Chapter 1055

379 34 0
                                    

စာစဉ် 71 Chapter 1055 သေရာမှ ပြန်ရှင်လာသူ

ရွှစ်!
အရေပြားကို ဖြတ်တောက်လိုက်သည့်အသံ ထွက်လာချိန်တွင် ထန်မင်လီနှင့် ထန်ယွင်အာတို့သည် မကြည့်ရက်သဖြင့် မျက်လုံး မှိတ်ထားလိုက်မိသည်။ သူတို့၏ မျက်နှာသို့ ပူနွေးသော သွေးစက်များပင် လာစဉ်သေး၏။ ဤသည်ကြောင့် သူတို့ ကြောက်လန့် တုန်လှုပ်သွားကြသည်။
“ငါတို့ကြောင့် သူ သေသွားတာ”
ထန်မင်လီ ခံရခက်သော အပြုံးမျိုး ပြုံးလိုက်သည်။ နောက်သေရမည့်လူက သူတို့ မြေးအဘိုး ဖြစ်ကြောင်း သိနေသဖြင့် မျက်လုံးပြန်ဖွင့်၍ သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
မျက်စိရှေ့မှ မြင်ကွင်းကို သေချာမြင်လိုက်ရသောအခါ ထန်မင်လီ တုန်လှုပ်သွားရသည်။
“ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ”
လက်ရှိတွင် ထန်မင်လီ မျက်လုံးကျွတ်ကျမတတ် ဖြစ်နေ၏။ သူသည်သာမက ဘေးနားမှ ထန်ယွင်အာ သည်လည်း မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။ မျက်စိရှေ့မှ သွေးသံရဲရဲ မြင်ကွင်းကြောင့် အိပ်မက်မက် နေသည်ဟုပင် ထင်မိသွားရသည်။
*သေသွားပြီ*
*တစ်ချက်တည်းနဲ့ ခေါင်းပြတ်သွားပြီပဲ*
ခေါင်းဖြတ်ခံလိုက်ရသူက ယဲ့ဖန် မဟုတ်ဘဲ သွေးဇီးကွက် လင်ဖေး ဖြစ်နေ၏။ ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်နှာချင်းဆိုင်၌ ခေါင်းပြတ်နေသော အလောင်းတစ်လောင်းက မတ်တပ်ရပ်နေသည်။
ဦးခေါင်းမဲ့နေသော လည်ပင်းမှ သွေးများက ရေတံခွန်သဖွယ် ဆက်တိုက် ပန်းထွက်နေ၏။ ဦးခေါင်းပြတ် တစ်လုံးကမူ မြေကြီးပေါ်သို့ ဘုတ်ခနဲ ကျလာသည်။ ထိုဦးခေါင်းပိုင်ရှင်မှာ သွေးဇီးကွက် လင်ဖေးပင်။
သွေးဇီးကွက် လင်ဖေး၏ မျက်နှာထားက ရယ်ချင်ပက်ကျိ မျက်နှာထား ဖြစ်နေဆဲဖြစ်ပြီး သေဆုံးချိန်အထိ တစ်ဖက်လူ ဘာလုပ်လိုက်လဲ သေချာမြင်လိုက်ပုံ မရချေ။
ထိုစဉ် ယဲ့ဖန် ရွှေရောင်ဓားတစ်လက်အား ကိုင်ထားသည်ကို မြေးအဘိုးနှစ်ယောက်လုံး သတိထား လိုက်မိသည်။ ဓားသွား၌ မိုးမြေအား လောင်ကျွမ်းစေနိုင်လောက်သည့် ယန်စွမ်းအင်များ ရှိနေပြီး လူတိုင်းအား အငွေ့အသက်နှင့်တင် အရည်ပျော်သွားနိုင်သည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေ၏။ ထိုဓားသွားမှ သွေးများ တတောက်တောက် ကျနေသေးသည်။
“သူ … သူက သွေးဇီးကွက် လင်ဖေးကို သတ်လိုက်တာလား”
ထန်မျိုးနွယ် မြေးအဘိုး နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဘုံကိုးပါး ယန်စွမ်းအင်ကို သူတို့ မမြင်နိုင်သောကြောင့် သာမန်လူငယ်လေးတစ်ယောက်က သွေးဇီးကွက် လင်ဖေးအား သတ်လိုက်သည်ကို အလွန် မယုံနိုင်ဖြစ်နေ၏။
