Chapter 1168

359 45 0
                                    

စာစဉ် 78 Chapter 1168 ဒါဆိုလည်း … သတ်ရတာပေါ့

ထိုအခိုက်တွင် လူတိုင်း သူ့စကားကြောင့် ထိတ်လန့်သွားကြသည်။
*ယဲ့ဖန်က စွန်းထျန်းပေါင်ကို ဘယ်လိုတောင် ပြောရဲရတာလဲ၊ သူက ဟွာချင်ဂိုဏ်းရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတာကို မသိဘူးလား*
ယခု ဟွာချင်ဂိုဏ်း၏ တံခါးဝ၌ ရှိနေသဖြင့် စွန်းထျန်းပေါင်၌ လုပ်ပိုင်ခွင့် ရှိလေသည်။ အကယ်၍ သူသာ တစ်ယောက်ယောက်ကို သေစေချင်လျင် စကားတစ်ခွန်းတည်းသာ လိုအပ်သည်။
*ဒီကောင်ကတော့ ဗီယင်ကျန်းနန်းတော်ကို ရန်စပြီးတာနဲ့ ဟွာချင်ဂိုဏ်းတံခါးဝမှ ထပ်ပြီး ရန်စပြန်ပြီ*
*သေတွင်းတူးတယ်ဆိုတာ ဘာလဲ သူ မသိဘူးလား*
ထိုအခိုက်တွင် စွန်းထျန်းပေါင်သည်လည်း ဒေါသထွက်ကာ ထအော်လိုက်သည်။
“မင်း ငါ့ကို ဒီလို ပြောရဲတယ်လား”
*ခြေသလုံးအိမ်တိုင် သိုင်းသမားလေးက ငါ့ကို မလေးမစား လုပ်ရဲတယ်ပေါ့လေ*
ယဲ့ဖန် ရယ်ချင်သွားသည်။
“သူ ကျုပ်ကို သတ်ဖို့ တခြားလူကို ခိုင်းတာပဲ၊ ခင်ဗျားမှ မမြင်တာ၊ ကျုပ် သူ့ကို သတ်မယ်ဆိုမှ ခင်ဗျား ကျုပ်ကို ရပ်ဖို့ ပြောတယ်ပေါ့ ဘာအကြောင်းပြချက်နဲ့လဲ”
“မင်းက အမှိုက်ဖြစ်နေလို့လေ အကြောင်းပြချက်က အဲ့ဒါပဲ”
စွန်းထျန်းပေါင်က သူ့ကို ခပ်မာမာကြည့်၍ အော်ငေါက်လိုက်သည်။
*ခြေသလုံးအိမ်တိုင် သိုင်းသမားလေးက ငါ့ကို မေးခွန်း ပြန်ထုတ်ရဲတယ်လား*
*သူက ဘာမို့လို့လဲ*
“ဪ … ဒါဆို မိသားစုမရှိ၊ ဂိုဏ်းတစ်ခုခုထဲလည်း မဝင်နိုင်တဲ့သူက စော်ကားခံရဖို့ ကံပါလာပြီးသားလား၊ အထင်သေးခံရသင့်တယ်ပေါ့”
ယဲ့ဖန် ပြုံးလိုက်ပြီး ကျန်းယုရုန်ကို လက်ညှိုးထိုးလိုက်သည်။
“သူက ဂိုဏ်းတစ်ခုက လာတာ ဖြစ်နေတာနဲ့ပဲ သူ လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်ပေါ့”
“အဲ့တော့ ဘာဖြစ်လဲ”
စွန်းထျန်းပေါင်က လှောင်ရယ်၍ ပြောလာသည်။
“မင်း အပြစ်တင်ချင်ရင် မင်းကိုယ်မင်းပဲ အပြစ်တင်၊ မင်းက သူဌေးသား မဟုတ်မှတော့ ဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ”
“ဒါမှမဟုတ် ငါ နင့်ကို သတ်ပေးရမလား ဒါမှ နင် ပြန်ဝင်စားနိုင်မှာလေ”
ကျန်းယုရုန်က ဆိုးယုတ်စွာ ပြုံးနေ၏။
“ပြဿနာက မင်းရဲ့ ဟွာချင်ဂိုဏ်းဖြစ်ဖြစ်၊ ဗီယင်ကျန်းနန်းတော် ဖြစ်ဖြစ်၊ အားလုံးက ငါ့မျက်စိထဲမှာ ပုရွက်ဆိတ်လို သေးငယ်တဲ့ အရာတွေပဲ”
ယဲ့ဖန်က မချိုမချဉ်ပြုံး၍ ရှေ့သို့ လှမ်းလိုက်သည်။ တောင်များ ပြိုပျက်သောအခါ ဖြစ်ပေါ်လာသည့် လေထုကဲ့သို့ အလွန် ပြင်းထန်၍ ကြောက်စရာကောင်းသော လူသတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာ၏။
“ပုရွက်ဆိတ်လိုကောင် မင်းက ငါ့ကို တားချင်တာလား ဒါဆို… နင်းချေလိုက်ရမှာပေါ့”
