Chapter 1070

377 44 6
                                    

စာစဉ် 72 Chapter 1070 အားပြိုင်မှု

စားပွဲဝိုင်း ၆၀၆ ၌ စကားသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
“လီအာ၊ လုပ်ပါဟာ၊ ငါတို့အစား လူကြီးမင်းယဲ့ကို တောင်းပန်ပေးပါ၊ ငါတို့ မှားမှန်း သိပါပြီ”
“ဟုတ်တယ်၊ လီအာ ငါတို့က အတန်းဖော်တွေပဲလေ၊ ငါတို့အတွက် တစ်ခုခုလောက် အကောင်းပြောပေးပါ”
“…”
လက်ရှိအချိန်တွင် ဖေးဖေးနှင့် အခြားသူများက ကျုံးလီအာကို ဆက်တိုက် တောင်းပန်နေ၏။ ယဲ့ဖန်နှင့် ကင်းမြီးကောက် လူသတ်သမားက ဘာတစ်ခွန်းမှ ပြောမသွားသဖြင့် သူတို့ ထွက်မသွားရဲသေးပေ။
ထို့ကြောင့် လက်ရှိတွင် သူတို့ ကျုံးလီအာကိုသာ အသနားခံနေရသည်။ သူတို့သည်သာမက ဖန်းရီးပေါ်သည်လည်း ရင်ထဲမှ ဒေါသကို မျိုသိပ်၍ ကျုံးလီအာကို အသံတိုးတိုးဖြင့် ပြောလေသည်။
“ငါတို့တွေက အတန်းဖော်ကောင်းတွေပဲလေ၊ ခုနက ငါတို့မှားသွားခဲ့တယ်၊ ငါတို့ လူတွေအပေါ် အထင်သေး ခဲ့မိတယ်၊ ဒါပေမဲ့ ငါတို့ လူကြီးမင်းယဲ့နဲ့ အမှန်ပြန်ဖြစ်သွားအောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်”
ဖန်းရီပေါ်၏ စိတ်ထဲတွင် ယဲ့ဖန်အား အလွန် မနာလိုဖြစ်ကာ မုန်းတီး၍ မကျေမနပ် ဖြစ်နေ၏။ ဘုရင့်ဘား၏ ဇာတ်လိုက်အဖြစ်မှနေ၍ လူပြက်အဖြစ်သို့ သူ ရောက်သွားခဲ့သည် မဟုတ်ပါတကား။
သူ့စိတ်ထဲတွင် ဤကိစ္စအားလုံးက ယန်စွမ်းအင်မရှိသော အမှိုက်ကောင်၏ အပြစ်ဟု သတ်မှတ်ထားသည်။ သို့သော် သူ မကျေနပ်လျင်တောင်မှ ယဲ့ဖန်ကို သူ ရန်မစရဲချေ။
ယခု ကျုံးလီအာက သူ့အတွက် အကောင်းပြောပေးမည်ဟုသာ မျှော်လင့်နေရသည်။ ယဲ့ဖန်နှင့် သိကျွမ်းခြင်းက သူတို့နှင့် မိသားစုအတွက် ကောင်းကျိုးများ ရလာနိုင်ပေသည်။ ဘေးနားမှ အားပင်းသည်လည်း အများနည်းတူ ကျုံးလီအာကို‌ တောင်းပန်နေ၏။
“လီအာ၊ ငါ မင်းဆိုင်မှာ အချိန်တော်တော်ကြာတဲ့အထိ နေခဲ့တာပဲလေ၊ မင်း … မင်း ငါ ဒုက္ခရောက်မှာကိုတော့ မကြည့်ရက်ပါဘူး၊ ဟုတ်တယ်မလား”
တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် တောင်းပန်နေကြသဖြင့် ကျုံးလီအာ အံ့ဩမိနေသည်။ မကြာသေးခင်ကမှ ယဲ့ဖန်ကို အထင်သေးနေကြသူများက ယခု တစ်ယောက်ပြီး တစ်ယောက် ခွေးသဖွယ် တောင်းပန်နေကြသည်။ တကယ်ကို မျက်နှာကြီးရာ ဟင်းဖတ်ပါကြသူများပင်။
ကျုံးလီအာ သူတို့ကို အလွန် ရွံရှာစက်ဆုပ်ပါသော်လည်း သူတို့က သူမ၏ အတန်းဖော် သူငယ်ချင်းများ ဖြစ်နေသောကြောင့် ခေါင်းသာညိတ်လိုက်ရသည်။