သို့သော် ယဲ့ဖန်က မြေးအဘိုး နှစ်ယောက်လုံးကို မသိကျိုးကျွန် ပြုထားသည်။ သူသည် လက်ကိုလှုပ်ခါ၍ ရွှေရောင်ဓားကို ပြန်သိမ်းလိုက်ပြီးနောက် သုသာန်မြေထဲမှ ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။
ဒေါက် ဒေါက် ဒေါက်။
ယဲ့ဖန် ခက်ခက်ခဲခဲ ခြေလှမ်းလှမ်းနေရသည်။ ဤနေရာ၏ ဥပဒေသက သူ့အတွက် အလွန်ပြင်းထန် လှသဖြင့် လှုပ်ရှားရ ခက်နေ၏။
အစောပိုင်းက သူသာ ဘုံကိုးပါး ယန်စွမ်းအင်ကို မသုံးခဲ့ပါက သွေးဇီးကွက် လင်ဖေးကို သတ်နိုင်ခဲ့မည် မဟုတ်ပါ။
ယဲ့ဖန်၏ ကျောဘက်ကို မြင်လိုက်ရသောအခါ ထန်မြေးအဘိုး နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ ယဲ့ဖန်၏ နောက်ကျောသည် ထောင်ချီသော ဓားများဖြင့် အမွှန်းခံထားရပုံပေါ်ပြီး သွေးသံတရဲရဲနှင့် စုတ်ပြတ်နေကာ ပကတိအတိုင်း ရှိနေသော အရေပြားဟူ၍ မရှိပေ။
ကိုယ်ထဲမှ အရိုးတစ်ချို့ကိုပင် သေချာမြင်နေရသည်။ သာမန်လူတစ်ယောက်သာ ဤသို့ ဖြစ်နေပါက ဒဏ်ရာများကြောင့် အခါတစ်ထောင်မက သေသွားလောက်လေပြီ။
“လူ … လူကြီးမင်းလေး နေပါဦး”
ထိုစဉ် ထန်မြေးအဘိုးနှစ်ယောက်က ဘာကိုမှ မတွေးနိုင်တော့ဘဲ ယဲ့ဖန်ကို အလျင်အမြန် လှမ်းအော် ပြောလိုက်သည်။
ယဲ့ဖန်သည် သူတို့၏ ကယ်တင်ရှင် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူ ဤသို့ ထွက်သွားခြင်းမျိုး သူတို့ အဖြစ်မခံနိုင်ပါ။ ယဲ့ဖန်ကမူ နားမကြားသကဲ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်နေ၏။
“လူကြီးမင်းလေးရဲ့ နာမည်လေးကိုများ မေးခွင့်ရှိမလား”
ထန်မင်လီက သူ၏အပြုအမူကြောင့် စိုးရိမ်စွာ အော်မေးလိုက်သည်။ သို့သော် ယဲ့ဖန်သည် သူ၏မြင်ကွင်းထဲမှနေ၍ အစအနမရှိအောင် ပျောက်ကွယ်သွားလေသည်။
ထန်မြေးအဘိုး နှစ်ယောက်လုံး အံ့ဩသွားကြသည်။ ထန်မျိုးနွယ်သည် ဖျင်အန်းမြို့၏ အုပ်ချုပ်သူ ဖြစ်သည်။ သာမန်လူတစ်ယောက်သာ ထန်မျိုးနွယ်၏ မြေးအဘိုးနှစ်ယောက်နှင့် စကားပြောခွင့် ရမည်ဆိုပါက အချိန်အတော်ကြာ ကြွားလုံးထုတ်နေလောက်သည်။ ထို့အပြင် အသက်ကယ်ခဲ့သည့် ကျေးဇူးကြွေးလည်း ရှိနေသည် မဟုတ်ပါတကား။
သို့သော် ယဲ့ဖန်ကမူ ထန်မျိုးနွယ် မြေးအဘိုးနှစ်ယောက်အား ဖျင်အန်းမြို့၌ မည်မျှ အင်အားကြီးသော မျိုးနွယ် ဖြစ်နေပါစေ သူ့အမြင်၌ ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော တည်ရှိမှုဟု ထင်မှတ်ထားပုံ ပေါ်နေပြီး လှည့်ပင်မကြည့်ချေ။
“ထူးဆန်းလိုက်တဲ့လူ”
ထန်ယွင်အာ အောင့်သက်သက် ပြုံးလိုက်မိသည်။ အသက်ကယ်ပေးသော်လည်း နာမည်ပင် ပြောမသွား သည့်လူအား သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
“အဘိုး သူ မြေကြီးထဲက ထွက်လာတာကို အဘိုး ဘယ်လိုထင်လဲ၊ သူက ယဲ့မိသားစုနဲ့ တစ်ခုခု ပတ်သက်နေတာလား”
