Chapter 1051

397 34 0
                                    

စာစဉ် 71 Chapter 1051 ငရဲတံခါးဝ ပွင့်လာပြီ၊ ယန်နယ်မြေသို့ ဧကရာဇ် ပြန်လာပြီ

*ကမ္ဘာဂြိုဟ်*
ဖန့်ယင်း၏ စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။ ကမ္ဘာဂြိုဟ်က ငရဲတံခါးပေါက်နှင့် မည်သို့ ဆက်စပ်နေမှန်း သူ မသိချေ။ 
“ယဲ့ဖန် ကမ္ဘာဂြိုဟ်ကို ဘာလို့ နတ်ဘုရားတို့ ကျဆုံးရာမြေလို့ ခေါ်လဲ သိချင်မိဖူးလား”
ဖန့်ယင်း၏ မျက်နှာလေးက လေးနက်တည်ကြည်နေသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ကမ္ဘာဂြိုဟ်မှာ ချိပ်ပိတ်ထားတယ်၊ ရှေးဟောင်း နတ်ဘုရားတွေကိုလည်း ကမ္ဘာဂြိုဟ်မှာ ချိပ်ပိတ်ထားခဲ့တယ်၊ နတ်ဆိုးနဂါးတောင်မှ ကမ္ဘာဂြိုဟ်မှာ ချိပ်ပိတ်ခံခဲ့ရတာ”
“အဲ့ဒါအပြင်ကိုမှ အမှောင်သခင်က ကမ္ဘာမြေပေါ်မှ အသက်ပြန်ရှင်လာခဲ့သလို ရှင်လည်း ကမ္ဘာဂြိုဟ်မှာ ပြန်မွေးဖွား လာခဲ့တာပဲလေ”
“ဒါတွေအားလုံးက ဘာလို့ ကမ္ဘာဂြိုဟ်ပေါ်မှာပဲ ဖြစ်ရတာလဲ”
ထိုစကားကြောင့် ယဲ့ဖန်၏ အတွေးထဲ၌ လက်ခနဲ ဖြစ်သွားရသည်။ သူမ ပြောသမျှက မှန်ပေသည်။ ကမ္ဘာဂြိုဟ်က တကယ်ပင် ဆန်းကြယ်လွန်းလှ၏။
ငရဲဘုံ၏ စကြဝဠာထဲမှ သာမန်ဂြိုဟ်တစ်လုံးသာ ဖြစ်သော်လည်း ရှေးဟောင်း နတ်ဘုရားများ ချိပ်ပိတ်ခံထားရသော နေရာဖြစ်သလို သူနှင့် အမှောင်သခင်တို့ ပြန်လည်မွေးဖွားခဲ့ရာ နေရာလည်း ဖြစ်သည်။
ဤအဖြစ်၏ လျှို့ဝှက်ချက်က တွေးမိရုံနှင့်တင် လူအများက တုန်လှုပ်သွားစေလောက်သည်။ ယဲ့ဖန်သည် တစ်စုံတစ်ရာကို တွေးမိပြီး တုန်လှုပ်သွားရသည်။
“ကမ္ဘာဂြိုဟ်နဲ့ ယန်နယ်မြေ ပတ်သက်မှုရှိတယ်လို့ ပြောချင်တာလား”
ကမ္ဘာဂြိုဟ်နှင့် ယန်နယ်မြေ၊ ဤနှစ်ခုကို ဆက်စပ်ကြည့်ရန် ခက်လှသည်။ ဤနှစ်ခု၏ ကွာခြားချက်က ကြီးမားလှသည်။
တစ်ခုသည် ယင်ယန်လောက၏ အထက်မှ ကြောက်စရာကောင်းသော နယ်မြေတစ်ခု ဖြစ်ပြီး နောက်တစ်ခုသည် ယင်ယန်လောက၏ အောက်ဘက်မှ သေးငယ်သော ဂြိုဟ်လေးတစ်လုံး ဖြစ်သည်။ ဤနှစ်ခု၏ ခြားနားချက်က ဆင်နှင့် ပုရွက်ဆိတ်လိုပင်။
သို့သော် ဖန့်ယင်းက ခေါင်းညိတ်၍ ဟုတ်မှန်ကြောင်း ပြောလာသည်။ ဖန့်ယင်း ဆက်ပြောပြလာသော စကားကြောင့် ယဲ့ဖန်၏ အတွေးထဲ၌ လှိုင်းထန်လာရသည်။
