Chapter 1149

338 44 0
                                    

စာစဉ် 77 Chapter 1149 အသုံးမကျလိုက်တာ

*ဖျင်ယန်တောင်ရဲ့ နံပါတ်နှစ် ပါရမီရှင်က ဒီလိုမျိုး သေသွားရတာလား*
ဤအဖြစ်အပျက်၏ သက်ရောက်မှုက ပြင်းထန်လွန်းလှသဖြင့် လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွား ရသည်။
လီဝေ့၏ ခွန်အားက ယဲ့ယွင်ထျန်းမျှ မသန်မာသော်လည်း သူသည် ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေသော လူဖြစ်သည်။ ထိုသို့သောလူက လက်တစ်ဖက်တည်းနဲ့ အသာလေး အသတ်ခံလိုက်ရတယ်တဲ့လား။
ဟွိုင်အန်း စီရင်စုတစ်ခုလုံး တစ်ဒင်္ဂမျှ တိတ်ဆိတ် ငြိမ်သက်သွားသည်။ ဖန်သားပြင်မှတစ်ဆင့် ကြည့်နေသော လူများအားလုံး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားသည်ဟု ခံစားလိုက်ရသည်။
*ဒီကောင်က တော်တော် သန်မာပြီး ကြောက်စရာကောင်းတာပဲ*
*သူ့နည်းလမ်းတွေက ရက်စက်လွန်းတယ်*
ယဲ့ဖန်လက်ထဲမှ သွေးတတောက်တောက် ကျနေသော အလောင်းကိုကြည့်ပြီး သူတို့အားလုံး ပျို့တက်လာသလို ခံစားလိုက်ရသည်။
*သွေးဆာပြီး ရက်စက်တယ်*
*ပြီးတော့ အဲ့ကောင်ရဲ့ အမူအရာက အစကနေ အဆုံးထိ တည်ငြိမ်လွန်းနေတာပဲ*
*သူ့ပုံက ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သလိုပဲ*
*ဒီလူက လုံးဝကို နတ်ဆိုးပဲ*
လက်ရှိအချိန်တွင် မီယာအိုကဲ၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း ချန်နယ်၌ ကြည့်နေသော ပရိသတ်များအားလုံး ငြိမ်နေကြပြီး ချန်နယ်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်နေ၏။
အချိန်အတော်ကြာပြီးနောက် စာတိုတစ်ခု ပေါ်လာသည်။
“ကြမ်းတယ်၊ လွှမ်းမိုးနိုင်လွန်းတယ်၊ ရူးနေပြီ၊ ရုတ်တရက်ကြီး ငါ သူ့ကို ချစ်မိသွားတယ်”
ထိုစာတို ပေါ်လာပြီးနောက် တိုက်ရိုက် ထုတ်လွှင့်ခြင်း ချန်နယ်မှ ပရိသတ်များလည်း သတိပြန်ဝင်လာပြီး စာတိုများ ဆက်တိုက် ပို့လေသည်။
“အား … မြတ်စွာဘုရားရေ … ယဲ့ဖန်က စစ်နတ်ဘုရားတစ်ပါးလိုပဲ”
“ငါ အရင်က သူ့ကို အထင်သေးခဲ့မိတယ်၊ သူက ဒီလောက် သန်မာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“…”
လက်ရှိအချိန်တွင် စာတိုများ တစ်စောင်ပြီး တစ်စောင် တက်လာကာ ဖန်သားပြင် အပြည့် ဖြစ်နေပြီး ပရိသတ်များအားလုံးက ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားအပေါ် ထိတ်လန့်၍ လေးစားသော မှတ်ချက်များဖြင့် ပြည့်နေ၏။
