Chapter 1067

363 39 1
                                    

စာစဉ် 72 Chapter 1067 သခင်ကြီး ကျေးဇူးပြုပြီး ကူညီပေးပါ

*မှတ်မိတယ်*
*ဘာကိစ္စလဲ*
စကားလုံးများက အလွန် အေးစက်လှသည်။ ဘားထဲမှ လူများအားလုံး တစ်ဖန်ပြန်၍ တွေဝေသွားရသည်။ တစ်စုံတစ်ရာက ကင်းမြီးကောက် လူသတ်သမားအား ဤသို့ ပြောရဲသည်ကို သူတို့ ယခုမှ ပထမဆုံး မြင်ဖူးခြင်ပင်။
ကင်းမြီးကောက် လူသတ်သမားတောင်မှ အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူ ခပ်သွက်သွက် ပြန်ပြော လိုက်သည်။
“ဆေးဝါးသုတေသန ဌာနမှာတုန်းက ကျွန်တော် သခင်ကြီးကို သေချာမသိမြင်ခဲ့တဲ့အတွက် ရှက်ရွံ့မိပါတယ်”
“အစောပိုင်းတုန်းက သခင်ကြီး ဘုရင့်ဘားကို လာတယ်လို့ လက်အောက်ငယ်သားတွေကနေ သိရလို့၊ တစ်ယောက်ယောက်ကို သခင်ကြီးကို ဧည့်ခံပေးထားဖို့ မှာလိုက်တာပါ၊ သခင်ကြီးကို ယူနီကွန်း ဘုရင်ဆင်ဝိုင် ငှဲ့ပြီး ဧည့်ခံထားဖို့ ပြောထားပါတယ်”
*ယူနီကွန်းဘုရင်ဆင်ဝိုင်*
ထိုနာမည်ကို ကြားလိုက်ရသောအခါ ရှုထျန်းရှုံး မျက်ဖြူလန်ကာ သတိလစ်လုနီးပါး ဖြစ်နေ၏။ အစောပိုင်းက သူ ဝိုင်ငှဲ့ပေးချိန်တွင် အားပင်းက အားလုံးကို လိုက်ငှဲ့ပေးသော်လည်း ယဲ့ဖန်အား မငှဲ့ပေးသည်ကို သူကိုယ်တိုင် တွေ့လိုက်သည်။ ထိုအချိန်က သူတို့သည် ယူနီကွန်း ဘုရင်ဆင်ဝိုင်ကို အသုံးချ၍ ယဲ့ဖန်အား လှောင်ပြောင်ခဲ့သည်။
ယခုအခါတွင် ယဲ့ဖန်သည် ထိုစကားကြောင့် ပြုံးသွားပြီး ခနိုးခနဲ့ဟန် ပေါ်လာ၏။
“ခင်ဗျားရဲ့ စီစဉ်မှုကြောင့် ကျုပ် အရမ်း ကျေနပ်တယ်၊ သောက်တာလား၊ နောက်တစ်ခါပေါ့ဗျာ၊ ခဏနေရင်တောင် ကျုပ်က မောင်းထုတ်ခံရမှာကို စိုးရိမ်နေရတာ”
ထိုစကားကြောင့် ကင်းမြီးကောက် လူသတ်သမား မျက်နှာထား ပြောင်းလဲသွားသည်။
“မောင်းထုတ်မယ် ဟုတ်လား၊ ကင်းမြီးကောင် လူသတ်သမားဆိုတဲ့ ကျုပ်ရဲ့ အထူးဧည့်သည်တော်ကို ဘယ်ကောင်က ဒီဘုရင့်ဘားကနေ မောင်းထုတ်ရဲတာလဲ”
ထိုအခိုက်တွင် ကင်းမြီးကောက် လူသတ်သမားက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူ စားပွဲဝိုင်းသို့ ကြည့်လိုက်သောအခါ အားလုံး၏ ဖန်ခွက်၌ ယူနီကွန်း ဆင်ဘုရင်ဝိုင် ဖြည့်ထားသော်လည်း ယဲ့ဖန် အရှေ့မှ ဖန်ခွက်က ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ ချက်ချင်း သဘောပေါက်သွားသည်။ သူ၏ မျက်နှာထားက မှုန်ကုန် လာလေ၏။
“ရှုထျန်းရှုံး၊ ဒီလာခဲ့စမ်း”
ထိုစကားကြောင့် ရှုထျန်းရှုံး ခြေထောက်များ ပျော့ခွေလာပြီး ကင်းမြီးကောက် လူသတ်သမားဘေးသို့ ပြေးလာပြီး ဒူးထောက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
