Chapter 1052

411 41 1
                                    

စာစဉ် 71 Chapter 1052 ယန်နယ်မြေ၊ ယဲ့ဖန်၏ မွေးရပ်မြေ

ယန်နယ်မြေသည် ကျယ်ပြောပြီး အတိုင်းအဆမဲ့စွာ ကျယ်ပြန့်လှသည်။ ထိုအထဲမှ နယ်မြေတစ်ခုအား ကျုံးကျိုဟု ခေါ်ဆိုပြီး ကျုံးကျိုအင်ပါယာ၏ အလယ်ပိုင်းပြည်နယ် တည်ရှိလေသည်။
ထိုပြည်နယ်၌ အင်မော်တယ်နန်းတော်၊ နဂါးနန်းတော်ဟူ၍ မရှိဘဲ သိပ္ပံနည်းပညာများနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော မိုးမျှော်တိုက်ကြီးများဖြင့် ပြည့်နှက်နေပြီး လမ်းမထက်၌ လူများစွာတို့က ပြာပန်းခတ်စွာ သွားလာနေကြသည်။
ထို့အပြင် မြို့ပေါ်၌ ကိုယ်ပိုင် အာကာသယာဉ်များက ဟိုဟိုဒီဒီ သွားလာနေ၏။ ကောင်းကင်ယံ၌ သိုင်းပညာရှင် အချို့က လေယာဉ်များဖြင့် သွားလာနေသေးသည်။ ဤပုံရိပ်များအားလုံးက နည်းပညာနှင့် သိုင်းပညာ ဒွန်တွဲတည်ရှိနေသော လောကတစ်ခုအား ပြသနေ၏။
မည်သူမျှမသိလိုက်သည့်အချိန်၌ ကျုံးကျိုအင်ပါယာ၏ အလယ်ပိုင်းမြို့တော်ဖြစ်သော နဂါးမြို့တော်တွင်းရှိ လျှို့ဝှက်ခန်းတစ်ခုတွင် အဘိုးအိုတစ်ယောက် တင်ပျဉ်ခွေ၍ ထိုင်နေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဖုန်မှုန့်များက ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံးမှ ဆိုးရွားသော အနံ့များ ပျံ့လွင့်နေပြီး ဆံပင်များက မီးခိုးရောင် သန်းနေသည်။ သူ၏ပုံစံက နှစ်ထောင်သောင်းချီ၍ ဤသို့ ထိုင်နေပုံရသည်။
ငရဲဘုံမှ ကောင်းကင်တာအို၏ မျက်လုံးတစ်စုံ ပေါက်ကွဲသွားချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။
ဖောင်း!
ထိုအဘိုးအို၏ မျက်လုံးတစ်လုံး ပေါက်သွားလေသည်။
“အား…”
အဘိုးအို ငယ်သံပါအောင် အော်လိုက်မိသလို တစ်ကိုယ်လုံး လွင့်ထွက်သွားပြီးမှ ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျ သွားသည်။ သူ၏မျက်လုံးမှ သွေးများ ဒလဟော စီးကျနေသည်။ ဤပုံစံကြောင့် အဘိုးအို၏ မျက်နှာက သရဲမျက်နှာနှင့် တူနေလေသည်။
“ငရဲဘုံကကောင်”
“ဘုံကိုးပါးယန်စွမ်းအင်”
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”
ထိုအဘိုးအို၏ မျက်နှာ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုအမူအရာ၏ နောက်ကွယ်၌ ကောက်ကျစ်စဉ်းလဲမှုနှင့် စိတ်လှုပ်ရှားမှုတို့အား ဖုံးကွယ်ထားလေသည်။
ကျွီ!