“အင်း၊ ငါ ခဏနေရင် နင်တို့ဘက်ကနေ ကောင်းတာလေး ကူပြောပေးမယ်”
ကျုံးလီအာ သဘောတူကြောင်း ပြောလာမှသာ ဘေးနားမှ ဖန်းရီပေါ်နှင့် အားပင်းတို့ စိတ်အေးဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ ဖေးဖေးနှင့် အခြားသူများမှာမူ စိတ်လှုပ်ရှားသွားကြလေသည်။
“ယဲ့ဖန်လို အရေးပါတဲ့လူနဲ့ သိခွင့်ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ဟုတ်တယ်၊ ကင်းမြီးကောက် လူသတ်သမားတောင် သူ့ကို မျက်နှာသာ ပေးနေရာတာ၊ သူက ယန်စွမ်းအင် စီးဆင်းမနေပင်မယ့် ကြောက်စရာကောင်းတဲ့ အရှင်သခင်ဖြစ်မယ်လို့ ငါ သံသယဝင်မိတယ်”
“…”
လက်ရှိအချိန်၌ စားပွဲဝိုင်း ၆၀၆ ၌ အပျော်များဖြင့် ပြည့်နှက်နေ၏။ ထိုစဉ် ဒုတိယထပ်မှ ခြေသံများ ထွက်လာသဖြင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
ယဲ့ဖန်က ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ ခြံရံ၍ အောက်သို့ ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ယဲ့ဖန် ဆင်းလာသည်ကိုမြင်ပြီး ဖန်းရီပေါ်နှင့် အခြားသူများ ချက်ချင်း မတ်တပ်ထ ရပ်လိုက်သည်။
လူတိုင်း စိုးရိမ်တုန်လှုပ်နေကြသည်။ သို့သော် ယဲ့ဖန်က ထိုသူများကို မမြင်ဟန်ပြုကာ ကျုံးလီအာကို လှမ်းပြောလိုက်သည်။
“လီအာ သွားကြမယ်”
ကျုံးလီအာ ခေါင်းညိတ်လိုက်ပြီး စားပွဲဝိုင်းမှထ၍ ယဲ့ဖန်နှင့်အတူ ပြန်ရန် ပြင်လေသည်။
“သွားမယ် ဟုတ်လား၊ မင်းက ဘယ်သွားချင်နေတာလဲ”
ထိုစကားသံသည် အလွန် ခက်ထန်၍ မကောင်းသော အငွေ့အသက်များ ပါနေသဖြင့် လူတိုင်း မျက်နှာပျက် သွားကြသည်။ ယခုထိ ယဲ့ဖန် မျက်စိစပါးမွှေး စူးအောင် လုပ်ရဲသည့်လူများ ရှိနေလိမ့်မည်ဟု အားလုံး ထင်မထား မိကြချေ။
*သူတို့တွေ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား*
ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ၏ မျက်လုံးများက အေးစက်လာသည်။
“ဘယ်ကောင် ပြောတာလဲ၊ ထွက်လာခဲ့စမ်း”
လက်ရှိတွင် ကင်းမြီးကောက် လူသတ်သမားသည် ယဲ့ဖန်ထံမှ အဆင့်အိတ်စ် ကုသခြင်း ဆေးရည် ရထားပြီးသဖြင့် ယဲ့ဖန်အား သူ၏ ကျေးဇူးရှင်အဖြစ် မှတ်ယူထားပြီးလေပြီ။ ယဲ့ဖန်ကို ရန်စခြင်းက သူ့အား ရန်စခြင်းပင်။
ကင်းမြီးကောက် လူသတ်သမား ကာကွယ်ပေးနေတာတောင်မှ ယဲ့ဖန်ကို မကြောက်မရွံ့ ရန်စရဲသည့်သူ ရှိလိမ့်မည်ဟု ဖန်းရီပေါ်တို့ပင် ထင်မထားမိပေ။
“ဟ … ကင်းမြီးကောက် လူသတ်သမား၊ မင်းက တော်တော် အင်အားကြီးနေတယ်ပေါ့”