“အရှင် ကင်းမြီးကောက်၊ ဒေါသထိန်းပါဦးခင်ဗျာ၊ ကျွန်တော် အရှင့်ဆီက ဖုန်းရပြီးတာနဲ့ အရှင် ဧည့်ခံခိုင်းတဲ့လူက ဖန်းမိသားစုက ဖန်းရီပေါ် ဖြစ်လိမ့်မယ်လို့ ထင်မိသွားလို့ပါ”
*ဖန်းရီပေါ်*
ကင်းမြီးကောက် လူသတ်သမား မျက်ခုံးပင့်သွားပြီး စူးရှသော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။
“ဖန်းရီပေါ်က ဘာမို့လို့လဲ၊ ဖန်းမိသားစုက ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲ”
ကင်းမြီးကောက် လူသတ်သမား၏ စကားများက အညှာအတာမဲ့လှသည်။ ဖန်းရီပေါ်သည် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်း အရှက်ရကာ ပုန်းရန်နေရာ ရှာချင်လာ၏။
ဘုရင့်ဘား၏ ဇာတ်လိုက် ဖြစ်လာပြီးနောက် တစ်ခဏအတွင်း လူရယ်စရာ ဖြစ်လာလိမ့်မည်ဟု ဖန်းရီပေါ် လုံးဝ ထင်မထားမိချေ။
“ဟမ့် … လက်မခံနိုင်စရာပဲ”
ကင်းမြီးကောက် လူသတ်သမားသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်နေ၏။ သူ ချက်ချင်း လက်ဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။
“မင်းကများ သခင်ကြီးကို စော်ကားရဲတယ်လား၊ လာကြစမ်း … ဒီသဲအိတ်ကို လာသတ်လိုက်ကြ”
ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ရှုထျန်းရှုံး လူမှား၍ ဧည့်ခံလိုက်မိပြီး ယဲ့ဖန်ကို ရန်စလိုက်မိ သောကြောင့် ကင်းမြီးကောင် လူသတ်သမားက သူ့ကို သတ်လိမ့်မည်ဟု လူတိုင်း မမျှော်လင့်ထားမိချေ။
ရှုထျန်းရှုံး ကျင်ငယ်ရည် ထွက်ကျလုနီးပါး ကြောက်လန့်သွားလေသည်။ သူသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ဆက်တိုက် ဦးညွှတ်၍ တောင်းပန်လေ၏။
“သခင်ကြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ သခင်ကြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ဒီခွေးပေါက်က တစ်ခြား လူတွေကို အထင်သေးခဲ့မိပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ရှုထျန်းရှုံး နောင်တရနေ၏။ ဤသည်ကို ကြည်ပြီး ယဲ့ဖန် ခေါင်းခါလိုက်သည်။
“ထားလိုက်ပါတော့၊ သွေးကိုမြင်လိုက်ရင် ကျုပ် သောက်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး”
ထိုစကားကြောင့် ကင်းမြီးကောက် လူသတ်သမား ချက်ချင်း သဘောပေါက်သွားပြီး ရှုထျန်းရှုံးအား အလျင်အမြန် ကန်ကျောက်လိုက်လေသည်။
“သခင်ကြီးက မင်းကို မသတ်ဘဲ ထားလိုက်တာကို ကျေးဇူးမတင်ဘူးလား၊ မြန်မြန် ထွက်သွားစမ်း”