လျှို့ဝှက်ခန်းတွင်းမှ ပုံမှန်မဟုတ်သော ဆူညံသံ ကြားလိုက်ရသဖြင့် အပြင်ဘက်မှ လူတစ်ချို့ လျင်မြန်စွာ ပြေးဝင်လာ၏။
ထိုသူများတွင် ယန်စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ အဘိုးအို၏ အဖြစ်ဆိုးလှသော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
“တတိယ မဟာဘိုးဘေး၊ ခင် … ခင်ဗျား အဆင်ပြေရဲ့လား”
ဤအဘိုးအိုက နဂါးမြို့တော်မှ ယဲ့မိသားစု၏ မဟာဘိုးဘေး သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ငရဲဘုံမှ ယဲ့မိသားစုကို စောင့်ကြည့်သူ ဖြစ်ကြောင်း ဤလူများ သိထားကြသည်။
ဤနေရာ၌ နှစ်တစ်သောင်း ထိုင်နေခြင်က ငရဲဘုံ၌ နှစ်ပေါင်း ၃.၆၅ သန်းနှင့် ညီမျှလေသည်။ သို့သော် တတိယ မဟာဘိုးဘေး၏ မျက်လုံးတစ်လုံး ပေါက်သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိချေ။
တစ်စုံတစ်ရာကို စဉ်းစားမိပြီးနောက် လူတစ်ယောက်က သုန်မှုန်နေသော မျက်နှာထားဖြင့် အလျင်အမြန် မေးလိုက်သည်။
“တတိယ မဟာဘိုးဘေး၊ ခင်ဗျားက ငရဲဘုံက ယဲ့မိသားစုရဲ့ သင်္ချိုင်းစောင့်လေ၊ ခင်ဗျားရဲ့ ဘယ်ဘက်မျက်လုံးက ငရဲဘုံက ကောင်းကင်တာအို မဟုတ်လား”
“အဲ့ဘယ်ဘက်မျက်လုံး ပေါက်သွားတယ်ဆိုတော့ ငရဲဘုံက ယဲ့မိသားစုမှာ တစ်ခုခု ဖြစ်နေတာလား”
*ငရဲဘုံ*
ထိုစကားနှစ်လုံးကြောင့် အခြားယဲ့မိသားစု သိုင်းပညာရှင်များလည်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ နှစ်တစ်သောင်းက ငရဲဘုံ၌ နှစ်ပေါင်း ၃.၆၅သန်း ကြာမြင့်သည်ကို သူတို့ သိထားကြသည်။
တစ်ချိန်က ယဲ့မိသားစုသည် မျိုးနွယ်ထဲမှ ဆိုးယုတ်သောမျိုးနွယ်တစ်ယောက်အား ငရဲဘုံသို့ လွှဲပြောင်းပို့ ခဲ့ဖူးသည်။ ထိုသူက ငရဲဘုံအား ကပြောင်းကပြန်ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ငရဲဘုံမှ ချိုးဖောက်၍ ယန်နယ်မြေသို့ ပြန်လာချင်ခဲ့ကြောင်း သူတို့ ကြားဖူးခဲ့သည်။
*တတိယ မဟာဘိုးဘေးရဲ့ ဒဏ်ရာက အဲ့မိစ္ဆာကောင်နဲ့ ပတ်သက်နေတာများလား*
ဤသို့စဉ်းစားမိပြီးနောက် ယဲ့မိသားစုဝင်များအားလုံး မျက်နှာပျက်ယွင်းလာကြသည်။ အားလုံး ခန့်မှန်းနေ ချိန်မှာပင် တတိယ မဟာဘိုးဘေး မျက်နှာပျက်သွားပြီး သွေးပျက်သွားသော အမူအရာမျိုး ဖြစ်လာသည်။ ထို့နောက် ကမန်းကတန်း အော်ပြောလိုက်သည်။
“ပါးစပ်ပိတ်ထား”
“ဘယ်လိုမိစ္ဆာကောင်မျိုးပဲ ဖြစ်နေပါစေ၊ အဲ့မိစ္ဆာကောင်ကို ဒီဘိုးဘေး ငရဲဘုံမှာ ရှင်းလင်းပစ်လိုက်တာ ကြာလှပြီ”
ထိုသို့ပြောနေချိန်တွင် တတိယ မဟာဘိုးဘေး၏ မျက်လုံးက အရောင်ပြောင်းသွားပြီးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလေသည်။
“စိတ်မပူနဲ့၊ ဒီလူအိုကြီး အဆင်ပြေတယ်၊ ငရဲဘုံရဲ့ ဥပဒေသက ပြောင်းလဲသွားလို့သာ ကောင်းကင်တာအို မျက်လုံးက ပေါက်သွားတာ”
