Chapter 1086

394 39 3
                                    

စာစဉ် 73 Chapter 1086 မုန်တိုင်း ထန်ပေဦးမည်

ဝှစ်
ဆရာသခင်၏ သွေးစက်များနှင့် အသားစများက ဘေးပတ်ဝန်းကျင်သို့ လွင့်စဉ်ထွက်သွားပြီး နတ်ဆိုးချီမျှင်စု လက်ဝါးချက်ကြောင့် အပြီးတိုင် သေဆုံးသွားလေသည်။
ဤမြင်ကွင်းကြောင့် ထန်ယွင်အာ၊ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ တုန်လှုပ်သွားကြသည်။ ပြိုင်ဘက်ကင်း ရွှေရောင်ခန္ဓာကိုယ် ရှိသည်ဟု ကျော်ကြားသော ဆရာသခင်တစ်ယောက်၊ ပြင်းထန်သော ယန်စွမ်းအင်များ ပိုင်ဆိုင်ထားသည်ဟူသော ပုဂ္ဂိုလ်၊ သေလူ ဖြစ်သွားတောင်မှ ကြောက်စရာကောင်းသည့် ဆိုးယုတ်သော တစ္ဆေ ဖြစ်နေခဲ့သည်။
ဆရာသခင်သည် သက်တော်စောင့်အဖွဲ့အား ကြက်ကလေး၊ ငှက်ကလေးကဲ့သို့ အလွယ်တကူ သတ်ခဲ့သော် ငြားလည်း ဤဆရာသခင်က ယဲ့ဖန်၏ လက်ထဲတွင် အလွယ်တကူ အသတ်ခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ လင်းမြောင်မြောင်သည် မိစ္ဆာတစ်ကောင်ကို ကြည့်သောအကြည့်မျိုးဖြင့် ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေသည်။
“တော် ... တော်တော် အင်အားကြီးတာပဲ၊ သူ ဘယ်လိုလုပ်လိုက်တာလဲ မသိဘူး”
လင်းမြောင်မြောင် မယုံနိုင်သေးပေ။ ယခင်က ယဲ့ဖန်သည် ဖျင်အန်းမြို့၌ မဆိုသလောက် နာမည်ကျော်ကြား သော်လည်း လင်းမြောင်မြောင်သည် ပြင်ပကျင့်စဉ်တစ်မျိုး ကျင့်ကြံသူဟုသာ ထင်မှတ်ခဲ့သည်။ သန်မာသော ယန်စွမ်းအင် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရလျင် သူ ဖိနှိပ်ခံရပြီး အသတ်ခံရလိမ့်မည်ဟု ထင်ခဲ့မိသည်။
ယဲ့ဖန်၏ ဂုဏ်သတင်းက အမှန်မဖြစ်နိုင်ဟုပင် သူမ သံသယ ဝင်ခဲ့သည်။ ယဲ့ဖန်က သွေးဇီးကွက် လင်ဖေးကို အမှန်တကယ် သတ်နိုင်ခဲ့သည် ဆိုလျင်တောင်မှ အငိုက်ဖမ်း၍ သတ်ခဲ့သည်ဟု ယုံကြည်ထားသည်။ သို့သော် ယခုအခါ၌ လင်းမြောင်မြောင်၏ အမြင်အားလုံး ကပြောင်းကပြန် ဖြစ်သွားရသည်။
သူမသည်သာမက ဘေးနားမှ ယဲ့ရှောင်ထျန်းသည်လည်း အလွန် ကြောက်လန့်သဖြင့် မျက်နှာက သွေးမရှိသကဲ့သို့ ဖြူရော်နေ၏။ ယခင်က ဆရာသခင် အားကိုးဖြင့် ယဲ့ဖန်ကို နင်းချေနိုင်ပြီဟု ထင်ခဲ့သော်လည်း ထိုသူက သေလူ ဖြစ်နေသောကြောင့် သူ ပို၍ အရှက်ကွဲခဲ့ရသည်။
“ဒီမကောင်းဆိုးဝါးကတော့ ...”
