Chapter 1050

397 43 3
                                    

စာစဉ် 70 Chapter 1050 ကမ္ဘာဂြိုဟ်

ဟွမ်ရှန်တောင်တစ်ဝိုက်တွင် အရာအားလုံး တိတ်ဆိတ်နေပြီး ကောင်းကင်ယံ၌ ပြာမှုန့်များ မျောလွင့်နေ၏။ ပြာမှုန်များကိုကြည့်ပြီး ယဲ့ဖန်သည် ဘာမျှ ခံစားမရတော့ဟန်ဖြင့် ငေးကြောင်ကြောင် ဖြစ်၍နေလေသည်။
ကောင်းကင်တာအို၏ မိမိကိုယ်မိမိ ဖောက်ခွဲခြင်း၌ သူသည်လည်း ဒဏ်ရာဒဏ်ချက်များ ရလာခဲ့သည်။ သူ၏ ခြေထောက်တစ်ဖက် စုတ်ပြတ်ကာ သွေးအလိမ်းလိမ်း ဖြစ်နေပြီး ကျောဘက်၌လည်း စုတ်ပြတ်နေကာ အရေပြားများ လန်နေသည်။
ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ ဆက်တိုက် စီးကျလာသောကြောင့် သွေးလူသားသဖွယ် ဖြစ်နေ၏။ သူ့၌ ဘုံကိုးပါး ယန်စွမ်းအင်သာ ရှိမနေပါက သူသည်လည်း အခြားသူများနည်းတူ ပျောက်ကွယ်သွားလောက်သည်။
သို့ရာတွင် ယဲ့ဖန်သည် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်အားဘဲ မျောလွင့်နေသော ပြာမှုန်များကိုကြည့်ပြီး ကြက်သေ သေနေ၏။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသလို ယဲ့ဖန်သည်လည်း ဝိညာဉ်ပျောက်ဆုံးသကဲ့သို့ ငိုင်တွေနေသည်။
သူ ရူးမတတ်ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။ ထိုသူများအားလုံးသည် သူ၏ချစ်ရသော မိန်းကလေးများ၊ ညီအစ်ကိုများနှင့် မိတ်ဆွေများ ဖြစ်သည်။ ယခုအခါတွင် ထိုလူများအားလုံး ပျောက်ကွယ်သွားလေသည်။
“မဖြစ်ရဘူး”
ယဲ့ဖန်၏ မျက်လုံးမှနေ၍ သွေးမျက်ရည်များ စီးကျနေသည်။ ဟွမ်အာ၊ နတ်ဆိုးနဂါးနှင့် သူ ချစ်ရသောသူများ သေသွားခြင်းထက် သူ့အသက်ကိုသာ စတေးလိုက်ချင်ပါသည်။
“သူတို့ကို ပြန်အသက်သွင်းနိုင်မယ့် နည်းလည်း ရှိကိုရှိရမယ်၊ ငါက ဘုံကိုးပါး ဧကရာဇ်ပဲကို”
“ယန်နယ်မြေရဲ့ ဧကရာဇ်ပဲလေ”
ယဲ့ဖန် ရူးမတတ် ဖြစ်နေ၏။ သူ၏ လေးလွှာမြောက် မှတ်ဉာဏ်ကို ကသုတ်ကရက် ရှာဖွေကြည့်မိသည်။ ယန်နယ်မြေ၏ နတ်ဘုရားသိုင်းကျမ်းများ တစ်ခုပြီးတစ်ခု သူ့အတွေးထဲသို့ ဝင်ရောက်လာသည်။ ယန်နယ်မြေ၏ ဆေးနည်းများလည်း မှတ်ဉာဏ်ထဲသို့ ရောက်ရှိလာ၏။
သို့ရာတွင် ထိုနည်းလမ်းများအားလုံးသည် ခွန်အား တိုးမြင့်လာစေသည့် နည်းလမ်းများသာ ဖြစ်သည်။ အသက်သွင်းသည့် သိုင်းကျမ်းများကလည်း ယန်နယ်မြေမှ လူများကိုသာ အသက်သွင်းနိုင်ပြီး ငရဲဘုံမှ လူများအတွက် မအပ်စပ်ပေ။ ထို့ကြောင့် ယဲ့ဖန် သွေးမျက်ရည်များ ဆက်တိုက်စီးကျနေပြီး မျက်နှာထားက ပြာနှမ်းလာ၏။
“ယဲ့ဖန်”
ထိုစဉ် ဆည်းလည်းသံကဲ့သို့ ကြည်လွင်သောအသံတစ်သံ ထွက်ပေါ်လာသဖြင့် ယဲ့ဖန် ဆတ်ခနဲ တုန်ယင် သွားသည်။