ထိုစကားကို ကြားလိုက်ရပြီးမှ ဘေးနားရှိ ယဲ့မိသားစုဝင်များ စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ ငရဲဘုံမှ မိစ္ဆာကောင်က တတိယ မဟာဘိုးဘေး၏ မျက်လုံးကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူတို့လည်း မယုံကြည်ပုံရသည်။
“တတိယ မဟာဘိုးဘေး၊ ကျုပ်တို့ အခု ဘာလုပ်ကြမလဲ၊ ကျုပ်တို့ ယဲ့မိသားစုရဲ့ ငရဲဘုံ တံခါးသော့က ပျောက်နေတာ ကြာလှပြီ”
“သုံးနှစ်ကြာပြီးရင် ငရဲဘုံတံခါးဝက တကယ် ပွင့်လာမှာလား”
ထိုစကားကြောင့် တတိယ မဟာဘိုးဘေးက ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်၊ ယန်နယ်မြေက သုံးနှစ်က ငရဲဘုံမှာ နှစ်ပေါင်း တစ်ထောင့်ကိုးဆယ့်ငါးနှစ်နဲ့ ညီမျှတယ်၊ ငရဲဘုံကို ငါရဲ့ ကောင်းကင်တာအို မျက်လုံး ပြန်ပို့ထားဦးမှာ”
ထိုသို့ပြောနေချိန်တွင် ထိုအဘိုးအိုက စဉ်းလဲစွာ ပြုံးနေသည်။ သူ၏စိတ်ထဲ၌ ဘုံကိုးပါး ယန်စွမ်းအင်ကို သွားယူမည်ဟု ပြောနေမိသည်။
တတိယ မဟာဘိုးဘေးသည် ဘုံကိုးပါး ယန်စွမ်းအင်က မည်မျှ အဖိုးတန်ကြောင်း သိနေသဖြင့် ဘုံကိုးပါး ယန်စွမ်းအင်အကြောင်းကို ယဲ့မိသားစုအား မပြောပြချေ။
သူသာ ဘုံကိုးပါး ယန်စွမ်းအင်ကို ရလိုက်ပါက ယဲ့မိသားစု တစ်ခုလုံးမှ မဟာဘိုးဘေးများ၊ ဒုတိယဘိုးဘေး များသာမက ကျုံးကျိုးနယ်မြေတစ်ခုလုံး သူ့ခြေထောက်သို့ ရောက်လာပေတော့မည်။
ထိုသို့တွေးတောနေစဉ်တွင် တတိယ မဟာဘိုးဘေးက မျက်မှောင်ကြုတ်လာပြီး ဆက်ပြောလာသည်။
“ဒါနဲ့ ဖျင်အမ်းမြို့က လူလွှတ်ပြီး အဲ့က ယဲ့မိသားစုအခွဲကို ပြောလိုက်၊ ဘိုးဘေးသုသာန်ကို ဝင်တဲ့ဘယ်သူကိုမဆို တားဆီးလိုက်လို့”
“ကျူးကျော်လာရင် သတ်ပစ်လိုက်”
“ဟုတ်ကဲ့ပါ တတိယ မဟာဘိုးဘေး”
ဘေးနားမှ ယဲ့မိသားစုဝင်များ တုန်ယင်သွားပြီး ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။ သို့ရာတွင် သူတို့အားလုံး ပဟေဠိ ဖြစ်နေကြသည်။
ဖျင်အမ်းမြို့သည် ယဲ့မိသားစုတစ်ခုလုံး၏ ဘိုးဘေးသုသာန်ဖြစ်သလို ငရဲဘုံ ယဲ့မိသားစုများ တည်ရှိရာ နေရာလည်း ဖြစ်သည်။
ဘာကြောင့် ထိုနေရာသို့ ခြေချခွင့်မပေးသလဲ သူတို့ စဉ်းစားမရချေ။ သို့ရာတွင် ထိုမေးခွန်းအား စိတ်ထဲ၌သာ သိမ်းထားလိုက်သည်။ တတိယဘိုးဘေး အမိန့်ပေးလိုက်ပြီးချိန်မှာပင် အပြင်ဘက်၌ တအံ့တဩ ပြောဆိုသံ ထွက်ပေါ်လာ၏။
“လာကြည့်ကြဦးဟေ့၊ ဘာလို့ ဒီနေ့ ကြယ်ပျံတွေ အများကြီး ကြွေနေတာလဲ”
*ကြယ်ပျံ*
ထိုစကားကြောင့် တတိယ မဟာဘိုးဘေးနှင့် အခြားသူများ အံ့ဩသွားပြီး လျှို့ဝှက်ခန်း အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်လာကြသည်။