“ဟုတ်တယ်”
“ဒါတွေအားလုံး ဘာလို့ ကမ္ဘာဂြိုဟ်မှာ ဖြစ်ရတာလဲဆိုတော့၊ ကမ္ဘာဂြိုဟ်က ယန်နယ်မြေရဲ့ အစွန်း ဖြစ်နေလို့ပဲ”
“ကမ္ဘာဂြိုဟ်ရဲ့ အတွင်းအူတိုင်မှာ ငရဲဘုံတံခါးဝရဲ့ သော့ကို ဖွက်ထားတာလေ”
ဖန့်ယင်း၏ စကားကြောင့် ယဲ့ဖန် အံ့အားသင့်သွားရသည်။ သူ၏အတွေးတွေ ချာချာလည်နေပြီး ဘုံကိုးပါး ဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ ယန်နယ်မြေ၏ ဂျီဩမေထြီနှင့် လူ့သမိုင်းကို ဆက်တိုက် ရှာဖွေမိသည်။
ကမ္ဘာဂြိုဟ်မှ ဒဏ္ဍာရီတစ်ခုတွင် နေကိုးစင်းအား သန့်စင်ခဲ့သောသူတစ်ဦး ရှိခဲ့ပြီး ထိုသူအား ဟို့ယိဟု ခေါ်ဆိုလေသည်။
“ကမ္ဘာဂြိုဟ်က ယုံတမ်းပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေက အမှန် ဖြစ်နေတာလား”
“ကမ္ဘာဂြိုဟ်ပေါ်က ဒဏ္ဍာရီလာ ပုဂ္ဂိုလ်က ကမ္ဘာဂြိုဟ်ပေါ်မှာ ပေါ်လာခဲ့တာ မဟုတ်ဘဲ … ယန်နယ်မြေမှာ ပေါ်လာခဲ့တာကိုး”
ဤသို့တွေးမိပြီးနောက် ယဲ့ဖန်သည် ခေါင်းကိုမော့ကာ အထိတ်တလန့်ဖြင့် ကောင်းကင်ယံကို ကျော်လွန်၍ ကြည့်လိုက်မိသည်။
“ဖန့်ယင်း၊ အခု ယန်နယ်မြေက ဘယ်လိုပုံစံမျိုးလဲ”
ယဲ့ဖန်၏ စိတ်ထဲ၌ သိချင်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူ၏ဘုံကိုးပါး ဧကရာဇ်ဘဝမှ မှတ်ဉာဏ်သည် နှစ်ထောင်သောင်းချီသော အချိန်ကဖြစ်သောကြောင့် လက်ရှိ ယန်နယ်မြေပုံစံနှင့် မတူပေ။
ဘုံကိုးပါး ဧကရာဇ်ဟူသော သူ၏ဘဝအား ယန်နယ်မြေမှ လူများက ဒဏ္ဍာရီထဲမှ လူတစ်ယောက်ဟု မှတ်ယူ ကြောက်လန့်ကြသည်။ ထို့ကြောင့် ယဲ့ဖန်၏မှတ်ဉာဏ်ထဲမှ ယန်နယ်မြေသည် လက်ရှိ ယန်နယ်မြေနှင့် လုံးဝ မတူညီ‌ချေ။
သူ့စကားကြောင့် ဖန့်ယင်း၏ မျက်နှာတွင် လွမ်းဆွတ်တမ်းတသော အမူအရာများ ထင်ဟပ်လာသည်။
“ကျွန်မတော့ အဲ့ကို တစ်ခါမှ မရောက်ဖူးဘူး၊ ဒါပေမဲ့ ကျွန်မကို အဲ့နေရာအကြောင်း ယောက္ခမကြီးက ပြောပြဖူးတယ်”
“အဲ့နေရာက နည်းပညာနဲ့ သိုင်းပညာ ရောယှက်နေတဲ့ လောကတစ်ခုပဲ”