“ဒါမှမဟုတ် ယဲ့မိသားစုရဲ့ ဘိုးဘေးတစ်ယောက် ပြန်မွေးဖွားလာတာများလား”
ထိုသို့ပြောနေချိန်တွင် ထန်ယွင်အာ မျက်မှောင်ကြုတ်နေမိသည်။ သူမ၏ စိတ်ထဲတွင် ယဲ့ဖန်သည် ဘုံကိုးပါး ဧကရာဇ်က သူမကို ကယ်တင်ရန် စေလွှတ်လိုက်သည့် နတ်မင်းတစ်ပါးဟု မှတ်ယူနေ၏။ ယဲ့ဖန်က ဘုံကိုးပါး ဧကရာဇ် ဖြစ်သည်ကိုသာ သူမ သိသွားပါက သေမတတ် ကြောက်လန့် သွားလောက်သည်။
မြေးဖြစ်သူ၏ စကားကြောင့် ထန်မင်လီက ခေါင်းခါပြသည်။
“မဖြစ်နိုင်ဘူး၊ အဲ့လူဆီကနေ အဘိုး ပုပ်သိုးယိုယွင်းနေတာမျိုး မခံစားရဘူး”
“ယဲ့မိသားစုရဲ့ ဘိုးဘေး ပြန်ရှင်လာတာသာဆိုရင် သူ့ဆီမှာ ပုပ်သိုးနေတဲ့အနံ့မျိုး ရှိနေရမှာလေ”
ထိုသို့ပြောလိုက်ပြီးနောက် ထန်မင်လီသည် သွေးဇီးကွက် လင်ဖေး၏ အလောင်းကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။ ထိုသို့ကြည့်လိုက်မိပြီးနောက် သူ ခြောက်ခြားသွားရသည်။
“သူ့ကိုယ်ထဲမှ ယန်စွမ်းအင် စီးနေတာလည်း မရှိတာ သိသာနေတာဆိုတော့ သူက သာမန်လူ တစ်ယောက်ပဲလေ၊ ဘာလို့ သူက သွေးဇီးကွက် လင်ဖေးကို သတ်နိုင်ရတာပါလိမ့်”
သူ၏စိတ်ထဲတွင် ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားက ပဟေဠိ ဖြစ်နေ၏။ မြေးအဘိုးနှစ်ယောက်သား ယဲ့ဖန်၏ နောက်ခံကို ခန့်မှန်းနေစဉ်တွင် ဘေးပတ်လည်မှ ခြေသံများ ထွက်ပေါ်လာသည်။ မီးရောင်များနှင့်အတူ လူဆယ်ယောက်ကျော်မျှ လျင်မြန်စွာ ရောက်လာကြသည်။
“ဘယ်သူလဲ၊ ဘယ်လိုကောင်က ငါတို့ ယဲ့မိသားစုရဲ့ ဘိုးဘွားသုသာန်မှာ လာပြဿနာရှာရဲတာလဲ”
ထိုသိုင်းပညာရှင်များတွင် ယန်စွမ်းအင်များ ပြည့်နှက်နေသဖြင့် ကြောက်စရာကောင်းလှသည်။ သို့ရာတွင် ထန်မင်လီတို့ မြေးအဘိုးနှစ်ယောက်ကို မြင်လိုက်ရသောအခါ သူတို့ ထိတ်လန့်သွားကြသည်။
“လူကြီးမင်းထန်လား”
ထိုအမေးနှင့်အတူ ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားက လျင်မြန်စွာ ပြေးလာ၏။
“လူကြီးမင်းထန်၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ယဲ့မိသားစု၏ ရာထူးကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ယဲ့မိသားစုက အင်အားကြီးသော်လည်း ထန်မိသားစုကို မယှဉ်နိုင်သေးပေ။ ထို့ကြောင့် သူသည် ထန်မင်လီအား တလေးတစား ပြောလိုက်သည်။
“ယဲ့ထျန်းရှောင်ရှန်းရဲ့တူကိုး”
ထန်မင်လီ မချိပြုံးပြုံးလိုက်သည်။
“ကျုပ် ပြောရမှာတော့ ရှက်စရာပဲ၊ ကျုပ်တို့ တစ်စုံတစ်ယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ်၊ အဲ့ဒါကြောင့် ယဲ့မိသားစုရဲ့ ဘိုးဘွား သုသာန်မြေကို ကျလာတာပဲ”
“အနှောင့်အယှက် ပေးသလို ဖြစ်သွားရင် စိတ်မရှိပါနဲ့”
*ချုံခိုတိုက်ခိုက်တယ်တဲ့လား*