ထိုစာတိုများကို ကြည့်ပြီး သိုင်းလောက အစီအစဉ် တင်ဆက်သူ မိန်းမလှလေး မီယာအိုကဲက ယင်ကောင်ကို စားလိုက်မိသကဲ့သို့ ဖြစ်နေပြီး မျက်နှာတစ်ခုလုံး ပျက်ယွင်းနေလေသည်။
တိုက်ရိုက် ထုတ်လွှင့်ခြင်း စတင်သည်နှင့် သူမ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို အရှက်ကွဲလိမ့်မည်ဟု ထင်မထား မိပေ။ သူမသည်သာမက ထုတ်လွှင့်ခြင်း မစခင်၌ ပြုံးနေသော လောင်းကစား ကုမ္ပဏီများ၏ သူဌေးများသည်လည်း အပြုံးများ အေးခဲသွားသည်။
*ဈာန်ဝင်စားခြင်းအဆင့် ရောက်တော့မယ့် ပါရမီရှင်က ယဲ့ဖန်ရဲ့ လက်ထဲမှ ပြန်တိုက်ဖို့ ခွန်အားတောင် မရှိတော့ ဘူးလား*
ဤသည်က သူတို့၏ စိတ်ထဲ၌ လေးလံသော ခံစားချက်များ ဖြစ်ပေါ်လာစေသည်။
“မဟုတ်ဘူး ယဲ့ဖန် သေချာပေါက် ရှုံးမှာ၊ သေချာပေါက်”
လောင်းကစား ကုမ္ပဏီ၏ သူဌေးများအားလုံး စိတ်ထဲမှ ကြုံးဝါးနေမိသည်။ အကယ်၍ ယဲ့ဖန်သာ နိုင်သွားပါက သူတို့အားလုံး ဒေဝါလီ ခံသွားရမည် ဖြစ်ပြီး ကျုံးကျိုး အင်ပါယာ တစ်ခုလုံး၏ မြေအောက် လောင်းစကားနယ်ပယ် တစ်ခုလုံး ဖယ်ရှားခံရလောက်သည်။ ဆုံးရှုံးမှုက တိုင်းတာမရလောက်အောင်ပင်။
“ယဲ့ယွင်ထျန်း ဘယ်မလဲ”
ထိုစဉ် တူညီသော မေးခွန်းသံ ထွက်ပေါ်လာသဖြင့် ထိတ်လန့် ချောက်ချားလာကြသည်။ ယဲ့ဖန်၏ လွှမ်းမိုးနိုင်သော ဒေါသသံက ယွင်ရန်တောင်၏ တပည့်ဂိုဏ်းသားများအား ဒေါသထွက်သွားစေသဖြင့် ဆဲဆိုလာ၏။
“လူညစ်ကောင် အဲ့ကောင်က အငိုက်ဖမ်းတိုက်လို့ နိုင်သွားတာ၊ ဘာတွေကို ရူးနေကြတာလဲ”
“ဟုတ်တယ် သူက ချောင်းတိုက်လို့ နိုင်သွားတာ၊ စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့တယ်၊ ဘာသံမှမပေးဘဲ ရုတ်တရက်ကြီး ထတိုက်တာ၊ မင်း အရှက်မဲ့တယ်ဆိုတဲ့ စကားကို ဘယ်လိုရေးလဲရော သိရဲ့လား”
“အရှက်မဲ့တဲ့ကောင်၊ မင်း သိက္ခာရှိရှိ တိုက်မယ်ဆိုရင် လီဝေ့ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး”
ယွင်ရင်တောင်၏ တပည့်ဂိုဏ်းသားများ ဆက်တိုက် အော်ပြောလာသည်။ သူတို့အတွက် သည်းမခံနိုင်သော ကိစ္စမှန်း သိသာလှသည်။ ဤသည်က သူတို့ ယွင်ရင်တောင်၏ သိက္ခာကျဆင်းအောင် လုပ်လိုက်သည် မဟုတ်ပါ တကား။
ဒုန်း!