“နည်းပညာက ကမ္ဘာဂြိုဟ်ရဲ့ ခေတ်မီလူမှုအဖွဲ့အစည်းအထက် အဆပေါင်းများစွာ တိုးတက်တယ်၊ အဲ့နေရာမှာ မြင့်မားတဲ့ အဆောက်အဦးတွေ၊ ကိုယ်ပိုင်အာကာသယာဉ်တွေနဲ့ ပုံရိပ်ယောင်ကွန်ရက်တွေပါ ရှိတယ်၊ ပြီးတော့ အကြမ်းဖက်တဲ့ မျိုးနွယ်ပေါင်းစုံလည်း ရှိတယ်”
“အင်အားကြီးတဲ့သူကိုပဲ အထင်ကြီးလေးစားကြတယ်”
*သိပ္ပံနည်းပညာနဲ့ ခေတ်မီလူမှုအဖွဲ့အစည်း ဖြစ်တဲ့အပြင် သိုင်းအဖွဲ့အစည်းပါ ရှိတယ်တဲ့လား*
ကမ္ဘာဂြိုဟ်က ယန်နယ်မြေ၏ အစွန်းဖြစ်သည်ဆိုလျင် ကမ္ဘာဂြိုဟ်မှ ယခင် သိပ္ပံနည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု များသည် မူလယန်နယ်မြေ၏ နည်းပညာများဟု ဆိုရပေမည်။
သိုင်းလောကမှနေ၍ သိပ္ပံနည်းပညာ လူ့အဖွဲ့အစည်းသို့ တိုးတက်သွားပြီးနောက် နည်းပညာနှင့် သိုင်းပညာတို့ ဒွန်တွဲ တည်ရှိနေသော လောကတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုသို့ရှင်းပြပြီးနောက် ဖန့်ယင်း၏ မျက်နှာလေးက ဖြူရော်လာသည်။ အချိန်မလောက်တော့ကြောင်း သိနေသဖြင့် သူမသည် လက်ကိုဝှေ့ယမ်း၍ ပစ္စည်းတစ်ခုကို ယဲ့ဖန်အား ပေးလိုက်လေသည်။
“ယဲ့ဖန် ဒါက ကျွန် ဒီကိုမလာခင် ကမ္ဘာဂြိုဟ်ကိုသွားပြီး ရှင့်အတွက် ယူလာခဲ့တဲ့ သော့ပဲ”
“မြန်မြန်လုပ်၊ ငရဲဘုံတံခါးဝကိုဖွင့်ပြီး ဟွမ်အာနှင့် အခြားသူတွေကို ယန်နယ်မြေမှာ ပြန်မွေးဖွားလာအောင် လုပ်ပါ”
ဖန့်ယင်း၏ မျက်နှာလေးက ဖြူသထက် ဖြူရော်လာပြီး ယဲ့ဖန်အား ပြင်းပြင်းပြပြ နမ်းရှိုက်လာသည်။ ထိုစဉ် သူမ၏ ခန္ဓာကိုယ်ပေါ်၌ အက်သံ ထွက်ပေါ်လာသည်။
အက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသဖြင့် ယဲ့ဖန် အံ့ဩနေစဉ်မှာပင် ဖန့်ယင်း၏ ခန္ဓာကိုယ်က အက်ကွဲသွားပြီး အသက်ဓာတ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
ဖန့်ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ပြောင်းလဲလိုက်သော အသက်ဓာတ်စွမ်းအင်က ကောင်းကင်ယံမှ ကျဆင်းလာသဖြင့် ဝိညာဉ်များ ပို၍ကျစ်လျစ်လာ၏။
“ဖန့်ယင်း”
ယဲ့ဖန် သတိဝင်လာချိန်တွင် ဖန့်ယင်းက အခြားသူများအားလုံး အသက်ရှင်နိုင်ရန်အတွက် သူမကိုယ်သူမ စတေးလိုက်သည်ကို သူ သတိပြုမိသွားသည်။
ဖန့်ယင်း၏ ခန္ဓာကိုယ်လေး ပျောက်ကွယ်သွားပြီး ဝိညာဉ်တစ်ခု မျောလွင့်နေသည်ကို သူ တွေ့နေရသည်။ ထိုစဉ် ဖန့်ယင်း၏ ခပ်ပျော့ပျော့ အသံလေး ထွက်ပေါ်လာသည်။
