Chapter 1081

363 36 1
                                    

စာစဉ် 73 Chapter 1081 စကားနှစ်လုံး

ယနေ့ည၌ ဖျင်အန်းမြို့၏ မြေအောက်လောကတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ လှုပ်ခါသွားလေသည်။ မြေအောက် လောက၏ ဘုရင်လေးပါးထဲမှ သွေးနဂါးနှင့် အဆိပ်မိကျောင်းတို့ အသတ်ခံလိုက်ရပြီး ကျားသစ်နက်က ဖျင်အန်းမြို့မှ ထွက်ပြေးသွားသည်။
ရုတ်ချည်းဆိုသလိုပင် ကင်းမြီးကောက် လူသတ်သမား၏ ဖျင်အန်းမြို့မှ မြေအောက်လောကတစ်ခုလုံးကို စစ်ပွဲ ဆင်နွှဲခြင်း ဖြစ်လာခဲ့သည်။
ကင်းမြီးကောက် လူသတ်သမားက ဖျင်အန်းမြို့၏ မြေအောက်လောကမှ အသန်မာဆုံး အုပ်ချုပ်သူ ဖြစ်လာလိမ့်မည်ဟု လူတိုင်း ယုံကြည်သွားကြသည်။
ထိုသည်သာမက အမည်မသိ လူကြီးမင်းကလည်း ကိုယ်ထင်ပြလာ၏။ အမည်မသိ လူကြီးမင်းက ယန်စွမ်းအင် မရှိသည့် ပြင်ပကျင့်စဉ်ကို ကျင့်ကြံသော သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည်။ သွေးနဂါး၊ အဆိပ် မိကျောင်းနှင့် မင်းသားစသည့် သူများအားလုံးက သူ့လက်ထဲ၌ သေသွားလေသည်။
ဤသတင်းက ဖျင်အန်းတစ်မြို့လုံးကို ပွက်လောရိုက်သွားစေ၏။ ယန်စွမ်းအင် မရှိသော လူတစ်ယောက်က သွေးဇီးကွက် လင်ဖေး၊ သွေးနဂါး၊ အဆိပ်မိကျောင်းနှင့် အခြားသူများကို သတ်နိုင်လိမ့်မည်ဟု လူတိုင်း ထင်မှတ် မထားမိပေ။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ သူ၏ လွှမ်းမိုးချုပ်ကိုင်ပုံနှင့် ရက်စက်တတ်ပုံတို့က လူအများအထင်ထက်ပင် ကျော်လွန်နေပြီး ထန်မိသားစု၏ မင်းသားတောင်မှ သူ့လက်ထဲ၌ သေသွားရသည်။
ရုတ်ချည်းဆိုသလိုပင် မိသားစုကြီး တစ်ခုစီတိုင်းက အမည်မသိ လူကြီးမင်းအား ရန်မစနိုင်သောပုဂ္ဂိုလ်ဟု သတ်မှတ် လာကြသည်။
ကျုံးစားသောက်ဆိုင်မှာမူ ထိုည၏ သက်ရောက်မှု လုံးဝ မရှိပေ။ နောက်တစ်ရက်မှစ၍ ကျုံးလီအာသည် ဖျင်အန်း သိပ္ပံနှင့် နည်းပညာကျောင်းသို့ ပြန်တက်ရလေသည်။
ဦးလေးကျုံးနှင့် အန်တီကျုံးတို့ကလည်း ဆိုင်အတွ်က လူဆယ်ယောက်ကျော် ထပ်ခန့်လိုက်သည်။ ယဲ့ဖန် ပေးသော ဟင်းလျာကြောင့် ကျုံးမိသားစု၏ စားသောက်ဆိုင်က အလွန် ရေပန်းစားလျက် ရှိသည်။
ဆိုင်သို့ လာစားကြသည့် လူတို့သည့် နေ့တိုင်း ဆိုင်ရှေ့၌ လူတန်းရှည်ကို တန်းစီစောင့်ရသဖြင့် ကျုံးမိသားစု၏ စားသောက်ဆိုင်သည် ဖျင်အန်းမြို့၏ နာမည်အကြီးဆုံး စားသောက်ဆိုင်တစ်ခု ဖြစ်လုနီးပါး ဖြစ်လာလေသည်။
ဤအရာအားလုံးကို ယဲ့ဖန် အရေးမစိုက်ပေ။ သူသည် နေ့တိုင်း ဆိုင်ဝင်ပေါက် ဘေး၌ ထိုင်မြဲထိုင်၍ ယန်စွမ်းအင်ကို စုပ်ယူလျက် ရှိသည်။
