Chapter 1170

465 51 7
                                    

Chapter 1170 ဆေးပညာရှင်ကြီး ယွင်ပမ်းရှီ
တိတ်ဆိတ်သွားပြီး လေထုအခြေအနေက တင်းမာလာသည်။
“ကောင်းကွာ ဟားဟားဟား …”
ထို့နောက်တွင်မူ လူတိုင်း၏ ဟားတိုက်ရယ်မောသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ ဟာသကြီးတစ်ခုကို ကြားလိုက်ရသလိုပင်။
*မောက်မာနေတာလား*
*ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
“ဟဲ့ကောင် ဒီနေရာမှာ နင့်ကိုယ်နင် သတ်သေလိုက်ဖို့ ငါ အကြံပေးလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် နင်က ကံဆိုးမှာပဲကို”
ကျန်းယုရုန်က အပြုံးဖြင့် ပြောလေသည်။ ကျူးဟောင်ရွှမ်၏ မျက်လုံးများကလည်း အလွန် ရက်စက်သော အရိပ်ယောင်များ ထင်ဟပ်နေပြီး အန္တရာယ်ပေးချင်သော အပြုံးမျိုး ပြုံးနေ၏။
ယဲ့ဖန်၏ ဆေးပညာအကြောင်း မဆိုထားနှင့် သူ၏ ပျက်စီးနေသော ဆေးမီးဖိုကပင် ကျူးဟောင်ရွှမ်ဟူသော သူ၏ ရှားပါး ရတနာ ဆေးမီးဖိုကို နိုင်နိုင်မည်တဲ့လား။ ဟာသမှ အရယ်ရဆုံးသော ဟာသပင်။
“ဟေ့ကောင် မင်းက မျောက်ဆရာလား”
“သူက မျောက်စရာ မဟုတ်ဘူးကွ၊ အရူးကောင်လေ”
ယဲ့ဖန်၏ အမူအရာက ရုတ်တရက် အေးစက်သွားပြီး နှုတ်ခမ်းပိတ်လျက် နှာမှုတ်သံ ပြုလိုက်သည်။
“ဟမ့် …”
ထိုအသံကြောင့် လူတိုင်းသည် မိမိပေါ်သို့ တောင်တစ်လုံး ကျလာသည်ဟု ခံစားမိကာ ငြိမ်သက်သွားပြီး အသက်ပင် ဖြောင့်ဖြောင့် မရှူနိုင်တော့ချေ။
“ဝုန်း”
ယဲ့ဖန်ကို ပုတ်ခတ်ပြောဆိုလိုက်သည့် လူနှစ်ယောက်လုံး ခန္ဓာကိုယ် ပေါက်ကွဲသွားကြသည်။
“ဒါ … ဒါ ဘာနည်းလမ်းလဲ”
လူတိုင်း ကြောက်လန့်တကြား နောက်ဆုတ်မိကာ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာလေသည်။ ထူးဆန်းလွန်းလှသည်။ ဤမျှ ကြောက်စရာကောင်းသော နည်းလမ်းကို သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။
*လူ့အသက်ကို အသံတိတ် နုတ်ယူနိုင်တာလား*
ငရဲကို ရောင်ပြန်မြင်နေရသည်ဟု ထင်မှတ်ရသော ယဲ့ဖန်၏ မျက်လုံးများက လူအုပ်ကို ဝေ့ကြည့်လေသည်။
“ဘယ်သူ ငါ့ကို စော်ကားချင်သေးလဲ၊ ထပ်ပြောလိုက်”
လူတိုင်း သေလုမတတ် ကြောက်လန့်စွာဖြင့်‌ နောက်ထပ် ဆုတ်လိုက်မိသည်။ လက်ရှိတွင် မည်သူမှ စကားမပြော ရဲတော့ချေ။
“အေး မောက်မာထားဦးပေါ့၊ မင်း အခုပဲ အခွင့်ကောင်း ယူလို့ရမယ်၊ မင်း ရှုံးသွားပြီးရင် မင်းအဆုံးသတ်က သူတို့ထက် ပိုပြီးတော့တောင်မှ ဆိုးရွားစေရမယ်”
ကျူးဟောင်ရွှမ်က အေးတိအေးစက် မာန်မဲလေသည်။ ယဲ့ဖန်၏ ချုပ်ကိုင်နိုင်သော အပြုအမူကို မြင်ပြီး သူသည်လည်း မသက်မသာ ခံစားမိသည်။