“ယဲ့ဖန်၊ စလိုက်ရအောင်၊ ရှင်နဲ့ကျွန်မ၊ ပြီးတော့ လူတိုင်းပေါ့၊ ကျွန်မတို့ ယန်နယ်မြေမှ ပြန်တွေ့ကြမယ်လေ”
ဖန့်ယင်း၏ စကား၌ မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ယဲ့ဖန်က ခေါင်းညိတ်၍ အက်ကွဲနေသော အသံဖြင့် ကတိပေးလိုက်သည်။
“မင်းတို့ ငါ့ကို စောင့်နေပါ”
ယဲ့ဖန်သည် လက်တစ်ဖက်ဖြင့် ငရဲဘုံတံခါးဝ၏ သော့ကိုကိုင်၍ နောက်လက်ဖြင့် ဖန့်ယင်း၏ ဝိညာဉ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ဟွမ်အာ၏ ဝိညာဉ်၊ နတ်ဆိုးနဂါး၊ ထျန်းရှန်းအာ၊ ပိုင်ယီ၊ မသေမျိုး ဖီးနစ်ဘုရင်၊ မဟာနတ္ထိ ရှေးဧကရာဇ်နှင့် ရှေးနတ်မင်း သုံးပါး၏ ဝိညာဉ်များကိုပါ သိမ်းဆည်းလိုက်လေသည်။
ထို့နောက် အလောင်းကောင်မျိုးနွယ်များ၏ ဝိညာဉ်များ၊ နယ်မြေခုနစ်ခုမှ စစ်သည်တော်များ၏ ဝိညာဉ်များ စသဖြင့် အားလုံး၏ ဝိညာဉ်များကို အင်္ကျီအိတ်ထဲ သိမ်းဆည်းလိုက်သည်။
ထို့နောက် လှစ်ခနဲ ခုန်လွှား၍ ကောင်းကင်တာအို၏ မိမိကိုယ်မိမိ ဖောက်ခွဲခဲ့သော နေရာဘက်သို့ ဦးတည်လိုက်သည်။ ထိုနေရာ၌ လေဟာနယ် ပေါက်ကွဲ၍ ဗလာနယ် ဖြစ်ပေါ်နေ၏။
ထိုဗလာနယ်သည် အေးစက်၍ မည်းမှောင်နေသည်။ သို့သော် ခန္ဓာကိုယ်ထဲမှ ဘုံကိုးပါး ယန်စွမ်းအင်၏ ကာကွယ်မှု ရှိနေသောကြောင့် ယဲ့ဖန် ကြောက်လန့်ခြင်း မရှိဘဲ ဗလာနယ်ထဲသို့ တဖြည်းဖြည်း တိုးဝင်လိုက်သည်။
နာရီဝက်၊ တစ်နာရီ။

ဗလာနယ်ထဲ၌ ယဲ့ဖန် သုံးနာရီတိတိ လျှောက်လာနေပြီးနောက် အရှေ့၌ ဗလာနယ် ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံ တံခါးပေါက်တစ်ခု ပေါ်ထွက်လာသည်။
ဤတံခါးက ကောင်းကင်နှင့် နေမင်းတို့က ဖုံးကွယ်ထားသဖြင့် တစ်လောကလုံးက ဖုံးထားသလို ဖြစ်နေ၏။ ထိုတံခါးက ရှေးကျ၍ ခမ်းနားထည်ဝါလာသည်။ ထိုနေရာ၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး တစ်ခါမှ ပွင့်ခဲ့ပုံ မပေါ်ချေ။
ငရဲဘုံတံခါးပေါ်၌ အက်ရာများ ထင်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ ဤသည်မှာ ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော အက်ရာများဖြစ်ကြောင်း သိလိုက်သည်။