လက်ရှိအချိန်တွင် ယဲ့ရှောင်ထျန်းသည် ယဲ့ဖန်အား မော့ကြည့်ရဲသည့် သတ္တိပင် မရှိချေ။ ထန်ယွင်အာတောင်မှ ယဲ့ဖန်၏ နည်းလမ်းကို မြင်ဖူးသော်ငြားလည်း ယခုအထိ အံ့ဩမိနေဆဲပင်။
“ထန်မိသားစုနဲ့ ငါနဲ့ သူ့ကို အထင်သေးခဲ့မိတဲ့ပုံပဲ”
ထန်ယွင်အာ မချိပြုံး ပြုံးလိုက်မိသည်။ သူမနှင့် အဘိုးဖြစ်သူ ထန်မင်လီတို့ ယဲ့ဖန်အပေါ် အမြဲ အထင်ကြီးခဲ့ သော်လည်း တစ်ဖက်လူက သူမတို့ ထင်ထားသည်ထက် ကျော်လွန်စွာ လုပ်ဆောင်နိုင်နေ၏။
ဤလူသည် ပဟေဠိတစ်ပုဒ်သဖွယ် ထူးဆန်းလှသည်။ အကြိမ်တိုင်း လူအများကို ကြီးမားစွာ ထိတ်လန့်အောင် လုပ်နိုင်လေသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် သူတို့၏ ထိတ်လန့်နေဟန်ကို တစ်စက်ကလေးမျှ အရေးမလုပ်ဘဲ ဘာမှမဖြစ်ဟန်ဖြင့် သုံးယောက်လုံးကို ဝေ့ကြည့်၍ အသာပြောလိုက်သည်။
“ဒီက သရဲပေါက်စလေးတွေကိုတော့ တစ်ခါတည်း သတ်ပြီးပြီ”
“မင်းတို့ အရင်သွားတော့”
*အားလုံးကို တစ်ခါတည်း သတ်ပြီးပြီလား*
ထိုစကားကို ကြားလိုက်ရချိန်မှသာ လမ်းတစ်လျှောက်လုံး ဆရာသခင်က သရဲတစ္ဆေများအား ဖိတ်ခေါ် လာခြင်းအား ယဲ့ဖန် မတားရသည့် အကြောင်းရင်းကို ထန်ယွင်အာတို့ သုံးယောက်လုံး နားလည်သွားကြသည်။ ထို့အတူ လူတိုင်း၏ အထင်သေး လှောင်ပြောင်မှုများကိုလည်း တစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
*လတ်စသက်တော့ သူက ဆရာသခင်ကို အသုံးချပြီး သရဲတွေအားလုံးကို စုစည်းပြီးမှ တစ်ခါတည်း သတ်ချင်တာကိုး*
“လူကြီးမင်းယဲ့၊ ကျွန်မတို့နဲ့ အတူမလိုက်ဘူးလား”
ယဲ့ဖန် ဘာလုပ်စရာ ရှိသလဲ ထန်ယွင်အာ မသိပေ။ သို့ရာတွင် ယဲ့ဖန်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“မလိုဘူး၊ ငါ တစ်ခြား လုပ်စရာ ရှိသေးတယ်”
ထို့နောက် သူသည် ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားလေသည်။ ယဲ့ဖန် ထွက်သွားသည့်အခါမှသာ ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ သက်ပြင်းချမိသွားသည်။
သူတို့နှစ်ယောက်လုံးသည် သေမင်း နှုတ်ခမ်းဝမှ ထွက်လာနိုင်ခဲ့သည်ဟု ခံစားမိလိုက်သည်။ နှစ်ယောက်လုံး ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကျော၌ ချွေးစေးများဖြင့် ရွှဲစိုနေ၏။ မျက်နှာ၌ ကြောက်လန့်စိတ်များ ထင်ဟပ်နေလေသည်။
ဤသည်ကိုကြည့်ပြီး ထန်ယွင်အာက အသာပြောလိုက်သည်။
“နင်တို့ လူကြီးမင်းယဲ့ကို ရှေးဟောင်း ရတနာပေးမယ်လို့ ကတိပေးထားတာကို မှတ်ထားပါ”
ထိုသို့ပြောပြီးသည်နှင့် ထန်ယွင်အာက သူတို့နှစ်ယောက်ကို ထပ်မကြည့်တော့ဘဲ အိမ်ရာထဲသို့ ဝင်သွား လိုက်လေသည်။
ထန်ယွင်အာ ထွက်သွားသောအခါ လင်းမြောင်မြောင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ရှောင်ထျန်းကို မေးလိုက်သည်။
“အစ်ကိုရှောင်ထျန်း၊ ကျွန်မတို့ အဲ့ကောင်ကို မိသားစုရဲ့ ရှေးဟောင်းရတနာ တကယ် ပေးကြမှာလား”
“ကျွန်မ မကျေနပ်နိုင်ဘူး”