ပြင်းထန်သော ခြေသံကြောင့် ယွင်ရင်တောင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။
“မျိုးမစစ်ကောင် မင်းက ယွင်ရင်တောင်ရဲ့ ပါရမီရှင်ကို ဒီလို စက်ဆုပ်စရာကောင်းတဲ့ နည်းနဲ့ သတ်ပစ်တယ် ပေါ့လေ”
“ဒီနေ့ ဒီလူအိုကြီးက မင်းကို စည်းကမ်းဆိုတာ ဘာလဲသိအောင် သင်ပေးမယ်”
ကြံ့ခိုင်သန်မာသော လူအိုကြီးတစ်ယောက်က ဓားတစ်လက်နှင့်အတူ ရှေ့ထွက်လာ၏။ သူသည် ယွင်ရင်တောင်၏ စောင့်ရှောက်သူများထဲမှ တစ်ယောက် ဖြစ်သည်။
“ဓားနတ်ဆိုး ဟွမ်လုံရှန်”
ထိုလူကိုမြင်သည်နှင့် ပွဲကြည့်ပရိသတ်များအားလုံး ဆူညံပွက်လောရိုက်လာသည်။ ချန်နယ်မှ ကြည့်နေသည့် လူများအားလုံး ကြောက်စိတ်များဖြင့် ပြည့်နှက်လာပြီး အားလုံး တုန်ယင်ကာ နေရာမှာတင် အသံပင် မထွက်နိုင် တော့ချေ။
ထိုသူသည် ဒဏ္ဍာရီလာ လက်တစ်ဖက် ဓားသမား ဖြစ်ပြီး ဓားသိုင်းဖြင့် သိုင်းလောက၌ အထွတ်အထိပ် ရောက်နေသူ ဖြစ်သည်။
သူသည် ဟွိုင်အန်း စီရင်စု၏ ဓားသမား ဖြစ်သည်။ သူ့ကိုယ်သူ ဒုတိယအဆင့် ဓားသမားဟု သတ်မှတ်ထားလျင် မည်သူမှ ပထမအဆင့် ဓားသမားဟု ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ရဲကြပေ။
တစ်ချိန်က ဟွမ်လုံရှန်သည် ဓားတစ်လက်တည်းဖြင့် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင် အယောက် နှစ်ဆယ်ကျော်ကို သတ်ပစ်ခဲ့ပြီး ထိုတိုက်ပွဲက ထိတ်လန့်စရာ ကောင်းခဲ့သည်။ သူ၏ ဓားချက်အောက်၌ စိတ်ဝိညာဉ်ပင် မကျန်ရစ်ခဲ့တော့ချေ။
“ဟားဟားဟား … တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံနေတဲ့ ဟွမ်လုံရှန် ထွက်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒီကောင်က သူ့ကို စိတ်တိုအောင် လုပ်လိုက်ပြီဆိုတော့ နုတ်နုတ်စင်း ခံရတော့မယ် ထင်တယ်”
“ဟားဟားဟား … ဒီကောင် သွားပြီထင်တယ်၊ ယဲ့ယွင်ထျန်းကို မတွေ့ရသေးဘဲ ဒီနတ်ဆိုးနဲ့ အရင်တွေ့ရတယ်လို့၊ ဒီနေ့ သေခြင်းရှင်ခြင်း တိုက်ပွဲက ဇာတ်လိုက်တွေ ပြောင်းပြီထင်တယ်”
လှောင်ပြောင်သော စကားသံများက ယဲ့ဖန်၏ နားစည်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာ၏။ သူ့ထံသို့ အထင်သေးသော အကြည့်များက ဆက်တိုက် ကျရောက်လာလေသည်။ ဟွမ်လုံရှန်သည် လီဝေ့နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ယဲ့ဖန်က တင်းမာခက်ထန်သော အကြည့်များဖြင့် ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။
“မင်းက ငါ့ကို တားချင်တာလား”
“နဂါးနတ်ဆိုးလေခွင်းဓားချက်”