ထိုစကားကြောင့် ယဲ့ထျန်းရှောင်နှင့် အခြားသူများ မြေကြီးကို အလျင်အမြန် ငုံကြည့်မိကြသည်။ သို့သော် သွေးဇီးကွက် လင်ဖေး၏ ဦးခေါင်းပြတ်ကို မြင်လိုက်ရချိန်တွင် အားလုံး ထိတ်လန့်သွား ကြလေသည်။
“လူ … လူကြီးမင်းထန်၊ သွေးဇီးကွက် လင်ဖေးက လူကြီးမင်းကို တိုက်ခိုက်တာလား”
သွေးဇီးကွက် လင်ဖေး၏ အမည်ကို ဖျင်အန်းမြို့မှ လူတိုင်း သိကြသည်။ ထိုသူက ဤနေရာ၌ သေနေလိမ့်မည်ဟု ယဲ့ထျန်းရှောင်နှင့် အခြားသူများ တစ်ခါမှ ထင်မထားမိချေ။ ထိုသို့တွေးတော မိပြီးနောက် ယဲ့မိသားစုဝင်များက ထန်မင်လီအား လေးစားစွာဖြင့် ပြောလာ၏။
“လူကြီးမင်းထန်က သိပ်ကို ကြီးမြတ်တာပဲ၊ ဒီမိစ္ဆာကောင်ကိုတောင် သတ်ပစ်နိုင်ပါလား”
“ဟုတ်တယ်၊ ဒီတိုက်ပွဲက ဖျင်အန်း တစ်မြို့လုံးကို တုန်လှုပ်သွားစေမှာ သေချာတယ်၊ ပြီးတော့ လူကြီးမင်းထန်က ဖျင်အန်းမြို့မှာ အသန်မာဆုံးပဲ”
“…”
လူတိုင်း၏ မျက်နှာတွင် လေးစားစိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုစကားကြောင့် ထန်မင်လီတို့ မြေးအဘိုးနှစ်ယောက် မျက်နှာရှုံ့မဲ့သွားသည်။
သွေးဇီးကွက် လင်ဖေးအား သူတို့ သတ်လိုက်ခြင်း မဟုတ်ကြောင်း ရှင်းပြချင်သော်လည်း ယဲ့ဖန်က ယဲ့မိသားစု၏ သုသာန်မြေထဲမှ ကုန်းထလာသည်ကို ပြန်တွေးမိပြီး ပြောချင်သည့် စကားများကို ပြန်မျိုသိပ်ထားလိုက်ရသည်။
“ဒါနဲ့ မင်းတို့က ဘာလို့ ဒီရောက်လာတာလဲ”
ထန်မင်လီက အားလုံးကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ယဲ့မိသားစု၏ ဘိုးဘွားသုသာန်မြေသည် အလွန် လူသူကင်းမဲ့လှပြီး ယဲ့မိသားစုတောင်မှ ဂါဝရပြုချိန်မှသာ လာရောက်ကြသည်။ ယခု ဤလူများ၏ အမူအရာအရ သုသာန်မြေကို စောင့်ကြပ်နေပုံရသည်။
ထိုအမေးကြောင့် ယဲ့ထျန်းရှောင်က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
“လူကြီးမင်းထန် မသိလိုက်လို့ပါ၊ နဂါးမြို့က ယဲ့မိသားစုရဲ့ တတိယ မဟာဘိုးဘေးက ဘာဖြစ်မှန်း မသိပါဘူး၊ ကျုပ်တို့ကို ဘိုးဘွားသုသာန်မြေကို စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်လို့၊ ပြီးတော့ ဘယ်သူ့ကိုမှ အဝင်မခံခိုင်းသလို ဘယ်သူ့ကိုမှလည်း အပြင်မထွက်စေရဘူးတဲ့လေ”
“ဘယ်သူ့ကိုမှ အဝင်မခံတာကို ကျုပ်တို့ နားလည်လို့ရပါတယ်၊ ဒါပေမဲ့ ဒါက သုသာန်မြေလေ၊ ဘယ်သူ ထွက်လာမှာမို့လို့လဲ”
“ကျုပ်တို့ ယဲ့ဘိုးဘေးတွေက မြေကြီးထဲကနေ ကုန်းထွက်လာပြီး သုသာန်မြေအပြင်ကို ထွက်သွားမှာ မို့လို့လား၊ ဟားဟားဟား …”
ထိုသို့ပြောပြီးသည်နှင့် ယဲ့ထျန်းရှောင်နှင့် အခြားသူများက ဟာသတစ်ခုကို ပြောသကဲ့သို့ ရယ်နေ ကြသည်။ သို့ရာတွင် ထန်မိသားစု၏ မြေးအဘိုးနှစ်ယောက်မှာမူ ကြောက်လန့်ကာ တုန်လှုပ်သွား ကြလေသည်။
*အဲ့လူက တကယ်ပဲ … သေရာကနေ ပြန်ရှင်လာတာများလား*

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now