*ဘာ*
လူတိုင်း၏ မျက်နှာတွင် ချောက်ချားဟန်များ ထွက်ပေါ်လာသည်။
*ခြေသလုံးအိမ်တိုင် သိုင်းသမားက ဂိုဏ်းကြီးနှစ်ခုကို နင်းချေမယ်လို့ ပြောလိုက်တာလား*
*ဟာသပဲ*
*တကယ့် ဟာသကြီးပဲ*
“ငါ ရှိနေသရွေ့ မင်း သူ့ဆံပင်တစ်ချောင်းတောင် ထိဖို့မကြိုးစားနဲ့”
စွန်းထျန်းပေါင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ဒေါသူပုန်ထနေကြောင်း သိသာလှသည်။
*ဒီခြေသလုံး အိမ်တိုင်သိုင်းသမားကတော့ … သေပေတော့*
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်သည် နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားပြီး သာမန်မျက်လုံးနဲ့ပင် မမြင်နိုင်လောက်အောင် လျှပ်စီးသဖွယ် လှုပ်ရှားလာ၏။
“ဖြောင်း”
ထိုစဉ် ကျယ်လောင်သော ရိုက်နှက်သံ ထွက်ပေါ်လာပြီး ကျန်းယုရုန် ပါးရိုက်ခံလိုက်ရလေသည်။ သူမမျက်နှာတစ်ခုလုံး ရောင်ကိုင်းနေသည်။
“နင် … နင် ငါ့ကို ရိုက်လိုက်တာလား*
ကျန်းယုရုန် အမျက်ခြောင်းခြောင်း ထွက်သွားလေသည်။ ယဲ့ဖန်က သူမကို တကယ် ရိုက်ရဲလိမ့်မည်ဟု ထင်မထားမိပါ။ သူမက မလောက်လေး မလောက်စားကောင်ထံမှာ အရိုက်ခံလိုက်ရသည်တဲ့လား။
“မင်း သေပေတော့”
စွန်းထျန်းပေါင် တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ ကျန်းယုရုန်ကို ဆံပင်တစ်ချောင်းပင် အထိမခံဟု ပြောခဲ့သော်လည်း ယဲ့ဖန်က ချက်ချင်း အနားရောက်လာပြီး ကျန်းယုရုန်ကို ပါးချလိုက်သေးသည်။ ပို၍ အရေးပါသော အဖြစ်မှာ ယဲ့ဖန် ဘယ်လိုလုပ်လိုက်မှန်း သူတောင်မှ မသိပေ။ ဘေးလူများလည်း အံ့ဩ သွားကြသည်။
*ဒီယဲ့ဖန်တော့ တကယ် ရူးသွားပြီပဲ*
*ဒီပုံနဲ့ဆို ဗီယင်ကျန်း နန်းတော်တင်မကဘဲ ဟွာချင်ဂိုဏ်းပါ ပါလာပြီ*
*အခု စွန်းထျန်းပေါင် ဒေါသထွက်နေပြီဆိုတော့ သူ ဟွာချင်ဂိုဏ်းကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့က ပြဿနာ ဖြစ်လာပြီ*
“ဘုန်း”
သို့သော် နောက်ထပ် ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။ ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ရုတ်တရက် ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကန်ထုတ်လိုက်သည်။ ထို့နောက် စွန်းထျန်းပေါင်တစ်ယောက် ဆယ်မီတာမက လွင့်ထွက်သွားပြီး နံရံနှင့် တိုက်မိကာ သွေးအန်လာ၏။
ခန်းမတစ်ခုလုံး တုန်ခါသွားပြီး အရာအားလုံး တိတ်ကျသွားသည်။ လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး ဤအဖြစ်အား တကယ် ဖြစ်သွားသည်ဟုပင် မယုံနိုင်ကြချေ။
*ယဲ့ဖန်က ကျန်းယုရုန်ကိုတင် မကဘဲ စွန်းထျန်းပေါင်ကိုပါ ချလိုက်တာလား*
*ဟွာချင်ဂိုဏ်းရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ စွန်းထျန်းပေါင်ကိုလေ*