သူ၏ အသားအရေက နေလောင်သဖြင့် ကြေးနီရောင် သန်းလာသည်။ ယန်စွမ်းအင်များ၏ အားဖြည့်မှုကြောင့် သူ၏ခွန်အားက လောကသခင် အထွတ်အထိပ်အဆင့်သို့ ရောက်လာပြီး အန္တိမအဆင့်သို့ ရောက်ရန် တစ်လှမ်းမျှသာ လိုတော့သည်။
“နှေးနေသေးတာပဲ”
ယဲဖ့န်၏ မျက်လုံးများက တဖျပ်ဖျပ် လှုပ်လာသည်။ သူ့အတွက် ရန်သူက အလွန် သန်မာနေ၏။ ကျုံးကျိုးနယ်မြေ၏ နဂါးမြို့မှ ယဲ့မိသားစု။ ကျုံးကျိုးအင်ပါယာ၏ တော်ဝင်မိသားစု။ ထို့အပြင် အလွန် ထူးဆန်းလှသော ကျင်းယန်တောင်၏ သတင်းကလည်း အစအနမျှ မရသေးပေ။
တစ်ခု သေချာသည်မှာ ထိုအင်အားစု သုံးခုထဲမှ မည်သည့်အင်အားစုနှင့်မဆို လက်ရှိအင်အားနှင့် ယဲ့ဖန် ရင်မဆိုင်နိုင်သေးပေ။
“ယန်နယ်မြေရဲ့ ရှေးဟောင်း အမွေအနှစ်ကိုသာ ငါ ရနိုင်မယ်ဆိုရင် ငါ့တိုက်ပွဲဝင်ခွန်အားက အလျင်အမြန် တိုးတက်လာလောက်တယ်”
ယဲ့ဖန် မျက်မှောင်ကြုတ်နေ၏။ ထိုစဉ် ဝီခနဲ မြည်သံနှင့်အတူ V8 စူပါကားတစ်စီးက မုန်တိုင်းသဖွယ် လမ်းမထက်၌ တစ်ဟုန်ထိုး မောင်းနှင်လာသည်။
ကျုံးမိသားစုဆိုင်ရှေ့သို့ ရောက်သောအခါ ကျွီခနဲ ထိုးရပ်သွားလေသည်။ ဤမြင်ကွင်းကြောင့် ဘေးနားမှ စားသုံးသူတိုင်း အချင်းချင်း စကားပြောလာကြသည်။
“ဒါ V8 စူပါကားပဲ၊ စွမ်းအင် စုပ်ယူတဲ့ ပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ကားလေ၊ ကားရဲ့မြန်နှုန်းက ကိုယ်ပိုင် အာကာသ ယာဉ်တစ်စီးရဲ့ မြန်နှုန်းထက်တောင်က သာသေးတယ်”
“ဒီကားတစ်စီးရဲ့ တန်ဖိုးက သန်းကျော်တယ်၊ ဒါ ဘယ်သူဌေးမျိုးဆက် ပိုင်တဲ့ကားလဲ မသိဘူး”
“…”
စားသုံးသူတိုင်း အလွန် အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဤကားသည် သူတို့ တစ်ဘဝလုံး ရုန်းကန် ရှာဖွေလျင်တောင်မှ မဝယ်နိုင်သော အရာဖြစ်၏။
အားလုံး၏ အားကျနေသော အကြည့်အောက်၌ V8 စူပါကားထဲမှ စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး တစ်ယောက် ဆင်းလာသည်။
“လတ်စသက်တော့ ဖျင်အန်းမြို့ရဲ့ ပန်းလေးပွင့်ထဲက လင်းမြောင်မြောင်ကိုး၊ သူက ထန်ယွင်အာလိုပဲ နာမည်ကြီးတဲ့ လင်းမိသားစုရဲ့ မမလေးလေ၊ သူက ဘာလို့ ဒီကို ရောက်လာတာလဲ”
“ဟုတ်တယ်၊ လင်းမြောင်မြောင်က ပန်းလေးပွင့်ထဲမှာ လေးယောက်မြောက် နေရာမှာ ရှိတဲ့လူလေ၊ သူက ဒေါင်းမလေးလို မာနကြီးတယ်လို့ ကောလာဟလ ရှိတယ်၊ သူက ကျုံးစားသောက်ဆိုင်ရဲ့ အရသာရှိတဲ့ ဟင်းလျာကို မြည်းစမ်းဖို့ လာတာများလား”
“…”
