Chapter 1010

415 43 3
                                    

စာစဉ် 68 Chapter 1010 နတ်ဘုရားဗိမာန်၏ အရှင်သခင်

*ဗောဓိအမွေအနှစ်*
ကြင်နာတတ်သောအသံ ထွက်လာသဖြင့် ပိုင်ယီ အံ့ဩသွားသည်။ သူမ ကိုယ့်နားကိုယ်မယုံနိုင် ဖြစ်သွားရသည်။ ယခုလေးတင် သူမခန္ဓာကိုယ်မှ သွေးကြောများ၊ ကိုယ်တွင်းအင်္ဂါများ လောင်ကျွမ်းသွားခဲ့သဖြင့် သူမ ကျိန်းသေပေါက် သေရတော့မည်ဟု ထင်ခဲ့မိသည်။
“ငါ … ငါ အောင်မြင်သွားတာလား”
ပိုင်ယီ ယခုထက်ထိ မယုံနိုင်သေးပေ။ သူမစကားကြောင့် ကြင်နာတတ်သော အသံပိုင်ရှင်က သက်ပြင်းရှည်ချ၍ လောက၏ မသိနားမလည်တတ်မှုကို စိတ်ကုန်ဟန်ဖြင့် ပြောလာသည်။
“ကလေးမလေး လောကထဲက လူတွေက ငါက မောက်မာတတ်တဲ့ ဗောဓိဘိုးဘေးလို့ ပြောကြတယ်၊ ဘယ်သူကမှ ငါရဲ့တပည့်ဖြစ်ဖို့ မထိုက်တန်ဘူးတဲ့လေ”
“သူတို့ မှားတယ်၊ အကြီးကြီး မှားတယ်”
ဗောဓိဘိုးဘေး၏ စိတ်ဝိညာဉ် လက်ကျန်က ခံရခက်ဟန်ဖြင့် ဆက်ပြောလာသည်။
“ငါက အဖေမရှိ၊ အမေမရှိ၊ ဆွေမျိုးမရှိ ကြီးပြင်းခဲ့ရတာ၊ တကယ်တမ်းတော့ ငါက ဒီလောကကြီးထဲမှာ ဆွေမျိုးတစ်ယောက်၊ တပည့်တစ်ယောက် အလိုချင်ဆုံးလူပဲ”
ပိုင်ယီ နားဝေတိမ်တောင် ဖြစ်သွားသည်။
သူမ ရရှိလာသော အမွေအနှစ်၏ ပြတ်တောင်းပြတ်တောင်း မှတ်ဉာဏ်များအရ ဗောဓိဘိုးဘေးက မည်မျှ ကြောက်စရာကောင်းကြောင်း သူမ နားလည်လာသည်။ အထူးသဖြင့် သူသည် လောကအပေါ် အထင်သေး၍ မောက်မာသည်။ ဤသို့ အေးတိအေးစက်ပုဂ္ဂိုလ်၌ အထီးကျန်သောစိတ်မျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ရှေးခေတ်အချိန်က ဒီနေရာကို စမ်းသပ်မှု လာခံတဲ့ ပါရမီရှင်တွေက ဆယ်သန်းမဟုတ်ဘူး၊ ရှစ်သန်း”
“အဲ့ဒီ ပါရမီရှင်တွေက တော်တော်လေးကို ပါရမီရှိပါတယ်၊ နည်းနည်းလေးသာ လမ်းပြလိုက်ရင် သူတို့တွေ လူတွေကြားထဲမှာ ထူးချွန်တဲ့ နဂါးတွေ ဖီးနစ်တွေ ဖြစ်လာမှာ”