ထိုစကားအဆုံး၌ ရဲရဲနီသော တစ်စုံတစ်ရာက ဘား၏တံခါးမှနေ၍ လွင့်ပျံလာသည်။ ထိုအရာကို မြင်လိုက် ရချိန်တွင် လူတိုင်း မျက်နှာ ပျက်ယွင်းသွားလေသည်။
*လူ့အရေခွံပါလား*
*ဒါ … လွှင့်ပစ်လာတဲ့ဟာက လူ့အရေခွံ ဖြစ်နေတာလား*
ထိုလူ့အရေခွံမှ သွေးများ စီးကျနေသဖြင့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ ထိုလူ့အရေခွံများက ကင်းမြီးကောက် လူသတ်သမားအဖွဲ့မှ ဖြစ်နေသည်ကို လူတိုင်း သတိထားမိသွားသည်။
လူတိုင်း ကြောက်လန့်တကြားနှင့် အသည်းအသန် နောက်ဆုတ်လိုက်မိသည်။ ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများလည်း မျက်နှာ ပျက်သွားကြသည်။
“ရှောင်ချမ်း၊ ရှောင်ဝူ”
ဤလူ့အရေခွံကိုကြည့်ပြီး ကင်းမြီးကောက် လူသတ်သမားတို့ မျက်လုံးများ နီရဲလာသည်။ ထိုစဉ် သိုင်းပညာရှင် တစ်ဖွဲ့က ဘုရင့်ဘားထဲသို့ အလျင်အမြန် ဝင်ရောက်လာ၏။
တစ်ခဏအတွင်းမှာပင် လူရာကျော်၍ ရောက်လာလေသည်။ ရှေ့မှ ဦးဆောင်လာသူမှ ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်သည်။
ထိုအမျိုးသမီးသည် မိန်းမဝကြီးပင်။ သူမ၏ ပျက်ရယ်ပြုနေသော မျက်နှာထားက စဉ်းလဲလှသည်။ တစ်ဖက်မှ အမျိုးသားက ကတုံးနှင့်လူ ဖြစ်နေသည်ကို မြင်ပြီး လူတိုင်း တုန်လှုပ်သွားကြသည်။
“အဆိပ်မိကျောင်း၊ မင်းကိုး”
ကင်းမြီးကောက် လူသတ်သမား၏ စိတ်ထဲ၌ တုန်လှုပ်သွားရသည်။ အဆိပ်မိကျောင်းသည် ဖျင်အန်းမြို့၏ မြေအောက်လောက ဘုရင်လေးပါးထဲတွင် အရက်စက်ဆုံးနှင့် အကောက်ကျစ်ဆုံးလူ ဖြစ်လေသည်။
ပုံမှန်အားဖြင့် ကင်းမြီးကောက် လူသတ်သမားနှင့် အဆိပ်မိကျောင်းတို့သည် နယ်မကျော်ကြချေ။ သို့သော် တစ်ဖက်လူက သူ၏ လက်အောက်ငယ်သားများကို သတ်လာလိမ့်မည်ဟု ကင်းမြီးကောက် လူသတ်သမား ထင်မထားမိပါ။
“အဆိပ်မိကျောင်း၊ မင်းက ငါ့လူတွေကို သတ်တယ်ပေါ့၊ မင်းက ငါ့ရေတိမ်ခရိုင်ကို စိန်ခေါ်ချင်နေတာလား”
ကင်းမြီးကောက် လူသတ်သမား၏ မျက်လုံးများက မီးတောက်မတတ် ဖြစ်နေ၏။ သူ့စကားကြောင့် အဆိပ်မိကျောင်းက အထင်သေးဟန်ဖြင့် ပြုံးလာသည်။
“စိန်ခေါ်ချင်တယ် ဟုတ်လား၊ ကင်းမြီးကောက် လူသတ်သမား၊ မင်းက အဲ့လောက် မထိုက်တန်ဘူးကွ”
“ငါ ဒီနေ့ ဒီကို လာတာက …”
ထိုသို့ပြောပြီး အဆိပ်မိကျောင်းက ရုတ်တရက် ယဲ့ဖန်ကို လက်ညှိုးထိုးလာ၏။
“သူ့ကြောင့်ပဲ”
ထိုစကားကြောင့် ကင်းမြီးကောက် လူသတ်သမားတို့အပြင် ဖန်းရီပေါ်၊ အားပင်းနှင့် အခြားသူများလည်း မျက်နှာ ဖြူရော်သွားကြသည်။ အဆိပ်မိကျောင်းက ယဲ့ဖန်အတွက်နှင့် အလွန် ရန်မူနေလိမ့်မည်ဟု ထင်မထားမိချေ။
