြ”
မျိုးနွယ်ကြီးသုံးခုမှ လူများအားလုံး သေမတတ် ကြောက်လန့်သွားပြီး အသည်းအသန် ရှောင်တိမ်းကြသည်။ သို့ရာတွင် ရှေးဟောင်း ခေါင်းတလားက ရုတ်ချည်းဆိုသလိုပင် ကြောက်စရာကောင်းလောက်အောင် ကြီးမားလာပြီး မိုးကောင်းကင်ကိုပင် အုပ်မိုးနိုင်သည့် အရွယ်အစား ဖြစ်လာ၏။
၎င်းခေါင်းတလား အရှိန်ဖြင့် ကျလာသောအခါ မျိုးနွယ်ကြီးသုံးခုမှ မချိမဆံ့ အော်ဟစ်သံများ ထွက်ပေါ် လာလေသည်။
“မဖြစ်ရဘူး”
ထိုက်ကူနဂါးမျိုးနွယ်များနှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်များသည် မူလအသွင် ပြန်ပြောင်းကာ ကျဆင်းလာသည့် ခေါင်းတလားကို ရှောင်တိမ်းကြသည်။ သို့ရာတွင် ရှေးဟောင်း ခေါင်းတလားက အလွန်တရာ ကြောက်စရာ ကောင်းလှပြီး ၎င်း၏ ဖိအားအနည်းငယ်မျှကပင် သူတို့အား ပုရွက်ဆိတ်တမျှ အားနည်း လာသည်ဟု ခံစားလာရစေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ရှေးဟောင်း ခေါင်းတလားကြောင့် ထိုက်ကူနဂါးမျိုးနွယ်များ ဦးခေါင်း ကြေမွသွားပြီး ကောင်းကင်မိစ္ဆာ ကြွက်များ၏ ခန္ဓာကိုယ်များ ပြားချပ်သွားသည်။ နတ်ဘုရားဗိမာန်မှ သိုင်းပညာရှင်များလည်း အော်ဟစ်၍ ပိပြား၍ သေဆုံးသွားကြသည်။ သွေးနံ့များ ထောင်းခနဲ ထလာပြီး မသတီစရာ ကောင်းလှပေသည်။
ရှေးဟောင်း ခေါင်းတလားကြီးသည် သေမင်းတမန်၏ ခေါင်းတလားလိုပင်။ ၎င်း ရောက်ရှိသည့် နေရာတိုင်း၌ အလောင်းများ ပျံ့ကြဲလာသည်။
ကောင်းကင်ဘုရင် တစ်ပိုင်းအဆင့် ဖြစ်စေ၊ ကောင်းကင်ဘုရင်အဆင့်ဖြစ်စေ၊ မည်သူမျှ မလွတ်မြောက်နိုင်ပေ။ မျိုးနွယ်ကြီး သုံးခုမှ သိုင်းပညာရှင်များ ခေါင်းတလားကို အပြင်းအထန် ပြန်လည် တိုက်ခိုက်ပါသော်လည်း အလုပ် မဖြစ်ချေ။ သူတို့၏ တိုက်ခိုက်မှုက ရှေးဟောင်း ခေါင်းတလား၌ ခြစ်ရာပင် မထင်ပေ။
“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှေးဟောင်း မျိုးနွယ်ကြီးသုံးခုလုံး အထိတ်တလန့် ဖြစ်လာလေသည်။ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်။ တစ်ခဏအတွင်း၌ ရှေးဟောင်း မျိုးနွယ်ကြီး သုံးခုမှ လူငါးထောင်ကျော် ပိပြား၍ သေဆုံးသွားကြသည်။
ထိုစဉ် နီညိုရောင် ရှေးဟောင်း‌ ခေါင်းတလားက လှုပ်ရှားနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး မူလ အရွယ်အစားသို့ ပြန်ကျုံ့သွား၏။ ထိုခေါင်းတလားမှ သွေးများ တတောက်တောက် စိးကျနေပြီး အသားစများ ကပ်ညိနေသောကြောင့် ခေါင်းတလားတစ်ခုလုံး သွေးရောင်ခြယ်ထားသကဲ့သို့ နီရဲနေသည်။
လက်ရှိအချိန်တွင် လူသား အရှင်သခင်၊ ရွှေရောင် သတ္တဝါ၊ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဘိုးဘေး၊ ဘုရင်မခွေရှယ်နှင့် ဗောဓိဘိုးဘေးတို့အားလုံး တွေဝေနေကြသည်။ သူတို့အားလုံး မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင် ဖြစ်နေ၏။
သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ဤရှေးဟောင်းခေါင်းတလားက မျိုးနွယ်သုံးခု၏ မျိုးဆက် ငါးထောင်ကျော်ကို ဖိသတ်ခဲ့ပြီးလေပြီ။
*ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ*
သူတို့သည်သာကမ လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့သည်လည်း မိမိတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု သံသယ ဝင်နေကြသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်တာ၊ အဲ့ရှေးဟောင်း ခေါင်းတလားထဲမှာ ဘာရှိနေတာလဲ၊ ဘယ်လိုလုပ်…”
သူတို့အတွက် လူသား အရှင်သခင်သည် အလွန်တရာ ကြောက်စရာကောင်းလွန်းနေသူ ဖြစ်သည်။ သို့ရာတွင် လူသား အရှင်သခင်တောင်မှ ရှေးဟောင်း မျိုးနွယ်သုံးခု၏ မျိုးနွယ်ဝင် ငါးထောင်ကျော်အား တစ်ချက်တည်းဖြင့် မသတ်နိုင်ပေ။
ဤသည်မှာ အလွန် ရက်စက်လွန်းလှသည်။ ယင်ယန်လောက၏ သိုင်းပညာရှင်များသည် အလွန် ကြောက်လန့်လာပြီး မြေကြီးပေါ် လဲကျသွားကြသည်။
ပိပြား၍ သေဆုံးသွားသော မျိုးဆက်များသည် သူတို့ထက် ဆယ်ဆမက ပို၍သန်မာသူများ ဖြစ်ကြသည်။ သို့ရာတွင် ပုရွက်ဆိတ်များကဲ့သို့ ဖိသတ်ခံလိုက်ရသဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
သို့သော် သူတို့၏ အကြောက်တရားက အစသာ ရှိပေသေးသည်။
ဂျွတ်!
လူတိုင်း ကြောက်ရွံ့နေချိန်တွင် အက်သံတစ်သံ ထွက်လာသဖြင့် အားလုံး၏ ခန္ဓာကိုယ်များ တုန်ယင်ကာ မျက်လုံး ကျွတ်ကျမတတ် ဖြစ်လာကြသည်။
“အက် … အက်လာပြီ၊ ရှေးဟောင်း ခေါင်းတလားကို ချုပ်ထားတဲ့ သံကြိုး အက်လာပြီ”
ဤအဖြစ်ကြောင့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သံကြိုး၌ အက်ရာ ထင်နေသည်ကို သူတို့ တွေ့နေရသည်။ ထို့နောက် တဂျွတ်ဂျွတ်နှင့် အက်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် မာကြောသော သံကြိုးအားလုံး ပျက်စီးသွားလေသည်။
ရှေးဟောင်း‌ ခေါင်းတလား၏ အဖုံးက တကျွိကျွိနှင့် ရွေ့လာသည်။ ထိုအသံက ကျောချမ်းစရာပင်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ရှေးဟောင်း ခေါင်းတလားထဲမှ အစိမ်းရောင် အမွေးများ ဖုံးနေသော လက်တစ်ဖက် ထွက်လာသည်။
ထိုအခိုက်တွင် လူသား အရှင်သခင်နှင့် အခြားသူများ ကြက်သီးမွေးညင်း ထသွားကြသည်။ အစိမ်းရောင် အမွေးများ ဖုံးနေသော ထိုလက်၌ အလွန် ကြောက်စရာကောင်းသော စွမ်းအင်များ ဖုံးလွှမ်းနေသည်ကို သူတို့ ရှင်းလင်းစွာ ခံစားမိနေသည်။ ထိုလက်တစ်ဖက်နှင့်တင် လောကကို ဖျက်ဆီးနိုင်သည့်ပုံပင်။
ထိုလက်တစ်ဖက် ထွက်လာပြီးသည်နှင့် လက်မောင်းတစ်ဖက်ထွက်လာသည်။ ထို့နောက် ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး ရှေးဟောင်း ခေါင်းတလားထဲမှ ထွက်လာ၏။
ထိုသူသည် အမျိုးသားတစ်ယောက် ဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ် ရှိပြီး ခန္ဓာကိုယ်၌ ကြွက်သားများက အမြောင်းမြောင်း ထနေသည်။