“အောင်မြင်မှာပါ”
ယဲ့ဖန်၏ စိတ်ထဲတွင် အလွန် စိုးရိမ်ပူပန်နေ၏။ ထို့နောက် သူ လက်ဖြန့်လိုက်သောအခါ ရိုးစင်းသော သော့တစ်ချောင်း ပါလာသည်။
သော့ထံမှ ပူနွေးမှုများ ရှိနေပြီး ကမ္ဘာဂြိုဟ်၏ အလယ်၌ နှစ်ထောင်သောင်းချီ၍ ပိတ်လှောင်သိမ်းဆည်းထားခြင်း ခံထားရပုံပေါ်သည်။ သော့ပေါ်၌ ငရဲဘုံဟူသော စာလုံးအား ရေးထွင်းထား၏။
ယဲ့ဖန်သည် သော့ကိုကိုင်၍ တံခါးဝသို့ လှမ်းလိုက်သည်။ လက်ထဲမှသော့က တံခါးဝနှင့် ထိမိသည်နှင့် တံခါး၌ အက်ကြောင်းရာများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး သော့ပေါက်တစ်ခု ထွက်ပေါ်လာသည်။
ကလစ်!
သော့ပွင့်ထားသောအသံကြောင့် ယဲ့ဖန် တုန်လှုပ်သွားရသည်။ ထို့နောက် ယဲ့ဖန် စိတ်လှုပ်ရှားစွာဖြင့် သော့ကို ပြန်ထုတ်လိုက်သည်။
ကျွီ!
ငရဲဘုံတံခါးဝပွင့်လာပြီးနောက် နေရာလပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုနေရာလပ် ပွင့်လာသည်နှင့် ပြင်းထန်သော ဆွဲငင်အားတစ်ခုကို ယဲ့ဖန် ခံစားလိုက်ရသည်။
“ချီးပဲ”
ဆွဲငင်အားက ပြင်းထန်လှပြီး ယဲ့ဖန်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ လွင့်ပါသွားပြီး ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။ သူသည် ကောင်းကင်ဘုံ၏ အခြားတစ်ဖက်သို့ စုပ်ယူခံလိုက်ရသည်။
ဂျိန်း!
ထို့နောက်တွင်မူ ငရဲဘုံတံခါးဝက ပြန်ပိတ်သွားလေ၏။ ထို့အပြင် ယဲ့ဖန်၏ အင်္ကျီအိတ်ထဲ၌ ရှိနေသော ဟွမ်အာနှင့် အခြားသူများ၏ ဝိညာဉ်တို့သည် ဆွဲငင်အားကြောင့် လွင့်ပါသွားပြီး နေရာအနှံ့သို့ လွင့်စဉ်သွားသည်။
ထိုဆွဲငင်အားသည် စိတ်ဝိညာဉ်ကိုသာ ဖြတ်သန်းခွင့်ပေးပြီး ခန္ဓာကိုယ်အား ဖြတ်သန်းခွင့်ပြုပုံ မရချေ။ ဟွမ်အာနှင့် အခြားသူများ၏ ဝိညာဉ်များ ဆွဲငင်အားအတွင်း၌ ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ထက်ရှသော ဓားချက်များက ယဲ့ဖန်ထံ ကျရောက်လာ၏။
ရွှစ်! ရွှစ်!
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာလေတော့သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now