အရိုးထဲအထိ ရင်းနှီးနေသော အသံကြောင့် သူ တုန်ယင်သွားပြီး ခေါင်းမော့၍ ရှေ့ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ အရှေ့ဘက်၌ လူတစ်ယောက် လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ထိုလူကို တွေ့လိုက်ရချိန်တွင် ယဲ့ဖန် အံ့ဩသွားရသည်။
“ဖန့် … ဖန့်ယင်း”
ဖန့်ယင်း၊ တစ်ချိန်က ကမ္ဘာဂြိုဟ်ပေါ်မှ ယဲ့ဖန်၏ လှပသော ဆရာမဖြစ်ပြီး စကြဝဠာထဲရှိ ထိပ်တန်း ခန္ဓာကိုယ် ဆယ်မျိုးထဲမှ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အစပိုင်း၌ ဖန့်ယင်းသည် ယဲ့ဖန် အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်၌ သေသွားပြီဟု ထင်မှတ်ကာ အလွန် ဝမ်းနည်းပူဆွေးခဲ့သည်။ ထို့နောက် သူမ၊ အန်းရှီနှင့် အခြားသူများသည် ပျက်စီးနေသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကြောင့် စကြဝဠာထဲသို့ တကွဲတပြား ရောက်သွားခဲ့လေသည်။
သူမအား အူးလန်ဂြိုဟ်၌ ပြန်တွေ့ခဲ့ပြီး သူ မွေးဖွားခဲ့ရာဖြစ်သော အူးလန်ဂြိုဟ်၌ နတ်ဆိုး အမျိုးသမီးအဖြစ် တိုက်ခိုက်နေခဲ့သည်။ ထိုဂြိုဟ်၌ သူသည် မိုနာဒိုဘုရင်၏ လက်တစ်ဖက်ဖြင့် ရင်ဆိုင်ခဲ့ရပြီး မိုနာဒိုဘုရင်ကြောင့် စိတ်ဝိညာဉ် အကြီးအကျယ် ဒဏ်ရာရကာ သေလုမျောပါး ဖြစ်ခဲ့ရသည်။
ဖန့်ယင်းကပင် သူ့အား သယ်ပိုး၍ ပျက်စီးခြင်းဂြိုဟ်နယ်မြေ၌ သွားလာခဲ့သည်။ သူ့အား ကယ်ဆယ်ရန်အတွက် သူမ၏ မွေးရာပါ စိတ်ဝိညာဉ် စွမ်းအင်ကိုပင် သူ့ထံ လွှဲပြောင်းပေးခဲ့သဖြင့် သူမ တစ်ခဏမျှ ဆံပင်ဖြူကာ ရင့်ရော်သွားခဲ့သေးသည်။
ထို့နောက် သူမသည် သူ့အား နဂါးငွေ့တန်း စစ်တပ်ဆီသို့ ပြန်ထည့်ပေးခဲ့ပြီး တစ်ယောက်တည်း ထွက်သွားခဲ့သည်။ နောက်ပိုင်း ယဲ့ဖန် နေပြန်ကောင်းလာပြီး ဖန့်ယင်းကို လိုက်ရှာချင်ခဲ့သော်လည်း ဖန့်ယင်းက သူမ အားလုံး အဆင်ပြေကြောင်းနှင့် လိုက်မရှာရန် ပြောခဲ့သည်။ ထိုအချိန်မှစ၍ သူမ အစအနရှာမရအောင် ပျောက်ကွယ် သွားခဲ့သည်။
မိမိ စိတ်ဒုက္ခရောက်နေသောအချိန်၌ မိမိအတွက် အစွမ်းကုန် သိုင်းကျင့်ကြံ၍ အသက်ပေးဝံ့သော အမျိုးသမီးကို ပြန်လည် မြင်တွေ့ရလိမ့်မည်ဟု ထင်မထားမိပေ။
ယဲ့ဖန်၏ ငေးငိုင်နေသော အကြည့်အောက်မှာပင် ဖန့်ယင်းက အနားသို့ တဖြည်းဖြည်း ရောက်လာ၏။ သူမက ယဲ့ဖန်ကို နူးညံ့ကြင်နာစွာ ကြည့်ပြီး သူ့မျက်နှာပေါ်မှ သွေးမျက်ရည်များကို လက်ဖြင့် အသာသုတ်ပေးလေသည်။
“ယဲ့ဖန် စိတ်မကောင်း မဖြစ်ပါနဲ့၊ ကျွန်မ ယောက္ခမ ထွက်မသွားခင်တုန်းက ရှင့်ကို ဂရုစိုက်ပေးဖို့ ကျွန်မကို မှာခဲ့သေးတယ်”
“ပြီးတော့ ရှင့်အနားက လူတွေကိုပါ ဂရုစိုက်ပေးပါတဲ့”