သူ့စကားကို ကြားသော် အားလုံးက ဆက်မပြောရဲသော်လည်း အထင်သေးသော အကြည့်များဖြင့် ကြည့်လာ ကြသည်။ ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူတို့ သိနေသည်။
ယဲ့ဖန် ရှုံးသွားသည်နှင့် ကတိအတိုင်း ကျူးဟောင်ရွှမ်က ယဲ့ဖန်ကို သတ်ပေလိမ့်မည်။ မောက်မာသော ယဲ့ဖန် တစ်ယောက် ဆိုးရွားသော နည်းလမ်းဖြင့် အသတ်ခံရပါစေဟု သူတို့ မျှော်လင့်နေ၏။
“ဒီကောင် ရှုံးသွားလို့ကတော့ ငါ ချမ်မိသားစုက သူ့ကို အရှင်မထားမယ့် ပထမဆုံး မိသားစုပဲကွ”
“ငါ့လုံမိသားစုကလည်း ဆေးဘုရင်လေးအတွက် ဒီမောက်မာတဲ့ ပုရွက်ဆိတ်ကောင်ကို ပညာပေးမယ်”
“ဟေ့ကောင် မင်း ရှုံးတာနဲ့ အသက်ရှင်လိမ့်မယ်လို့ ထင်မထားနဲ့”
ဘေးနားမှ ပုဂ္ဂိုလ်ကြီးများအားလုံးက ယဲ့ဖန်ကို ဆန့်ကျင့်ခြင်းဖြင့် ကျူးဟောင်ရွှမ် မျက်နှာသာပေးရန် ထိုသို့ ပြောလာ၏။
“ဆေးဘုရင်လေးကို ရန်စပြီးတော့မှ ငါ့ဆေးပင်ကို ဝယ်ချင်မယ်ဆိုရင်တော့ စိတ်ကူးယဉ်နေလိုက်တော့၊ ထွက်သွား”
ဤဆေးပစ္စည်း ရောင်းဝယ်ရေး သမားများအားလုံးက မောက်မာစွာဖြင့် ယဲ့ဖန်ကို နှင်ထုတ်နေကြသည်။ သူတို့ ကျူးဟောင်ရွှမ်ကို ရန်မစဝံ့ပေ။ ထိုစဉ် အဘိုးအိုတစ်ယောက်က ယဲ့ဖန်ကို လက်ယက်ပြသည်။
“ညီလေး ဒီကိုလာ သူတို့ မင်းကို မရောင်းရင်တောင်မှ ငါ မင်းကို ရောင်းမယ်”
“အဘိုးကြီး စွန်းထုန် ခင်ဗျား ရူးနေလား”
“ဆေးဘုရင်လေးကို အာခံရဲတယ်ပေါ့လေ၊ စွန်းထုန် ခင်ဗျား သေတွင်းတူးနေတာပဲ”
“အဘိုးကြီး စွန်းထုန် ခင်ဗျား ဘယ်လိုသေမလဲ ကျုပ် ကြည့်ဦးမယ်”
အခြားဆေးပစ္စည်း ရောင်းဝယ်ရေးသမားများက စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲနေပြီး စွန်းထုန်အား သေလူကို ကြည့်သကဲ့သို့ ကြည့်လာသည်။ ကျူးဟောင်ရွှမ်သည်လည်း မျက်နှာမည်းမှောင်သွား၏။
*ဘာမဟုတ်တဲ့ ဆေးရောင်းဝယ်ရေးသမားက ငါ့ကို မျက်နှာသာ မပေးဘဲ နေရဲတယ်လား*
ချက်ချင်းဆိုသလိုပင် ကျူးဟောင်ရွှမ်က စွန်းထုန်ကို မျက်စပစ်လေသည်။ စွန်းထုန် မတတ်သာဘဲ ခေါင်းညိတ် လိုက်ရသည်။ ယနေ့မှစ၍ စွန်းထုန် ဤနယ်မြေ၌ လျှောက်သွားနိုင်တော့မည် မဟုတ်ပါ။ အားလုံး၏ မာန်မဲသံနှင့် မေးခွန်းထုတ်သံများကို ရင်ဆိုင်နေရင်း စွန်းထုန် စိတ်ထဲမှနေ၍ လှောင်နေလေသည်။
*အရူးတစ်သိုက်ပဲ၊ သူ ဘယ်သူမှ မသိဘဲနဲ့ လွယ်လွယ် ရန်စရဲတယ်၊ မင်းတို့ နောင်တရလာမှာကို ကြည့်ရ သေးတာပေါ့*
ထိုပုဂ္ဂိုလ်အား သူ ယခင်က တီဗွီက တစ်ကြိမ် မြင်ဖူးပြီးကတည်းက သူ၏ ထည်ဝါသော ပုံပန်းသွင်ပြင်နှင့် ရူးသွပ် ရက်စက်သော စရိုက်တို့အား သူ့စိတ်ထဲ၌ နက်ရှိုင်းစွာ ထင်ဟပ်နေခဲ့သည်။ သူ မှန်ကြောင်း စွန်းထုန် သိနေ၏။