ဘေးပတ်လည်မှ စားသုံးသူများ အလွန်အမင်း ပဟေဠိ ဖြစ်နေကြသည်။ သူတို့၏ စိတ်ထဲတွင် လင်းမြောင်မြောင်သည် ဖျင်အန်းမြို့၏ သူဌေးမျိုးရိုးမှ သူဌေးမလေး ဖြစ်သဖြင့် အဆင့်မြင့် နေရာများသို့ သွားလေ့ရှိသူသာ ဖြစ်သည်။ ဆိုင်ငယ်လေးများကို အလွန် ရွံရှာပြီး အဆင့်နိမ့်များ စုဝေးရာနေရာဟု သတ်မှတ်ထားသူ ဖြစ်လေသည်။
ဤနေရာ၌ သူမ ပေါ်လာသဖြင့် လူတိုင်း အံ့ဩနေကြသည်။ ဘေးမှလူတိုင်း၏ အကြည့်ကို ခံစားမိသောကြောင့် လင်းမြောင်မြောင် မျက်မှောင်ကြုတ်လာ၏။ အထူးသဖြင့် သိမ်နုပ်သော စားသောက်ဆိုင်ကို မြင်လိုက်ရ သောအခါ သူမ၏ မျက်လုံး၌ အလွန် အထင်သေး၍ ရွံ့ရှာဟန်များ ထင်ဟပ်လာသည်။
“ယွင်အာကတော့ တကယ်ပါပဲ၊ ဘာလို့ ငါ့ကို ဒီလိုနေရာမှာ လာတွေ့ခိုင်းရတာလဲ”
“ပြီးတော့ အမည်မသိ လူကြီးမင်းက ဒီလို နိမ့်ကျတဲ့နေရာမှာ နေနေတာက တကယ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ”
လင်းမြောင်မြောင်သည် လူအုပ်ကြီးကို အထင်သေးစွာ ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ကျုံးမိသားစု၏ စားသောက်ဆိုင် တံခါးဝကို လှမ်းကြည့်လိုက်သည်။ ယဲ့ဖန် တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့သွားပြီးမှ ဆက်လျှောက်သွားလေသည်။
သူမ၏ ဟန်ပန်သည် ကျော့မော့သော်လည်း သူမ၏ ဒေါင်းတစ်ကောင်သဖွယ် မာနကြီး၍ အေးစက်သော စရိုက်ကို မဖုံးကွယ်နိုင်ပေ။ သူမက ယဲ့ဖန်ရှေ့ ရောက်သည်နှင့် အဖက်မတန်ဟန်ဖြင့် မေးလာသည်။
“ဟဲ့ ငါ နင့်ကို မေးစရာရှိတယ်၊ ဒီကျုံးမိသားစုရဲ့ စားသောက်ဆိုင်မှာ ယဲ့မျိုးရိုးနဲ့လူ နေသလား”
မောက်မာ၍ ရိုင်းစိုင်းလွန်းလှသည်။ မေးစရာ မရှိပါက လင်းမြောင်မြောင်ကဲ့သို့ သူဌေးသမီးက ယဲ့ဖန်ကို လှည့်ကြည့်ရန် စိတ်ကူးရှိမည့်ပုံမပေါ်ချေ။
ယဲဖ့န် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးဖွင့်၍ လင်းမြောင်မြောင်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မျက်လုံး ပြန်မှိတ်၍ ယန်စွမ်းအင်ကို ပြန်စုပ်ယူနေ၏။
ဤအဖြစ်ကြောင့် လင်းမြောင်မြောင် အံ့ဩသွားသည်။ လင်းမိသားစု၏ မမလေးဖြစ်ပြီး ပန်းလေးပွင့်ထဲမှ တစ်ပွင့်ဖြစ်သော သူမအား နိမ့်ကျသော လူတစ်ယောက်က လျစ်လျူရှုသွားလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“ဟဲ့ကောင် နင် နားကန်နေလား၊ ငါ နင့်ကို တစ်ခုခု မေးလိုက်တယ် မဟုတ်ဘူးလား”
“ဒီဆိုင်စုတ်မှာ ယဲ့မျိုးရိုးနဲ့လူ နေလားလို့ မေးနေတယ်လေ”