*ဒီကောင်က ဟွာချင်ဂိုဏ်းကို အရှက်ခွဲလိုက်တာပဲ*
*ကိုယ့်သေတွင်း ကိုယ်တူးနေတာပါလား*
*ဒီကောင်သာ ဟွာချင်ဂိုဏ်းကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်မယ် ဆိုရင်တောင်မှ သူတို့ သူ့ခေါင်းကို ဖြတ်ပြီး ဘောလုံးလို ကစားလောက်တယ်*
*ခင်ဗျား လေကျယ်လွန်းတယ်*
ယဲ့ဖန်က အေးစက်စက် မျက်လုံးများနှင့် စွန်းထျန်းပေါင်ကို ကြည့်နေပြီး သူ့စကားတွင် အထင်သေးဟန်များ ပါဝင်နေ၏။
“သူ့ကိုသတ်၊ ငါ့အတွက် သူ့ကို သတ်လိုက်”
စွန်းထျန်းပေါင် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လေတော့သည်။ ယဲ့ဖန်ကို ဓားတစ်သောင်းဖြင့် ခုတ်ပိုင်းချင်စိတ်ပင် ပေါက်နေလေသည်။
“ကြီးကြပ်ရေးမှူးစွန်း ဆေးဖော်စပ်ခြင်း ညီလာခံက မကြာခင် စပါတော့မယ်၊ လုပ်ငန်းက အရေးကြီးပါတယ်”
ထိုသို့သောအချိန်၌ ငယ်သားတစ်ယောက်က သူ့ကို အလျင်အမြန် တားလေသည်။ ယခုတစ်ခေါက် ဆေးဖော်စပ်ခြင်း ညီလာခံသည် ဟွာချင်ဂိုဏ်းအတွက် အလွန် အရေးပါသော ကိစ္စရပ်ပင်။
အမှားတစ်ခုခုသာ ဖြစ်လာပါက စွန်းထျန်းပေါင် ဘယ်တော့မှ စားသောက်၊ သွားလာနိုင်မည် မဟုတ်ပါ။
“ချီးပဲ”
စွန်းထျန်းပေါင်၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေသည်။ သူ ယခု ယဲ့ဖန်ကို သတ်ချင်နေပါသည်။ သို့သော် ယနေ့ ကျင်းပမည့် ဆေးဖော်စပ်ခြင်း ညီလာခံတွင် အခြေအနေအားလုံးကို သူကိုယ်တိုင် တာဝန်ယူ ကြီးကြပ်မှ ရမည်။
“ဟေ့ကောင် မင်း သတ္တိရှိရင် ထွက်မသွားနဲ့၊ ညီလာခံပွဲ ပြီးတဲ့အခါကျရင် သေတာထက် ဆိုးတဲ့ဘဝက ဘာလဲဆိုတာကို မင်း သိအောင် ပြပေးမယ်”
စွန်းထျန်းပေါင်က သုန်မှုန်နေသော မျက်နှာဖြင့် ပြောကာ ခပ်သွက်သွက် ထွက်သွားလေသည်။ ကြောက်လန့်နေသော ကျန်းယုရုန်သည်လည်း ထွက်ပြေးလုမတတ် ခပ်သွက်သွက် လျှောက်သွားသည်။
သို့သော် ထိုသို့ထွက်သွားချိန်တွင် သူမက ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ဖုန်းဆက်နေသည်။ သူမမျက်နှာတွင် ထိတ်လန့်၍ မကျေမချမ်း ဖြစ်ဟန်များ ထင်ဟပ်နေ၏။
လူတိုင်းက ယဲ့ဖန်ကို ပြောင်စပ်စပ် မျက်နှာပေးဖြင့် ကြည့်နေကြသည်။ သူတို့အားလုံး ခေါင်းတခါခါနှင့် ဖြစ်နေကြပြီး ယဲ့ဖန်က သေခြင်းရှင်ခြင်းပင် မသိလောက်အောင် မိုက်လွန်းသည်ဟု ထင်နေကြလေသည်။
မူလ၌ ယဲ့ဖန် တစ်ယောက်တည်းသာ သေတော့မည် ဖြစ်သော်လည်း ယခုအခါတွင် သူ့မိသားစုနှင့် မိတ်ဆွေများပါ ထိခိုက်တော့မည့်ပုံပင်။
*ကိုယ့်ကိုယ်ကိုယ် မာန်တက်နေတဲ့ ဒီအရူးနဲ့ ရင်းနှီးတဲ့လူတိုင်း သေရတော့မှာပဲ*
သို့သော်ငြားလည်း ယဲ့ဖန်က အားလုံးကို လျစ်လျူရှုကာ ဟွာချင်ဂိုဏ်း၏ တံခါးထဲသို့ လျှောက်သွားလေသည်။
“ဒီကောင့်ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေတာလား၊ အခုထိ ထွက်မပြေးသေးဘူးလား”