“စိတ်မကောင်းစရာက သူတို့က တအား တစ်ကိုယ်ကောင်းဆန်လွန်းတယ်”
ထိုသို့ပြောနေချိန်တွင် ဗောဓိဘိုးဘေး၏ လေသံ၌ အထင်သေးမှုများ ပြည့်နှက်နေ၏။
“ပါရမီရှင်တိုင်းက တစ်ခြားနေရာတိုင်းမှာ ထူးချွန်ပင်မယ့် သေရေးရှင်ရေးနဲ့ ရင်ဆိုင်ရရင် ဘယ်သူမှ သေရမှာ ကြောက်တဲ့စိတ်ကို မတွန်းလှန်နိုင်ဘူး”
“သေဘေးကပဲ သူတို့ကို ကြောက်ချီးပါအောင် လုပ်နိုင်တယ်၊ သေဘေးက သူတို့ အရေခြုံထားသမျှကို ခွာချနိုင်သလို သူတို့ရဲ့ အတွင်းစိတ်က ယုတ်ညံ့တဲ့စိတ်ကို ထုတ်ဖော်နိုင်တယ်”
“သန်မာလေလေ သေရမှာကို ကြောက်လေလေပဲ၊ သူတို့က အောင်မြင်တဲ့လူတွေ ဖြစ်လာမှာ မဟုတ်ဘူး၊ သေဘေးနဲ့ ရင်ဆိုင်ရရင် သူတို့တွေက သူတို့အဖေတွေ၊ ညီအစ်ကို မောင်နှမတွေ၊ ချစ်သူတွေနဲ့ မိတ်ဆွေတွေ ကိုတောင် သတ်ပစ်ကြတယ်”
“ဒီလိုလူမျိုးက ငါ့တပည့် ဖြစ်ဖို့ မထိုက်တန်ဘူး”
ဗောဓိဘိုးဘေး နတ်မင်းက အလွန် ကြောက်စရာကောင်းသော်လည်း တစ်ဘဝလုံး အထီးကျန်၍ သက်တမ်း ကုန်သည်အထိ ဘဝမရှိသလို ဖြစ်ခဲ့ရသည့် အကြောင်းရင်းကို ပိုင်ယီ နားလည်သွားရသည်။ ထိုသို့ စဉ်းစားမိပြီးနောက် ပိုင်ယီ၏ မျက်နှာတွင် ရှက်ရွံ့ဟန်များ ထင်ဟပ်လာသည်။
“ဘိုးဘေးနတ်မင်း တကယ်တော့ ကျွန်မလည်း သေရမှာ ကြောက်ပါတယ်”
“ဟားဟားဟား …”
ပိုင်ယီ၏ စကားကြောင့် ဗောဓိဘိုးဘေးက သဘောကျကာ ရယ်မောလေသည်။ သူသည် သဘောကောင်းသော အဘိုးတစ်ယောက်လိုပင်။ သူ ပိုင်ယီကို ပို၍ကျေနပ်ကာ သဘောကျလာ၏။
“ဟုတ်တယ်၊ ကလေးမလေး … ဘယ်သူမှ သေရမှာ ကြောက်တဲ့စိတ်ကနေ မလွတ်မြောက်နိုင်ဘူး”
“မင်း ကြောက်ပင်မယ့် ရဲရင့်တယ်”
ထိုသို့ပြောပြီးနောက် ဗောဓိဘိုးဘေးက သိချင်ဟန်ဖြင့် မေးလာသည်.