လင်းမြောင်မြောင် မဆိုသလောက်လေး ဒေါသထွက်လာ၏။ သူမ ကလေးဘဝမှ အပျိုဖြစ်လာသည့် အချိန်အထိ သူမကို မြင်တိုင်း မည်သည့်ယောက်ျားမဆို အံ့ဩမှင်တက်၍ တပ်မက်စွာ ကြည့်တတ်ကြသည်။ သို့သော် ယဲ့ဖန်တစ်ယောက်တည်းကသာ သူမကို မရှိသည့် သေလူသဖွယ် ကြည့်လာ၏။
“ထွက်သွား”
ယဲ့ဖန်က လင်းမြောင်မြောင်ကို အေးတိအေးစက် ပြန်ပြောလိုက်သည်။ ဤအဖြစ်ကြောင့် လင်းမြောင်မြောင် မျက်နှာ ပျက်သွားပြီး အနီးအနားမှ လူများလည်း ဆူညံလာလေသည်။
ယန်စွမ်းအင် မရှိသော လူငယ်တစ်ယောက်က လင်းမြောင်မြောင်ကဲ့သို့ ချမ်းသာ၍ ချောမောသော မိန်းကလေးအား ဤသို့ ပြောလာလိမ့်မည်ဟု ထင်မထားမိချေ။
“နင် … နင် ငါ့ကို ထွက်သွားခိုင်းရဲတယ်လား”
လင်းမြောင်မြောင်၏ မျက်နှာက ဒေါသကြောင့် နီမြန်းလာသည်။ နိမ့်ကျသော လူတစ်ယောက်က သူမကို ထွက်သွားခိုင်းနေသဖြင့် လောကကြီး ဖောက်ပြန်သွားပြီဟု ထင်မှတ်မိသွားသည်။
“ဟဲ့ကောင် ငါ နင့်ကို အဲ့စကား ပြန်ရုတ်သိမ်းဖို့ အခွင့်အရေး ပေးလိုက်မယ်”
“နင့်မှာ အခွင့်အရေး တစ်ခါပဲ ရှိတယ်ဆိုတာကို သတိရပါ”
လင်းမြောင်မြောင်က ယဲ့ဖန်ကို မီးပွင့်မတတ် မျက်လုံးများဖြင့် ကြည့်နေသည်။ သူမစကားကြောင့် ယဲ့ဖန် မျက်ခုံးပင့်လိုက်မိပြီး ဖြည်းဖြည်းချင်း မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။ သူ လင်းမြောင်မြောင်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်လေသည်။
ဤအဖြစ်ကြောင့် လင်းမြောင်မြောင်က နှုတ်ခမ်းကော့ညွန့်မတတ် ပြုံးလိုက်သည်။ ယောက်ျားတစ်ယောက်က သူမ၏ အလှနှင့် ပုံရိပ်ကို လျစ်လျူမရှုနိုင်မှန်း သူမ သိနေ၏။
ထိုသို့တွေးပြီးနောက် သူမက နှုတ်ခမ်းတွန့်၍ နိမ့်ကျသော လူငယ်လေးထံမှ တောင်းပန်စကားကို စောင့်မျှော် နေလိုက်သည်။
“ကောင်းပြီလေ၊ ငါ အဲ့စကားကို ပြန်ရုတ်သိမ်းတယ်”
ယဲ့ဖန် ပခုံးတွန့်ပြလိုက်သည်။ လင်းမြောင်မြောင်၏ အပြုံးက ပိုပို၍ ပီပြင်လာ၏။ သူမက ဤသို့ ဖြစ်လာလိမ့်မည်ဟု သိနေဟန်ဖြင့် မောက်မာစွာ ပြောလိုက်သည်။
“နင် မှားမှန်း သိနေမှတော့ ငါ့ကို တောင်းပန်လိုက်”
ဘေးနားမှ စားသုံးသူများ ခေါင်းခါလာကြသည်။ သူတို့ ယဲ့ဖန်ကို အထင်မသေးပါ။ သို့သော် သူတို့သာ လင်းမြောင်မြောင်ကဲ့သို့ ချမ်းသာ၍ လှပသူနှင့် တွေ့ရပါက ခွေးသဖွယ် မျက်နှာလုပ်မိမှာပင်။
“ငါ အဲ့စကားကို ပြန်ရုတ်သိမ်းပြီး စကားနှစ်လုံးပဲ ပြန်ပြောလိုက်မယ်”
ယဲ့ဖန်က အသာပြုံး၍ လင်းမြောင်မြောင်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
“အရူး”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now