“ထွက်ပြေးတယ် ဟုတ်လား၊ သူက ဟွာချင်ဂိုဏ်းနဲ့ ဗီယင်ကျန်းနန်းတော်ကို ရန်စလိုက်တာလေ၊ သူ ဘယ်ကို ထွက်ပြေးနိုင်မှာလဲ၊ ဟာဟားဟား … ငါ့အထင်တော့ သူ သေတော့မှာကို သိနေလို့ … ထွက်ပြေးဖို့ မစဉ်းစားတာပဲ ဖြစ်မယ်”
ထိုစဉ် ကြင်နာတတ်သော မျက်မှန်နှင့်လူငယ်လေးက ယဲ့ဖန်နားသို့ တိုးလာပြီး အထိတ်တလန့် ပြောလေသည်။
“ညီလေး မင်း အတင့်ရဲလွန်းမနေဘူးလား၊ ဂိုဏ်းနှစ်ခုကို တစိပြိုင်တည်း ရန်စနေတာ သူတို့ မင်းအပေါ် ပြန်လက်စားချေမှာကို မကြောက်ဘူးလား”
“မကြောက်ဘူး”
ယဲ့ဖန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ကို ကြင်နာစွာ သတိပေးသော ဤလူအပေါ် သူ ကောင်းမွန်သော အမြင်တစ်ချို့ ရှိလာ၏။
“မိုက်တယ်ကွာ”
တစ်ဖက်လူက ယဲ့ဖန်အား လက်မထောင်ပြ၍ သူ့ကိုယ်သူ အပြုံးနှင့် မိတ်ဆက်လိုက်သည်။
“ငါ့နာမည်က လီဟွမ်ရီ ကျင်းကျန်းမြို့သားပေါ့၊ မင်းနာမည်ကရော”
“ယဲ့ဖန် ဖျင်အန်းမြို့က”
“ဖျင်အန်းမြို့ကလား ပြီးတော့ မျိုးရိုးနာမည်ကလည်း ယဲ့မျိုးရိုးလား၊ မင်းက ယဲ့ဘုရင်ပေါ့လေ ဟားဟားဟား”
လီဟွမ်ရီက စနောက်သလို ပြောလေသည်။ ယဲ့ဘုရင်၏ နာမည်ကို ဟွိုင်အန်း စီရင်စုမှ လူတိုင်း သိနေပြီ ဖြစ်သည်။
ဟွိုင်အန်း စီရင်စုတစ်ခုလုံးက ယဲ့ဖန်ကို ရန်မစသင့်သည့် ကြယ်သုံးလုံးအဆင့် အန္တရာယ်ရှိသူဟု သတ်မှတ်ထားကြသည်။ သို့မဟုတ်ပါက ယွင်ရင်တောင်ကဲ့သို့ အဆုံးသတ်သွားနိုင်၏။ ထိုမကောင်းဆိုးဝါးအား ဒဏ္ဍာရီလာ ထိပ်သီးဂိုဏ်းကသာ ယှဉ်နိုင်မည်ဟု ခန့်မှန်းထားကြသည်။
ယဲ့ဖန်က ပြုံးလိုက်ပြီး ဘာမှမပြောချေ။
“နောက်တာပါ မင်းက ဘယ်လိုလုပ် ယဲ့ဘုရင် ဖြစ်နိုင်မှာလဲ၊ လောကကြီးမှာ ဒီလောက် တိုက်ဆိုင်တာမျိုး မရှိပါဘူး”
လီဟွမ်ရီက သူ့ကိုယ်သူ ပြန်ပြောနေ၏။ တစ်ခဏကြာသော် နှစ်ယောက်လုံး ခန်းမထဲသို့ ဝင်လာလိုက်သည်။ လက်ရှိတွင် ကျုံးကျိုး အင်ပါယာ၏ ဆေးပညာရှင်များ အားလုံး စုဝေးနေသဖြင့် လူတစ်ရာကျော် ရှိနေပြီး ခန်းမထဲ၌ ဆေးမီးဖိုများစွာ ရှိနေသည်။
ထိုစဉ် ကျန်းယုရုန်က ငယ်ရွယ်သော ပါရမီရှင် လူငယ်လေးတစ်ယောက်ထံ ပြေးဝင်၍ သူ့ရှေ့၌ ငိုနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ ထိုလူငယ် ပါရမီရှင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ထံ လျှောက်လာလေသည်။
ယဲ့ဖန်၏ မျက်လုံးများက ချက်ချင်း အေးစက်သွားသည်။
ဤယင်ကောင်များက စိတ်ပျက်စရာများကို ထပ်ခါထပ်ခါ လုပ်နေသဖြင့် သူ့စိတ်ရှည်မှုများ ကုန်ဆုံးသွားလေသည်။ သူ ကျိတ်ဦ သက်ပြင်းချလိုက်မိသည်။
*ဒါ ဗီယင်ကျန်းနန်းတော်လား*
*ဒါဆိုလည်း ဖျက်ဆီးရတာပေါ့*

ငရဲမှလာသောသူ (Chapter 1001-1200)Место, где живут истории. Откройте их для себя