ဖန့်ယင်း၏ စကား၌ ချစ်မြတ်နိုးစိတ်များဖြင့် ပြည့်နှက်နေ၏။
*ယောက္ခမ*
ထိုစကားလုံး ယဲ့ဖန် တုန်လှုပ်သွားပြီး မသိမသာ အက်ကွဲနေသော အသံဖြင့် ပြန်မေးလိုက်သည်။
“မင်းပြောတဲ့လူက သူလား”
“ဟုတ်တယ်”
ဖန့်ယင်း ခေါင်းညိတ်ပြလိုက်သည်။
“ရှင့်ရဲ့အမေ အိုးရန်ချင်ရွှယ်လေ”
ထိုအမျိုးသမီးကို ပြန်တွေးမိသည်နှင့် ဖန့်ယင်း မျက်ရည်ကျလာသည်။ ဤလောက၌ သူမသည်သာ ယဲ့ဖန်အကြောင်း အသိဆုံးသော မိခင်တစ်ဦး ဖြစ်လေသည်။ ထိုအမျိုးသမီးက ယဲ့ဖန်အတွက် အလွန် ပေးဆပ်ထားသည်ကို သူမ သိခဲ့သည်။ ယဲ့ဖန်အတွက်နှင့် သူမ၏ စိတ်ဝိညာဉ်က ယန်နယ်မြေ၌ ပျက်စီးသွားရသည်။
ဖန့်ယင်းသည် ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ ခိုဝင်၍ မျက်လုံးမှိတ်ကာ ချစ်ရသောသူ၏ နွေးထွေးသော ကိုယ်ငွေ့ကို ဂရုတစိုက် ခံစားနေမိသည်။
“ယဲ့ဖန် ကျွန်မ ရှင့်အတွက် ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပေးပါတယ်”
“ဒီမှာကြည့်”
ထိုစကားနှင့်အတူ ဖန့်ယင်းက လက်တစ်ဖက်ကို အသာလှုပ်ခါလိုက်သည်။ ထိုအခါ ဖန့်ယင်း၏ လက်ဝါးမှ ရွှေရောင် အမျှင်များ ဖြာထွက်လာပြီး ဟွမ်ရှန်တောင်တစ်ဝိုက်သို့ ဖြာကျလာပြီး အသက်ဓာတ် စွမ်းအင်များက ကောင်းကင်ယံတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
ထို့နောက် ယဲ့ဖန်သည် အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ဤအသက်ဓာတ်စွမ်းအင် အောက်၌ ကောင်းကင်ယံတွင် ဝိညာဉ် အစအနများ ထွက်ပေါ်လာ၏။
ထိုဝိညာဉ် အပိုင်းအစများအားလုံးသည် လူတိုင်း၏ ပုံရိပ်များဖြစ်သည်။ ပေါများလှသော ဝိညာဉ်စများက ပင်လယ်သဖွယ် ပေါ်ထွက်လာသည်။ ဤပုံရိပ်များကိုမြင်ပြီး ယဲ့ဖန် ထပ်မံ၍ တုန်လှုပ်သွားပြီး မျက်လုံး၌ အလွန် စိတ်လှုပ်ရှားဟန်များ ထင်ဟပ် လာလေသည်။
“ဟွမ်အာ၊ နတ်ဆိုးနဂါး၊ ပိုင်ယီ၊ မဟာနတ္ထိ …”
ထိုလူများအားလုံးသည် အစောပိုင်းက ကွယ်ပျောက်သွားကြသည့်သူများ ဖြစ်ပြီး ယခု ဝိညာဉ် အပိုင်းအစများ ပေါ်ထွက်လာလေပြီ။ ထိုစဉ် ဖန့်ယင်းက အသာပြုံးလိုက်သည်။
“တကယ်တော့ ကျွန်မ ရှင့်အတွက် ကမ္ဘာဂြိုဟ်ကိုသွားပြီး တစ်စုံတစ်ခုကို သွားယူနေတာ၊ အဲ့ဒါကြောင့် ကျွန်မ ခြေတစ်လှမ်း နောက်ကျသွားတယ်”
“ဒါပေမဲ့ ရှင် သူတို့ကို ယန်ဝိညာဉ်ဆေးလုံး ကြိုသောက်ခိုင်းထားလို့ တော်သေးတယ်၊ မဟုတ်ရင် ကျွန်မတောင်မှ သူတို့ ဝိညာဉ်တွေကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး”
ဖန့်ယင်းသည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ပြီး သူမ၏ မျက်ရည်တစ်စက်က ဂြိုဟ်တစ်လုံးကို ရှင်သလန်လာစေနိုင်သည်။ သူမ၏ သွေးတစ်စက်က ဂြိုဟ်သေတစ်လုံးအား ပြန်၍ အသက်ဝင်လာနိုင်စေ၏။