သူ၏မျက်နှာပေါက်သည် တရုတ်လူမျိုး ပုံစံရှိပြီး ရှေးဧကရာဇ်တစ်ပါးကဲ့သို့ လောက၏ အုပ်ချုပ်သူသဖွယ် တော်ဝင်ဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူ၏မိုးပြာရောင် မျက်လုံးများက တစ်ချက်ကြည့်မိသည်နှင့် လူတိုင်းကို မူးဝေသွားစေသည်။ လူတစ်ယောက်အား အကြည့်တစ်ချက်နှင့်တင် သတ်ပစ်နိုင်ပုံရသည်။
ထိုလူကို မြင်လိုက်ရချိန်တွင် လူသား အရှင်သခင်၊ ရွှေရောင်သတ္တဝါ၊ ထျန်းချန်ဇီနှင့် အခြားသူများအားလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်နှာ၌ ထိတ်လန့်ခြောက်ခြားဟန်များ ထင်ဟပ်လာလေသည်။
“သူ … သူ့မျက်နှာက ဘာလို့ … မဟာနတ္ထိ ရှေးဧကရာဇ်နဲ့ တူနေရတာလဲ”
တုန်ယင်နေသော စကားသံ ထွက်ပေါ်လာချိန်တွင် အောက်ဘက်မှ ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
မဟာနတ္ထိ ရှေးဧကရာဇ်၊ တစ်လောကလုံး၏ ဧကရာဇ်၊ မဟာနတ္ထိ ခေတ်အခါ၏ အသန်မာဆုံးသောသူ။
*ဘယ်လိုဖြစ်ရတာလဲ*
လူတိုင်း အံ့ဩတုန်လှုပ်နေကြသည်။ မဟာနတ္ထိ ရှေးဧကရာဇ်၏ ဂုဏ်သတင်းအား ယင်ယန်လောကတစ်ခုလုံးမှ အမျိုးသမီးများနှင့် ကလေးငယ်များပင် သိရှိကြပြီး ယင်ယန်လောကအား နှစ်သန်းပေါင်းများစွာ တုန်လှုပ်စေခဲ့သူ ဖြစ်လေသည်။
သို့ရာတွင် မဟာနတ္ထိ ရှေးဧကရာဇ်သည် အထက်သို့ တက်ရောက်သွားပြီ ဖြစ်သဖြင့် အဘယ်ကြောင့် ငရဲဘုံမှ ပြန်ပေါ်လာရသနည်း။ ထို့အပြင် ရှေးဟောင်း ခေါင်းတလားထဲ၌ပင် ပိတ်လှောင်ခံထားရသေးသည်။
“မဟုတ်ဘူး … သူ … သူက မဟာနတ္ထိ ရှေးဧကရာဇ် အစစ်ပဲ”
ထိုအခိုက်တွင် ထျန်းချန်ဇီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေး ဖြစ်သောကြောင့် ထျန်းချန်ဇီ၏ ဘဝသက်တမ်းက အလွန် ကြာမြင့်နေပြီ ဖြစ်သည်။
တစ်ချိန်က ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ကလေးဘဝ၌ ရှိနေစဉ်တွင် မဟာနတ္ထိ ရှေးကရာဇ်အား သူ၏ အဘိုးဖြစ်သူ၊ ဖခင်ဖြစ်သူတို့နှင့်အတူ ကြိုဆိုခဲ့ဖူးသည်။
ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်သည် နတ်ဘုရားများနှင့် မဟာနတ္ထိ ရှေးဧကရာဇ်တို့အား ခမ်းခမ်းနားနား ကြိုဆိုပွဲ ကျင်းပခဲ့သည်။ ထိုမြင်ကွင်းအား ထျန်းချန်ဇီ ယခုအထိ မမေ့နိုင်သေးပါ။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ မဟာနတ္ထိ ရှေးဧကရာဇ်က အထက်ကို တက်သွားတာ မဟုတ်ဘူးလား”
ထျန်းချန်ဇီ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ထို့အတူ အနားမှ လူသား အရှင်သခင်နှင့် အခြားသူများလည်း ချမ်းစိမ့်စိမ့် ဖြစ်လာကြသည်။
ဤသည်မှာ အစသာ ရှိပေသေးသည်။ မီးခိုးရောင် နေရာလပ်ထဲမှနေ၍ ထပ်မံ၍ အက်ကွဲသံများ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာလေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now