“မင်း သေဘေးကိုတောင် တွန်းလှန်နိုင်ရတဲ့ အကြောင်းရင်းကို ငါ့ကို ပြောပြပါလား”
“အဲ့လူက ဘယ်သူလဲ”
ပိုင်ယီသည် တစ်ခဏမျှ အံ့ဩနေပြီးနောက် ယဲ့ဖန်ကို စဉ်းစားမိကာ အလိုလို ပြုံးလိုက်မိသည်။ ထိုအခိုက်တွင် သူမ ယဲ့ဖန်နှင့် ပတ်သက်သမျှ အရာအားလုံးကို ပြောပြလိုက်သည်။ ယဲ့ဖန်အကြောင်း မမောနိုင်ပြောနေသော ပိုင်ယီနှင့် ဝမ်းနည်းစရာ အကြောင်းများကို နားထောင်ပြီး ဗောဓိဘိုးဘေး နတ်မင်းပင် ကြည်နူးသွားရသည်။
“သိပ်တော်တဲ့ ကောင်လေးပဲ၊ ငါ့စိတ်နဲ့ ကိုက်ညီတဲ့လူမျိုး ဒီလောကမှာ ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ဒီလောကကြီးထဲက သေသင့်တဲ့လူတွေအားလုံးကို သတ်ပစ်တယ်၊ လောကထဲကနေ ဖျက်ဆီးသင့်တဲ့ ဝိညာဉ်တွေကို ဖျက်ဆီးပင်တယ်ပေါ့၊ ကောင်းတယ် … ဟားဟားဟား”
ဗောဓိဘိုးဘေးက ပိုင်ယီကို ပြုံး၍ ဆက်ပြောလေသည်။
“ကလေးမလေး မင်း နတ်ဘုရားဗိမာန်ကို ခြေတစ်လှမ်းလောက် ကြိုရောက်လာပြီး ငါ့အမွေအနှစ်ကို ရသွားတာ ကံကောင်းတယ်”
“မဟုတ်လို့ကတော့ မင်းနေရာမှာ အဲ့ကောင်လေးဆိုရင် ငါတောင် ငိုယိုတောင်းပန်ပြီး ငါ့အမွေအနှစ်တွေကို လက်ခံပေးဖို့ ပြောနေရာမှာ”
ထိုစကားကြောင့် ပိုင်ယီ ရှက်သွားရသည်။ ဗောဓိဘိုးဘေး နတ်မင်းက ယဲ့ဖန်ကို မတွေ့ခင်ကတည်းက ဤမျှ တန်ဖိုးထားနေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ သို့သော် ထိုသို့ တန်ဖိုးထားသဖြင့်လည်း ပိုင်ယီ ပိုပျော်နေမိသည်။
“ကလေးမလေး မျက်လုံးမှိတ်လိုက်”
ဗောဓိဘိုးဘေး၏ စကားကြောင့် ပိုင်ယီ အံ့ဩသွားပြီးမှ ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ရုတ်တရက် ရှေးဟောင်း ခေါင်းတလားမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် ရှေးဟောင်း ခေါင်းတလား အတွင်း၌ အက်ရာထင်လာ၏။
အထဲမှနေ၍ ဗောဓိအစေ့တစ်စေ့က ဖြည်းဖြည်းချင်း မျောလွင့်လာပြီး ပိုင်ယီ၏ ဦးခေါင်းထက်၌ ရစ်ဝဲနေသည်။ မှတ်ဉာဏ် အမွေအနှစ်၊ ကျင့်ကြံခြင်း အမွေအနှစ်နှင့် များပြားသော စွမ်းအင်များက ဗောဓိအစေ့မှနေ၍ ပိုင်ယီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်းနေသည်။
ဤအရာသည် ဗောဓိဘိုးဘေးနတ်မင်း၏ အမွေအနှစ်ဖြစ်သည်။ ပျက်စီးသွားသော သွေးကြောများနှင့် အရည်ပျော်သွားသော ကိုယ်တွင်းအင်္ဂါများ လျင်မြန်စွာ ပျောက်ကင်းသက်သာလာသည်ကို ပိုင်ယီ ခံစားမိသည်။
တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံး နွေးထွေးလာပြီး စွမ်းအင်ပင်လယ်ထဲ စိမ်နေရသကဲ့သို့ ခံစားမိသည်။ ထို့အပြင် သူထံမှ တ‌ဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်နေ၏။