ဟွမ်အာနှင့် အခြားသူများသည် ယန်ဝိညာဉ်ဆေးလုံးများကို သောက်ထားသဖြင့် ဝိညာဉ်အပိုင်းအစတစ်ခုကို အထိအခိုက်မရှိ ချန်ထားခဲ့နိုင်သည်။ ထို့ကြောင့်ပင် သူမ သူတို့၏ ဝိညာဉ်ကို ပြန်စုစည်းနိုင်ခြင်း ဖြစ်လေသည်။
“သူတို့ကို … ပြန်အသက်သွင်းနိုင်မှာလား”
ယဲ့ဖန် စိတ်လှုပ်ရှားနေသော်လည်း ထိုဝိညာဉ်များက အားနည်းလွန်းနေသည်ကို သတိထားလိုက်မိသည်။ အားနည်းလွန်းသဖြင့် အချိန်မရွေး ပျောက်ကွယ်သွားနိုင်၏။ သူ့စကားကြောင့် ဖန့်ယင်းက အသာခေါင်းခါ ပြလိုက်သည်။
“မရနိုင်ဘူး”
ထိုစကားကြောင့် ယဲ့ဖန် အံ့ဩသွားသည်။ ထိုစဉ် ဖန့်ယင်းက ဆက်ပြောလေသည်။
“သူတို့ ပြန်လည်ဝင်စားအောင်ပဲ လုပ်နိုင်တော့မှာ”
ဖန့်ယင်းသည် ထိုသို့ပြောပြီးသည်နှင့် ယန်နယ်မြေ၏ တံခါးပေါက်ကို မြင်နေရဟန်ဖြင့် ကောင်းကင်ဘုံကို မော့ကြည့်လေသည်။ သူမ၏ လှပသော မျက်နှာလေးက တည်ငြိမ်ရင့်ကျက်နေ၏။
“ယဲ့ဖန် ရှင် နောက်ပိုင်း ဘာလုပ်ဖို့လိုလဲဆိုတော့ ယန်နယ်မြေမှ ဒီဝိညာဉ်အားလုံးကို ပြန်မွေးဖွားနိုင်အောင် လုပ်ဖို့ပဲ”
*ယန်နယ်မြေမှာ ပြန်မွေးဖွားအောင် လုပ်ရမယ်*
ယဲ့ဖန် မျက်လုံး ဝင်းခနဲ တောက်ပသွားသည်။ သူနှင့် အခြားသူများအားလုံး နှစ်ပေါင်းများစွာ ကောင်းကင်ဘုံနှင့် တိုက်ခိုက်ခဲ့ခြင်းသည် ကောင်းကင်ယံမှ ငရဲတံခါးပေါက်ကိုဖွင့်၍ ယန်နယ်မြေသို့ တက်နိုင်ရန် ဖြစ်သည်။
ထို့အတူ ယခု သေဆုံးသွားခဲ့သော ဟွမ်အာ၊ မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများကို တစ်ဖန်ပြန်၍ ဝင်စားအောင် လုပ်ရပေမည်။
အကယ်၍ သူတို့သာ ယန်နယ်မြေ၌ ပြန်လည်မွေးဖွားလာပါက သူတို့သည် တစ်နေ့၌ ယန်နယ်မြေ၏ ထိပ်ဆုံးသို့ ရောက်နိုင်လောက်သည်။
ယခု တစ်ခုတည်းသော အခက်အခဲမှာ ငရဲဘုံတံခါးဝပင်။ ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲ၌ သူ ကောင်းကင်တာအိုကို ဒဏ်ရာ အပြင်းအထန် ရအောင် ပြုလုပ်ပြီး ရွှေရောင်သတ္တဝါများကို သတ်ဖြတ်ကာ ငရဲဘုံ၏ တံခါးဝကို ဖွင့်ရန် ကြိုးစားသော်လည်း တီကောင်တစ်ကောင်က သစ်ပင်ကို လှုပ်ခါနေသကဲ့သို့ ဖြစ်ခဲ့သည်ကို ယဲ့ဖန် ရှင်းလင်းစွာ မှတ်မိနေပါသေးသည်။ ငရဲတံခါးဝသည် သူ ထင်ထားသည်ထက် ပို၍ အင်အားကြီးလွန်းနေ၏။
“ဖန့်ယင်း မင်းမှာ နည်းလမ်း ရှိတာလား”
ယဲ့ဖန်သည် ဖန့်ယင်းအား စိတ်လှုပ်ရှားနသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။
“ရှိတယ်”
ဖန့်ယင်းက ခပ်ဖွဖွပြုံး၍ ပြန်ဖြေလေသည်။
“ကမ္ဘာဂြိုဟ်လေ”
                  စာစဉ် ၇၀ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now