လင်းမြောင်မြောင်၏ မျက်နှာက အလွန်အမင်း မည်းမှောင်နေ၏။ သူမသည် ယဲ့ဖန်ထံ၌ ပါးရိုက်ခံလိုက် ရသောကြောင့် မိသားစု၏ ရှေးဟောင်း ရတနာကို မပေးနိုင်ပါ။ သို့သော် သူမသည် အစောပိုင်းက ယဲ့ဖန်ကို အော်ဟစ် အကူအညီတောင်း၍ ရတနာပေးပါမည်ဟု တောင်းဆိုခဲ့သည်ကို သူမ မေ့လျောသွားလေသည်။ ယဲ့ဖန် မရှိလျင် သူမ သေလူဖြစ်သွားလိမ့်မည်ဟူသော အချက်ကို သူမ ပို၍မေ့သွားခဲ့လေ၏။
“ဟ … ငါတို့ ယဲ့မိသားစုမှာ ရှေးဟောင်း ရတနာ ရှိတယ်ဆိုပင်မယ့် အဲ့ဒါက ငါတို့ မိသားစုခွဲရဲ့ ဘိုးဘွားပိုင် ပစ္စည်းလေ၊ ဘယ်လိုလုပ် အဲ့ဒါကို တစ်ခြားလူဆီ လွယ်လွယ်ကူကူ လွှဲပေးရမှာလဲ”
ယဲ့ရှောင်ထျန်းသည်လည်း နာကျည်းမုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ၏ သက်တော်စောင့် ဆယ်ယောက်ကျော် သေဆုံးသွားခဲ့သဖြင့် သူ့ဘက်က အထိနာထားပြီးသား ဖြစ်သည်။ အကယ်၍ ရတနာကိုသာ ပေးလိုက်ပါက မိသားစုက သူ့အား အရှင်လတ်လတ် အရေခွံနွှာလောက်သည်။
သူ့စကားကြောင့် လင်းမြောင်မြောင်က မျက်မှောင် တင်းတင်းကြုတ်၍ ယဲ့ရှောင်ထျန်းကို ပြန်ပြောလိုက်သည်။
“အစ်ကိုရှောင်ထျန်း၊ တကယ်လို့ ကျွန်မတို့ ရတနာတွေကို မပေးလို့ ယဲ့မျိုးရိုးနဲ့ကောင်က လုယက်လာရင် ဘယ်လိုလုပ်မလဲ”
“အခု သူ့ခွန်အားကို ရှင်လည်း မြင်တာပဲ၊ ကျွန်မတို့ သူ့ကို ရန်စမိရင် ကျွန်မတို့ သေရုံတင် မကဘဲ ကျွန်မတို့ အနောက်က မိသားစုပါ ထိခိုက်ရလိမ့်မယ်”
ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းကို လင်းမြောင်မြောင် အခုထိ စိတ်ထဲ စွဲနေသဖြင့် တုန်ယင်နေမိသည်။ လင်းမိသားစုက ဖျင်အန်းမြို့၏ ထိပ်တန်း မိသားစုသုံးခုထဲမှ တစ်ခုဖြစ်သော်လည်း သူတို့၏ ခွန်အားက ထန်မိသားစုနှင့် အတူတူလောက်ပင်။ ဤမကောင်းဆိုးဝါးအား သူတို့ မည်သည့်နည်းနှင့်မျှ မခုခံနိုင်ပါ။
ယဲ့ရှောင်ထျန်း၏ မျက်နှာထားသည်လည်း မည်းမှောင်သွားပြီး တစ်စုံတစ်ရာကို စဉ်းစားနေဟန်ဖြင့် ဟိုကြည့် ဒီကြည့် လှုပ်နေ၏။ ဆရာသခင်၏ တစစီ ဖြစ်နေသော အသားစများနှင့် သွေးများကို စိုက်ကြည့်ပြီးနောက် မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။
“ဟုတ်ပြီ”
လင်းမြောင်မြောင် အံ့ဩသွားပြီး အလျင်အမြန် ပြန်မေးလိုက်သည်။
“အစ်ကိုရှောင်ထျန်း၊ ပြောပါဦး၊ ကျွန်မ ရတနာ မပေးဘဲနေလို့ရတဲ့ နည်းလမ်း ရှိတာလား”
“နည်းလမ်း တစ်ခုတော့ ရှိတယ်”
ယဲ့ရှောင်ထျန်း ထိုသို့ပြောနေချိန်တွင် မျက်လုံးများက အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“အဲ့နည်းလမ်းက ယဲ့မျိုးရိုးနဲ့ကောင် သေမယ့်လမ်းပဲ”
ထိုစကားကြောင့် လင်းမြောင်မြောင် အကြီးအကျယ် မျက်နှာပျက်ယွင်းသွားပြီး ယဲ့ရှောင်ထျန်းအား ရူးများ နေသလား ဟူသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“အစ်ကိုရှောင်ထျန်း၊ ရှင် ရူးသွားပြီလား၊ အဲ့ယဲ့မျိုးရိုးနဲ့ကောင်က မကောင်းဆိုးဝါးလေ၊ ကျွန်မတို့ မိသားစုကြီး နှစ်ခုက အတော်ဆုံး သိုင်းပညာရှင်တွေ အကုန် ထွက်လာရင်တောင် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး”