ရှုထျန်းရှုံး အလွန် ဝမ်းသာသွားပြီး ယဲ့ဖန်အား အကြိမ်ကြိမ် ကျေးဇူးတင်ကြောင်း ပြောဆိုလာသည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ အသက် ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး”
သူ စားပွဲဝိုင်းမှ ထွက်သွားရန် ပြင်လိုက်ချိန်တွင် အားပင်းနှင့် ဖန်းရီပေါ်အား ခက်ထန်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် ဖန်းရီပေါ်သာ သူ့ကို မလှည့်စားပါက သူ လူမှားမည် မဟုတ်ဟု ထင်နေမိသည်။ အားပင်းသာ သဘောထား ကွဲလွဲအောင် သွေးမထိုးပေးပါက သူ ယဲ့ဖန်ကို ရန်စမိမည် မဟုတ်ပါ။
လက်ရှိတွင် ရှုထျန်းရှုံး သူတို့ နှစ်ယောက်လုံးကို မုန်းတီးနေမိသည်။ ရှုထျန်းရှံး ထွက်သွားချိန်တွင် အားပင်း အလွန်အမင်း နောင်တရစိတ် ဝင်နေ၏။
ရှုထျန်းရှုံး၏ အကြည့်ကို တွေ့လိုက်ရသည်နှင့် အားပင်းသည် ဘုရင့်ဘားမှ သူ့အလုပ် ပြုတ်သွားပြီဖြစ်ကြောင်း မတွေးဘဲ သိလိုက်ရသည်။ ရှုထျန်းရှုံး သူ့ကို အလွတ်ပင် မပေးလောက်ချေ။ ဤသည်ကို တွေးမိပြီး သူ၏ မျက်နှာထားက ပြာနှမ်းလာကာ ယဲ့ဖန်အား တွေဝေစွာ ကြည့်လိုက်မိသည်။
“ငါ့ မနာလိုစိတ်နဲ့ မုန်းတီးစိတ်ကြောင့်သာ မဟုတ်ရင် ငါ ယဲ့ဖန်နဲ့ ဆက်ဆံရေး ကောင်းလောက်တယ်၊ ဒါဆို ငါလည်း ကျုံးလီအာလို အရှင် ကင်းမြီးကောက်ရဲ့ ဧည့်သည်တော် ဖြစ်နေမှာပဲ”
အားပင်း၏ စိတ်ထဲ၌ နောင်တရစိတ်များဖြင့် ပြည့်နှက်နေ၏။ သူ အထင်သေးခဲ့သော တစ်စုံတစ်ယောက်က ရေတိမ်ခရိုင်၏ ဘုရင်ကိုပင် ဦးညွှတ်အောင် လုပ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။
“သခင်ကြီး၊ ခင်ဗျားရဲ့ မိတ်ဆွေတွေကို ဒီမှာပဲ သောက်ခိုင်းလိုက်ပါ၊ ကျွန်တော် ခင်ဗျားကို သီးသန့်အခန်းဆီ ခေါ်သွားပါ့မယ်”
ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်၍ ပြောလိုက်သည်။ ထိုစကားကြောင့် ဤလူ၌ တစ်ခုခု တောင်းဆိုစရာ ရှိလိမ့်မည်ဟု ယဲ့ဖန် သဘောပေါက်လိုက်ပြီး ကျုံးလီအာကို လှည့်ပြောလိုက်လေသည်။
“ငါ ပြန်လာတာကို စောင့်နေပါ”
ထိုအခါတွင်မှ ကျုံးလီအာ သတိဝင်လာပြီး ယဲ့ဖန်အား ပဟေဠိဖြစ်နေသော အကြည့်များဖြင့် ကြည့်လာသည်။ သူ၏ အစ်ကိုယဲ့က ပိုပို၍ ထူးခြားဆန်းကြယ်လာပြီး သူမပင် နားမလည်နိုင်တော့ဟု ခံစားလာရသည်။
“ဟုတ်ကဲ့”
ကျုံးလီအာ နာခံစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယဲ့ဖန်သည် ကင်းမြီးကောက် လူသတ်သမားနှင့်အတူ ဘုရင့်ဘား၏ ဒုတိယထပ်သို့ တက်သွားလေသည်။