ယဲ့ဖန်က သူ့ကို ထိုလေသံဖြင့် ပြောလာသဖြင့် ဟွမ်လုံရှန် ဒေါသထွက်သွားသည်။ ယဲ့ဖန်အား အပြင်လောက၌ သူ့ထက် သာသောသူ၊ သူ့ထက် မိုးမြေမက ကွာသောသူ ရှိကြောင်း သူ သိစေချင်၏။
ကောင်းကင်ယံသို့ နဂါးသံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ လေပြင်း တိုက်ခတ်လာပြီး ၎င်းလေပြင်းက ယဲ့ဖန်အား ချက်ချင်း ရစ်ပတ်လာ၏။ ထိုဓားချက်သည် သုံးရာ့ခြောက်ဆယ် ဒီဂရီထိ သက်ရောက်ပြီး ထိုဓားချက် သက်ရောက်သည့် နေရာတိုင်း၌ မသေသူ မရှိပေ။
ဓားသံက လူတိုင်း၏ နားစည်ကို ရိုက်ခတ်နေ၏။
*သေပြီ*
*ဒီကောင် သေချာပေါက် သေပြီ*
အားပင်းနှင့် ဖန်းရီပေါ်တို့က ဝမ်းသာအားရဖြစ်နေသော အပြုံးများ ပြုံးနေကြသည်။ သူတို့သည် ယဲ့ဖန် ရှစ်ပိုင်း ပိုင်းခံရပြီး သွေးများ ပန်းထွက်လာပြီဟု မြင်ယောင်နေကြသည်။
ထိုစဉ် ယဲ့ဖန်က လက်ကိုမြှောက်၍ ရှေ့သို့ အသာကာလိုက်သည်။ ထိုအခါ လေပြင်းက တိခနဲ ငြိမ်သက်သွားပြီး အသံအားလုံး တိတ်ကျသွားသည်။
ဟွမ်ဟူဖာ တစ်ကိုယ်လုံး အေးစိမ့်သွားပြီး သွေးပျက်လာ၏။ ဤသည်မှာ သူ၏ အားအပြင်းဆုံး သိုင်းကွက် ဖြစ်ပြီး လောကထဲမှ ဓားသမားများကို ခုတ်ပိုင်းခဲ့နိုင်သည်။ သို့သော် ယဲ့ဖန်ထံတွင် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
ထိုအခိုက်တွင် လူတိုင်း မျက်လုံးပြူးကျယ်သွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ချောက်ချားသွားလေသည်။
*ဓားနတ်ဆိုးရဲ့ ဓားချက်ကို ယဲ့ဖန်က လက်တစ်ဖက်တည်းနဲ့ တားဆီးလိုက်တာလား*
*ဓားနတ်ဆိုးရဲ့ ဓားချက်က အမြဲတမ်း တားမရ ဖြစ်ခဲ့တာလေ*
*အဲ့ဒါကြောင့်ပဲ သူက ဒဏ္ဍာရီလာလူ ဖြစ်နေတာ*
*အခု အဲ့ဒဏ္ဍာရီက အဆုံးသတ်သွားတာလား*
ဓားနတ်ဆိုး၏ ဓားချက်ကို ဖျက်ဆီးနိုင်သည့် မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာလေပြီ။ ထို့အတူ တားဆီးသည့် နည်းလမ်းကလည်း လွယ်ကူ၍ ရိုးစင်းလှသည်။
“မင်းဓားချက်က အသုံးမကျလိုက်တာ”
“မင်းဓားသိုင်းကလည်း ဆိုးရွားတယ်”
“မင်းကိုယ်တိုင်လည်း အသုံးမကျဘူး”
သူ့စကား သုံးခွန်းလုံးက ဆိုးရွားသော မှတ်ချက်များ ဖြစ်သဖြင့် လူတိုင်း မှင်တက်သွားကြသည်။
*သူက ဂုဏ်သတင်း ကြီးတဲ့ ဓားသမားလေ၊ ဟွိုင်အန်းမြို့က အတော်ဆုံး ဓားသိုင်းပညာရှင်လေ၊ ဘယ်သူက သူ့ကို အနိုင်မယူနိုင်ဘူးလေ*
*ဒါပေမဲ့ ယဲ့ဖန်ရဲ့ မျက်လုံးထဲမှာ အဲ့လောက်တောင် ဆိုးရွားတာလား*
ထိုအခိုက်တွင် ဟွမ်လုံရှန်၏ မျက်နှာက မည်းမှောင်ကာ သုန်မှုန်နေ၏။ မည်သူမှ သူ့ကို ဤသို့ မစော်ကားရဲခဲ့ချေ။ ဤသည်က သူ့အား အလွန် ဒေါသထွက်စေသည်။