“ပြီးတော့ ဒီလို ရန်သူမျိုးကို ရန်စလိုက်မိရင် ကျွန်မတို့ မိသားစုအတွက် အိပ်မက်ဆိုး ဖြစ်သွားမှာလေ”
လင်းမြောင်မြောင် ယဲ့ဖန် သေသည်ကို ကြည့်ချင်ပါသည်။ သို့သော် ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားကို သူမ ပိုကြောက်မိသည်။ သို့ရာတွင် ယဲ့ရှောင်ထျန်းက ပြုံး၍ ပြန်ပြောလာ၏။
“ဟမ့် … ယဲ့မျိုးရိုးနဲ့ကောင်က အံ့ဩစရာကောင်းပင်မယ့် သူက ဒီလောကတည်းမှာ တစ်ယောက်တည်း ရှိတဲ့ ပြိုင်ဘက်ကင်း မဟုတ်ဘူးလေ”
သူက ထိုသို့ပြောပြီးသည်နှင့် မြေကြီးပေါ်မှ ဆရာသခင်၏ အလောင်းကို လက်ညှိုးထိုးကာ စဉ်းလဲစွာ ပြုံးလိုက်သည်။ ထို့နောက် လင်းမြောင်မြောင်အား တစ်စုံတစ်ရာကို တီးတိုး ပြောလိုက်လေသည်။
လင်းမြောင်မြောင်သည် အစပိုင်း၌ အားငယ်နေသော်လည်း နားထောင်ပြီးနောက် ကြောက်စိတ်များ ပြေလွင့် သွားပြီး မလိုမုန်းတီးစိတ်များ အစားထိုး ဝင်ရောက်လာသည်။
ယဲ့ရှောင်ထျန်း၏ အကြံကို နားထောင်ပြီးနောင် လင်းမြောင်မြောင်က မလိုတမာဖြင့် အားပါးတရ ပြုံးလိုက်သည်။
“ကောင်းတယ်၊ ရှင် ပြောတဲ့အတိုင်း လုပ်ကြမယ်”
“ဒီတစ်ခါတော့ ယဲ့မျိုးရိုးနဲ့ကောင်ကို ရတနာ ပေးစရာ မလိုတော့သလို သူ သေတာကိုလည်း ကြည့်ရတော့မယ်၊ ဟားဟားဟား …”
နှစ်ယောက်သား ယုတ်မာသော အကြံအစည်များကို သဘောတူကာ ကျေနပ်အားရနေကြသည်။ ထိုအခိုက်တွင် သူတို့ သွေးပျက်စွာ အော်ဟစ်ငိုယို၍ ယဲ့ဖန်အား အကူအညီ တောင်းခဲ့ရသည်ကို လုံးဝ မေ့ပျောက်သွားလေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် အိမ်ရာအနောက်ဘက်မှ တောင်တန်းဆီသို့ ရောက်နေ၏။ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့က ရှေးဟောင်း ရတနာ မပေးရရေးအတွက် အကြံထုတ်နေသည်ကို သူ မသိပေ။ သိလျင်လည်း ဂရုစိုက်မည် မဟုတ်ပါ။
ဤလောက၌ သူ့အား အန္တရာယ်ပေးလိုသည့် လူများတွင် သေလမ်းသို့ ရောက်သွားသည့်သူများနှင့် သေလမ်းသို့ သွားမည့်လူများသာ ရှိပေသည်။ ယခု ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့က ဒုတိယ အမျိုးအစားထဲ၌ ပါဝင်နေ၏။
လက်ရှိတွင် ယဲ့ဖန်သည် အနောက်ဘက် တောင်တန်းတွင်းမှ ဂူတစ်ခုသို့ ရောက်နေလေသည်။ ဂူတွင်းမှ အေးစက်သော လေညင်း ခပ်ဖျော့ဖျော့ တိုက်ခတ်နေသည်ကို သူ ခံစားမိသည်။
အိမ်ရာ ရုတ်တရက် သရဲခြောက်ခံရပြီး နေရောင် ပျောက်ကွယ်သွားရသည့် အကြောင်းရင်းမှာ ဤဂူကြောင့် ဖြစ်သည်ဟု ယဲ့ဖန် သေချာပေါက် ပြောနိုင်၏။
ယဲ့ဖန် ဂူထဲသို့ ဝင်သွားသည်နှင့် မျက်စိရှေ့မှ မြင်လိုက်ရသောအရာကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အံ့ဩသွားရလေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now