ယဲ့ဖန်နှင့် အခြားသူများ ထွက်သွားချိန်မှသာ ဖန်းရီပေါ်၊ ဖေးဖေး၊ မာကျွင်း၊ ရှုလင်နှင့် အားပင်းတို့ သက်ပြင်းချ လိုက်မိသည်။ သူတို့ သေမင်း နှုတ်ခမ်းဝမှ ထွက်လာနိုင်သကဲ့သို့ ခံစားလိုက်ရပြီး ကျောပြင်၌ ဇောချွေးတို့ဖြင့် ရွှဲနစ်နေ၏။ ထို့နောက် ဖေးဖေးနှင့် အခြားသူများသည် ကျုံးလီအာအား ဝိုင်း၍ စိတ်လှုပ်ရှားစွာ မေးလာကြသည်။
“လီအာ၊ ယဲ့ဖန်က ဘာလုပ်လို့လဲ၊ ဘာလို့ အရှင် ကင်းမြီးကောက်က သူ့ကို သခင်ကြီးလို့ ခေါ်တာလဲ”
“လီအာ ဘာလို့ ငါတို့ကို ကြိုမပြောတာလဲ၊ လူကြီးမင်းယဲ့က ဒီလောက် ဩဇာကြီးတယ်ဆိုတာကို သိခဲ့ရင် ငါတို့ သူ့ကို ရန်စမိမှာ မဟုတ်ဘူး”
“ဟူး … ငါ ကြောက်လွန်းလို့ သေတော့မယ်၊ လူကြီးမင်းယဲ့က ငါတို့ကို ပုရွက်ဆိတ်လို သဘောထားပြီး အရေးမစိုက်လို့ တော်သေးတယ်”
“…”
လက်ရှိအချိန်၌ ဖေးဖေးနှင့် အခြားသူများသည် ကံကောင်းသည်ဟု ခံစားနေရသလို နောင်တလည်း ရနေ၏။ အစောပိုင်းက သူတို့၏ ပုတ်ခတ်မှုများကို ယဲ့ဖန် အရေးမလုပ်သော်လည်း ထိုအတွက်ကြောင့် သူတို့ ယဲ့ဖန်နှင့် မိတ်ဆွေ ဖြစ်ခွင့်မရတော့ပေ။
ဤသည်ကို တွေးမိပြီး လူတိုင်း သွေးစိမ်းရှင်ရှင် ယိုစီးသလို ခံစားလိုက်ရသည်။ ဖန်းရီပေါ်တောင်မှ တွေဝေ နေမိသည်။ သူ၏မျက်နှာက ဖြူရော်နေပြီး နဖူးမှ ချွေးစေးများကို သုတ်ပြီး ညည်းတွားလိုက်သည်။
“ဟူး … ငါ အရမ်းလွန်မသွားလို့ တော်သေးတယ်၊ မဟုတ်လို့ကတော့ ငါ အခု သေနေလောက်ပြီ”
ဖန်းရီပေါ် မချိပြုံး ပြုံးလိုက်သည်။ သူနှင့် အခြားသူများ၏ ပြောဆိုမှုများကို ယဲ့ဖန် အရေးမလုပ်ရသည့် အကြောင်းရင်းအား သူ အခုမှ သိသွားလေသည်။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူတို့က ပမွှားမျှသာ ရှိသဖြင့် အရေး မလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
နဂါးတစ်ကောင်က တွားသွားကောင်များ၏ ပြောဆိုမှုအား အရေးလုပ်သည်ကို မည်သူ မြင်ဖူးကြသနည်း။
ဖေးဖေးနှင့် အခြားသူများက ကျုံးလီအာကို မျက်နှာလုပ်နေသော်လည်း သူတို့၏ စိတ်ဓာတ်များကို သိသွားသဖြင့် ကျုံးလီအာက မပြုံးမရယ်ဖြင့် ကြည့်နေ၏။
ဖန်းရီပေါ်နှင့် အားပင်းသည် အပ်ကိုဖင်ခုထိုင်နေရသကဲ့သို့ ခံစားနေရပြီး ထွက်သွားချင်သော်လည်း ယဲ့ဖန် ပြန်ရောက်လာပြီး အပြစ်ပြောမည်ကို ကြောက်ရွံ့သဖြင့် ငြိမ်နေရသည်။
ထိုအခိုက်တွင် ဘုရင့်ဘား၏ သီးသန့်ခိုင်း၌ ယဲ့ဖန်က ဆိုဖာပေါ် ထိုင်နေသည်။ ထိုစဉ် ကင်းမြီးကောက် လူသတ်သမားက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာသည်။
“သခင်ကြီး ကျေးဇူးပြုပြီး ကူညီပေးပါ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now