သူ့မျက်စိရှေ့မှ လူငယ်လေးသည် ဟွိုင်အန်းစီရင်စုတွင်း၌ နာမည်ကြီး နတ်ဆိုးဖြစ်သော … ယဲ့ဘုရင်ပင်။ လူတိုင်း ယဲ့ဖန်ကို အထင်သေးနေသော်လည်း သူတစ်ယောက်တည်းသာ ယဲ့ဖန်ကို မျက်နှာလုပ်၍ ကျူးဟောင်ရွှမ်ကို အာခံ ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်နှင့် ယှဉ်လျင် ဆေးဘုရင်နှင့် ဆေးဘုရင်တောင်ကြားဟူသော အရာများက စကားထဲပင် ထည့်ပြောရန် မထိုက်တန်ကြောင်း သူ သိနေသောကြောင့်ပင်။ သူနှင့်ယှဉ်လျင် ပုရွက်ဆိတ်ကဲ့သို့ သေးနုတ်လှသည်။
*အခုမှ မျက်နှာမလုပ်ထားရင် ဘယ်အချိန်ကျမှ လုပ်နိုင်မှာလဲ*
*ဒါ ဘုရားပေးတဲ့ အခွင့်အရေးပဲ*
*ကောင်းကင်က ကျလာတဲ့ နတ်သုဒ္ဓါ*
ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမည်ဖြစ်ကြောင်း စွန်းထုန် သိနေ၏။ ယဲ့ဖန် စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူ့ဘဝက အပြောင်းအလဲကြီး ပြောင်းလဲသွားမည် ဖြစ်ကြောင်း ရိပ်မိနေသည်။
ယဲ့ဖန်က ပြုံး၍ စွန်းထုန်ဆီသို့ ဆေးဝယ်ရန် လှမ်းလာသည်။ စွန်းထုန်ကလည်း မဆိုသလောက်ဈေးဖြင့်သာ ရောင်းလိုက်ပြီး ယဲ့ဖန်အား ကူညီ၍ ဆေးပစ္စည်းများကို ဆေးမီးဖိုအနားသို့ ကိုယ်တိုင် သယ်လာပေးပြီး ရိုသေကျိုးနွံစွာဖြင့် လှမ်းပေးလေသည်။
ဤသည်ကိုကြည့်ပြီး လူတိုင်း အထင်သေးသွားကြသည်။
*ဒါ ဘယ်ဂိုဏ်းကမှ မဟုတ်တဲ့ ခြေသလုံးအိမ်တိုင် သိုင်းသမား မဟုတ်ဘူးလား၊ ဒီလောက်ထိ ဖားယားနေစရာ လိုလို့လား*
*ဒီအဘိုးကြီးတော့ အသက်ကြီးလာလို့ စိတ်တွေ ထုံထိုင်းနေပြီနဲ့တူတယ်*
ထိုစဉ် လူတစ်စု ဝင်လာ၏။ သူတို့အားလုံးသည် ဟွာချင်ဂိုဏ်း၏ ဂိုဏ်းချုပ် ပါဝင်သည့် ကျင်းကျန်းမြို့မှ ပုဂ္ဂိုလ်ကြီးများ ဖြစ်ပေသည်။
“အဲ့လူက အဲ့လူက မဟုတ်မှလွဲရော …”
ရုတ်တရက် တစ်စုံတစ်ယောက် ထအော်လာသဖြင့် အားလုံး စင်ပေါ်မှ အဘိုးအိုအား လှမ်းကြည့်လိုက်ကြသည်။
“ဆေးပညာရှင်ကြီး ယွမ်ပမ်းရှီပါလား”
ပွဲလာပရိသတ်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် စင်ပေါ်မှလူသည် ကျုံးကျိုး အင်ပါယာတွင်း၌ နံပါတ်တစ် ဆေးပညာရှင် ဖြစ်နေသောကြောင့်ပင်။
ကျုံးကျိုးအင်ပါယာတွင်းမှ ဆေးပညာရှင်များအားလုံးသည် သူ့ကဲ့သို့ ဖြစ်လာရန် ရည်မှန်းချက်ထား၍ ကြိုးစား အားထုတ် ကြသည်။ ထိုပုဂ္ဂိုလ်အား နတ်ဘုရားသဖွယ် သတ်မှတ်ကြလေသည်။ ဆေးပညာလောက၌ မှော်ဆန်သော အရာများ တစ်ခုပြီးတစ်ခုကို ဖန်တီးခဲ့သူ ဖြစ်သည်။