ကောင်းကင်ယံသို့ မော့ကြည့်လိုက်သောအခါ မိုးရွာသကဲ့သို့ ကြယ်များကြွေနေသည်ကို တွေ့လိုက်ရသည်။ လင်းလက် တောက်ပသော ကြယ်များက ကျုံးကျိုး အင်ပါယာ၏ အရပ်မျက်နှာအနှံ့သို့ ကြွေနေပြီးနောက် ကျုံးကျိုးနယ်မြေ တစ်ခုလုံးနှင့် ခပ်ဝေးဝေး နေရာများအထိ ကြွေလာလေသည်။
ထိုကြယ်ပျံများကို မြင်လိုက်ရချိန်တွင် တတိယ မဟာဘိုးဘေး မသိမသာ ရင်တုန်သွားသည်။ ဘာကြောင့်မှန်း မသိသော်လည်း ဤအရာများက ကြယ်ပျံမဖြစ်နိုင်ဟု ထင်နေပြီး သက်ရှိတစ်ယောက်၏ ဝိညာဉ်များနှင့် တူနေသည်ဟု ခံစားမိနေ၏။
“ငရဲဘုံက ပုရွက်ဆိတ်တွေ ငရဲဘုံ တံခါးဝကိုများ ဖွင့်လိုက်တာလား”
ထိုသို့တွေးမိပြီးသည်နှင့် တတိယ မဟာဘိုးဘေး ခေါင်းတွင်တွင်ခါလိုက်သည်။ ငရဲဘုံတံခါးဝ၏ သော့က ပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သူ သိလေသည်။ သော့သာမရှိလျင် ငရဲဘုံမှ ပုရွက်ဆိတ်များ မဆိုထားနှင့်၊ ယန်နယ်မြေ၏ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တောင်မှ တံခါးကို မဖွင့်နိုင်ချေ။
“ငါ့မျက်လုံး ပေါက်သွားပြီးကတည်းက ငရဲဘုံကကောင်တွေအားလုံးရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပြီးသွားတာပဲလေ၊ သူတို့ ဖြစ်နိုင်စရာ မရှိပါဘူး”
တတိယ မဟာဘိုးဘေး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိသည်။ သို့ရာတွင် သူ စိုးရိမ်နေဆဲ ဖြစ်နေသည်။ ထို့ကြောင့် ဘေးနားမှ ယဲ့မိသားစုဝင် သိုင်းပညာရှင်အား အမိန့်ပေးလိုက်သည်။
“ဒီကြယ်ပျံတွေ ဘယ်ကို ကြွေကျလဲ မြန်မြန် စစ်ဆေးလိုက်”
“ဟုတ်ကဲ့ပါ တတိယဘိုးဘေး”
ထိုအခါ ထိုသိုင်းပညာရှင်က လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ကောက်ဝတ်၌ သလင်းကျောက် နာရီတစ်လုံးကို ပတ်ထားသည်။ သူ နာရီကို လှည့်လိုက်သောအခါ နာရီမှနေ၍ အလင်းကားချပ်တစ်ခု ပေါ်လာသည်။
ထိုအလင်းကားချပ်၌ ကြယ်များကြွေကျရာ နေရာအား ပြသနေ၏။ ကြယ်ပျံတစ်ချို့က ပင်လယ်ထဲ ကျသွားပြီး တစ်ချို့က ကန္တာရထဲနှင့် အချို့က တောင်တန်းများနှင့် မြို့များထံ ကျရောက်သွားသည်။ အားလုံးက နေရာ မတူညီကြပေ။ သို့သော် ဖျင်အမ်းမြို့သို့ မည်သည့်ကြယ်ပျံမှ မကျပေ။
“ဟူး”
ထိုအခါတွင်မှ တတိယ မဟာဘိုးဘေး သက်ပြင်းချလိုက်မိသည်။ ထူးဆန်းသော ကြယ်ပျံများက ငရဲဘုံနှင့် ဆက်နွယ်နေသော ဘိုးဘေးသုသာန်ရှိရာ ဖျင်အန်းမြို့သို့ ဘယ်ကြယ်ပျံမှ မကျလာသဖြင့် သူ စိတ်အေး သွားရသည်။
သို့သော် ထိုအချိန်၌ ဖျင်အမ်းမြို့ရှိ ငရဲဘုံ ယဲ့မိသားစုနှင့် ဆက်စပ်နေသော ဘိုးဘွားသုသာန်၌ ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ရာဖြစ်ပေါ်နေကြောင်း တတိယဘိုးဘေး ထင်မထားမိချေ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now