ချက်ချင်းဆိုသလိုပင် ဟွမ်လုံရှန်၏ မျက်လုံးများက တင်းမာ ခက်ထန်လာပြီး အော်ဟစ်လိုက်သည်။
“သတ်မယ်၊ ငါ မင်းကို အသားပြား ဖြစ်အောင် သတ်ပစ်မယ်ကွ”
သူသည် ဒေါသတကြီးဖြင့် လက်ထဲမှဓားကို ဝင့်၍ ပြင်းထန်သော အရှိန်အဝါဖြင့် ယဲ့ဖန်အား သတ်ရန် ပြင်လေသည်။
“အသားပြားဖြစ်အောင် လုပ်မယ်တဲ့လား၊ သိပ်ကောင်းတယ်”
ယဲ့ဖန်ကလည်း ရယ်မောလေသည်။ သူ့ရယ်သံက ကြောက်စရာကောင်းလှသည်။ ဟွမ်လုံရှန်၏ ဓားက ယဲ့ဖန်၏ ဦးခေါင်းပေါ် ကျတော့မည့်အချိန်၌ ယဲ့ဖန်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထို့နောက် ဟွမ်လုံရှန်၏ အနောက်၌ ပြန်ပေါ်လာသည်။
*မကောင်းတော့ဘူး*
ဟွမ်လုံရှန် ကြက်သီးထသွားပြီး မျက်လုံး၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ သူ နောက်ပြန်လှည့်၍ ပြန်တိုက်ရန် ပြင်လိုက်ချိန်တွင် လက်တစ်ဖက်က သူ့အား ဒေါသတကြီး ဖုံးလွှမ်းလာပြီး မရဏ အငွေ့အသက်များ လွှမ်းခြုံလာ၏။
“ဖောင်း”
ယဲ့ဖန်၏ လက်ဝါးချက်အောက်၌ ဟွမ်လုံရှန်တစ်ကိုယ်လုံး အရိုက်ခံရပြီး ပြားချပ်သွားလေသည်။
*အသားပြား*
*တကယ်ကြီးကို အသားပြားလို ဖြစ်သွားပြီ*
လူတိုင်း ဤမြင်ကွင်းကြောင့် ထိတ်လန့်ကာ ကြောက်လန့်တကြား ထအော်လေသည်။
*တစ်ချက်တည်း*
*တစ်ချက်တည်းနဲ့ ဓားနတ်ဆိုး ဟွမ်လုံရှန်ကို သတ်လိုက်ပြန်ပြီ*
*ဘာလို့ ဒီလူက ဒီလောက် သန်မာရတာလဲ*
*မယုံနိုင်စရာပဲ*
ဟွမ်လုံရှန် သေဆုံးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်ခြင်းမှ ကြည့်နေသောလူများအားလုံး အိပ်မက် မဟုတ်ကြောင်း သတိဝင်လာကြသည်။ ယဲ့ဖန်သည် ဒဏ္ဍာရီလာ ဟွမ်လုံရှန်အား တကယ် ရိုက်သတ်လိုက်ခြင်းပင်။ လူတိုင်း မျက်လုံးပြူးသွားပြီး မယုံကြည်နိုင် ဖြစ်နေ၏။
လက်ရှိတွင် သူတို့သည် ယဲ့ဖန်အား အမှိုက်ကောင်ဟု မသတ်မှတ်တော့ဘဲ ကြောက်ရွံ့စွာ ကြည့်လာကြသည်။ ပွဲကြည့်ပရိသတ်များ ငြိမ်သက်နေပြီး ဤနတ်ဆိုးပေါက်စကိုသာ ကြည့်နေမိသည်။
သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော မရဏ အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် လူတိုင်း တုန်လှုပ်သွားရသည်။ ထိုစဉ် ယဲ့ဖန်က ယွင်ရင်တောင်၏ အကြီးအကဲများကို တင်းမာသော အကြည့်ဖြင့် လှမ်းကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“အချိန်ဖြုန်းမနေနဲ့၊ အတူတူ တက်လာကြ”
“ပြီးရင် … အတူတူ သေလိုက်တော့”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now