မာနကြီးသော ကျူးဟောင်ရွှမ်တောင်မှ တစ်ဖက်လူကို မြင်သည်နှင့် လေးစားမှုမပြဘဲ မနေနိုင်ချေ။ အဘယ် ကြောင့်ဆိုသော် သူသည်လည်း ယွမ်ပန်းရှီအား လေးစားသူများထဲမှ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူ၏ အကြီးမားဆုံး အိပ်မက်မှာ သူ့ဘဝတွင် ယွင်ပန်းရှီကဲ့သို့သော အမြင့်နေရာသို့ ရောက်ရှိရန် ဖြစ်သည်။
“ကောလာဟလတွေက အမှန်ပဲလား မသိဘူး၊ ယွင်ပမ်းရှီက သူ့ပညာကို ဆက်ဆံနိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ တပည့်ကို လိုက်ရှာဖို့ လောကထဲမှာ လှည့်ပတ်သွားတာနေတာဆိုတာလေ”
တစ်စုံတစ်ယောက်က ထပြောလာ၏။ ချက်ချင်းဆိုသလိုပင် လူတိုင်း စိတ်လှုပ်ရှားလာကြသည်။
*ယွင်ပမ်းရှီက တပည့်ဖြစ်လာဖို့လား၊ ဒါ ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်တဲ့ ကိစ္စလဲ*
သူတို့ တွေးပင်မတွေးနိုင်တော့ချေ။ ဆေးပညာရှင်များအားလုံးက အလွန် မျှော်လင့်တောင့်တသော အမူအရာမျိုး ပြသလာ၏။ သူတို့သာ ယွင်ပမ်းရှီ၏ တပည့်ဖြစ်လာပါက အနာဂတ်တွင် သူတို့သည် ထောင်ချီသော လူအများ၏ အထက်၌ ရပ်တည်နိုင်မည် ဖြစ်သဖြင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။
ထိုသို့သောအချိန်၌ ဟွာချင်ဂိုဏ်းချုပ်က ယွင်ပမ်းရှီကို မျက်နှာလုပ်သော အမူအရာဖြင့် တစ်ခုခု ပြောလိုက်သည်။ ထို့နောက် ကျူးဟောင်ရွှမ်ကို လက်ညှိုးထိုးပြလာသည်။
ကျူးဟောင်ရွှမ် အလန့်တကြား ဖြစ်သွားပြီး သူ့အား စိတ်လှုပ်ရှားစွာဖြင့် အရိုအသေ ပေးလိုက်သည်။ ဟွာချင်ဂိုဏ်းခေါင်းဆောင်က သူ့ကို မိတ်ဆက်ပေးပြီး ယွင်ပမ်းရှီနှင့် အဆက်အသွယ် လုပ်နိုင်မည့် အခွင့်အရေး ပေးနေကြောင်း သူ အလိုလို သိလိုက်သည်။
ဤသည်ကိုကြည့်ပြီး လူတိုင်း အားကျလာကြပြီးနောက် စိတ်ဓာတ်ကျသော အမူအရာများ ဖြစ်ပေါ်လာသည်။ ပါရမီရှင် ကျူးဟောင်ရွှမ် ရှိနေသည့်အတွက် သူတို့ ဘယ်လိုလုပ် ယွင်ပမ်းရှီ၏ အာရုံကို ရနိုင်ရန် ခက်ခဲလှသည်။
ယွင်ပမ်းရှီက တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလာပြီးနောက် ယခင်အတိုင်း ဘာကိုမှ ဂရုမစိုက်သော အမူအရာမျိုး ဖြစ်သွားသည်။
ကျူးဟောင်ရွှမ်က အလျင်အမြန်နှင့် တစ်ဖက်သို့လှည့်၍ စတင်၍ ဆေးဖော်စပ်လိုက်သည်။ ယွင်ပမ်းရှီ၏ အသိအမှတ် ပြုမူကို ရရှိရန်အတွက် သူ့အစွမ်းကို ထုတ်ပြရမည်ဖြစ်ကြောင်း သူ သိနေသည်။
“ဝုန်း”
နဂါးကိုးကောင် ဆေးမီးဖိုသည် မီးအပူပေးလိုက်သည်နှင့် ချက်ချင်း ကောင်းကင်ယံသို့ ပဲ့တင်ထပ်မည့် နဂါးအော်သံ ထွက်ပေါ်လာ၏။ ယွင်ပမ်းရှီ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး တအံ့တဩ ရေရွတ်လေသည်။
“ကောင်းလိုက်တဲ့ ဆေးမီးဖိုပါလား”
                စာစဉ် ၇၈ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now