ထိုအခိုက်တွင် ကျုံးလီအာ၏ မျက်နှာလေးက သွေးမရှိသကဲ့သို့ ဖြူစုတ်သွားသည်။ မိန်းမဝကြီးကို မြင်လိုက်ရသည်နှင့် ဤကိစ္စအားလုံးက မိန်းမဝကြီး သွေးထိုးသောကြောင့် ဖြစ်လာမှန်း သူမ ရိပ်မိလိုက်သည်။
ဖန်းရီပေါ်၊ အားပင်း၊ ဖေးဖေးနှင့် အခြားသူများသည် အဆိပ်မိကျောင်း၏ စကားကို ကြားသည်နှင့် ချက်ချင်း နောက်ဆုတ်ကာ ယဲ့ဖန်နှင့် ဝေးရာသို့ ရှောင်သွားကြသည်။ ယဲ့ဖန်ကြောင့် သူတို့ပါ ထိခိုက်မည်ကို ကြောက်နေကြ၏။
“ဟေ့၊ ဟိုကောင်လေး၊ မင်း မထင်ထားဘူးမလား၊ နေ့လယ်က မင်း အရှက်ခွဲလိုက်တဲ့လူက ငါ့ဝမ်းကွဲအစ်မပဲ”
အဆိပ်မိကျောင်းက ယဲ့ဖန်အား ရတနာတစ်ခုကို ကြည့်နေသကဲ့သို့ စိတ်လှုပ်ရှား၍ လောဘတက်သော အကြည့်များဖြင့် ကြည့်လာသည်။
“အခု ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်၊ ငါ့ဝမ်းကွဲအစ်မရှေ့ ဒူးထောက်ပြီး တောင်းပန်လိုက်၊ ပြီးရင် မင်းရဲ့ တော်ဝင်ဟင်းလျာ အမွေအနှစ်ကို လွှဲပေး၊ ဒါဆိုရင် ငါ မင်းကို မသတ်ဘဲ ထားပေးမယ်”
“မဟုတ်လို့ကတော့ ဒီနေ့ ငါ မင်းတင်မကဘဲ မင်းဘေးက လူတွေကိုပါ အရေခွံ စုတ်ပစ်မယ်”
ထိုစကားကြောင့် ဖန်းရီပေါ်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ အဆိပ်မိကျောင်း ပြောနေသည်က ကျုံးလီအာနှင့် သူတို့ဖြစ်ကြောင်း ရိပ်မိလိုက်ပြီး သေမတတ် ကြောက်လန့်လာကြသည်။
“အရှင် အဆိပ်မိကျောင်း၊ ကျွန် … ကျွန်တော် ယဲ့ဖန်နဲ့ မသိပါဘူး၊ ဒါ ကျွန်တော်နဲ့ မဆိုင်ပါဘူး”
“ကျွန်တော်လည်း သူ့ကို မသိပါဘူး၊ အဆိပ်မိကျောင်း အသက်ချမ်းသာပေးပါ”
လက်ရှိအချိန်တွင် ဖန်းရီပေါ်၊ အားပင်းနှင့် အခြားသူများသည် ယဲ့ဖန်နှင့် ဆက်ဆံရေးကို ဖြတ်တောက် လာကြသည်။ သူတို့အားလုံး ချွေးပြန်နေပြီး ဖြူရော်နေသော မျက်နှာနှင့် ယဲ့ဖန်ကို ပြောလာသည်။
“ယဲ့ဖန်၊ မင်း ငိုင်တွေပြီး ဘာလုပ်နေတာလဲ၊ မြန်မြန် ဒူးထောက်ပြီး အမှားကို ဝန်ခံလိုက်လေ”
“…”
ဖန်းရီပေါ်နှင့် အခြားသူများက ယဲ့ဖန်ကို အော်ဟစ်နေကြသည်။ သူတို့စိတ်ထဲတွင် အဆိပ်မိကျောင်းက လူတစ်ရာကျော် ခေါ်လာသဖြင့် ကင်းမြီးကောက် လူသတ်သမားက သန်မာသော်လည်း သူ့လက်အောက်၌ လူဆယ်ဂဏန်းမျှသာ ရှိဖြင့် ရှုံးလိမ့်မည်ဟု ထင်နေလေသည်။
ထို့ကြောင့် လက်ရှိတွင် သူတို့က ယဲ့ဖန်အား မိန်းမဝကြီးကို တောင်းပန်စေချင်နေ၏။ သို့မှသာ သူတို့ မထိခိုက်ဘဲ အန္တရာယ်ကင်းလိမ့်မည်ဟု ထင်နေကြသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now