ပိုင်ယီ၏ ခွန်အားက မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် တိုးတက်နေသည်။
အဓိက နတ်ဘုရား အထွတ်အထိပ်အဆင့်၊ လောကသခင် အလယ်အလတ်အဆင့်၊ လောကသခင် အထွတ်အထိပ် အဆင့်။ 
သူမသည် အဆင့်ကြီးများကို ချက်ချင်း ချိုးဖောက်တက်ရောက်နိုင်နေပြီး တစ်ခဏအတွင်း၌ ကောင်းကင်ဘုရင် အဆင့်သို့ ရောက်သွားလေသည်။ ထို့အပြင် ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မပေါ်ဘဲ ဆက်လက်၍ လျင်မြန်စွာ အဆင့်တက်နေ၏။
ဤမြင်ကွင်းကိုသာ အပြင်ဘက်မှလူများ သိမြင်သွားပါက ပါးစပ်အဟောင်းသား ဖြစ်သည်အထိ ထိတ်လန့် သွားလောက်သည်။
လူတစ်ယောက်က စက္ကန့်ပိုင်းအတွင်း အဆင့်ကြီးသုံးခု၊ အဆင့်ငယ် ကိုးခုကို ချိုးဖောက်နိုင်သည့်အပြင် ဆက်လက်၍ အဆင့်တက်နေဦးမည်ဟု မည်သူက ထင်ထားမည်နည်း။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
နတ်ဘုရားဗိမာန် အပြင်ဘက်၌ အုတ်အော်သောင်းတင်း ဖြစ်နေ၏။
“မြတ်စွာဘုရား၊ ကြည့်စမ်းပါဦး နတ်ဘုရားဗိမာန်က အက်ရာက အရင်လို ပြန်ဖြစ်နေပြီ”
ပြီးသွားပြီ၊ ဒါ မအောင်မြင်တဲ့ လက္ခဏာပဲ၊ ကြည့်ရတာ အဲ့ကောင်မလေး နောက်ဆုံးအဆင့်မှာ ကျရှုံးတယ်နဲ့ တူတယ်”
“သနားစရာပဲ၊ ဟူး … ဗောဓိ ဘိုးဘေးနတ်မင်းရဲ့ အမွေအနှစ်ကို ရဖို့က တကယ် မဖြစ်နိုင်တာပဲ”
“…”
လက်ရှိအချိန်၌ ရှေးနတ်မင်းများ၏ မျိုးဆက်များက ခေါင်းတခါခါနှင့် သက်ပြင်းချနေသည်။ နတ်ဘုရားဗိမာန်၏ အရှင်သခင် အစစ်အမှန် ပေါ်ထွက်လာမည်ဟု သူတို့ အစက ထင်ထားခဲ့မိသည်။ သူမသည်လည်း အဆုံးသတ်၌ သေဆုံးရမည်ဟု ထင်မထားမိပေ။
ရှေးနတ်မင်းများ၏ မျိုးဆက်များအားလုံး စိတ်မဝင်စားတော့ဘဲ ထွက်သွားရန် ပြင်လာသည်။ ဤမြင်ကွင်းကြောင့် အဘွားအို မျက်နှာ ပြာနှမ်းလာရသည်။ သူမသည် ခွန်အားများ ဆုတ်ယုတ်သွားသကဲ့သို့ မြေကြီးပေါ် လဲကျသွားသည်။
“မအောင်မြင်ဘူးလား … ကောင်မလေး၊ ငါ့ကြောင့်ပါ၊ ငါ မင်းကို သတ်လိုက်မိတာ”
အဘွားအို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ တစ်ချိန်က ပိုင်ယီသည် အနောက်ဘက် နတ်ဘုရားမ၏ ဖမ်းဆီးခြင်း ခံရပြီး မှတ်ဉာဏ် အဖျက်ခံလိုက်ရသည်။ ထိုအချိန်က သူမ ရှိနေသော ရှေးဟောင်းလက်စွပ်ကို ပိုင်ယီလက်ထဲသို့ ပေးအပ်ခြင်း ခံခဲ့ရသည်။
ထို့နောက် သူမသည် ပိုင်ယီနောက် လိုက်ပါရင်း များစွာသော ကိစ္စများကို မြင်တွေ့ခဲ့ရသည်။ ဤရူးမိုက်သော ကလေးမလေးကို သူ့မြေးမလေးအဖြစ် မှတ်ယူထားပြီးသား ဖြစ်လေသည်။
“ငါ့ကို အပြစ်တင်လိုက်ပါတော့၊ ငါ ဟိုလူအိုကြီးတွေနဲ့ ဘယ်လိုတွေ့ရမလဲ၊ ငါ ဟိုကောင်စုတ်လေးကို ဘယ်လို ရင်ဆိုင်ရမလဲ”
“ပိုင်ယီ၊ သနားစရာကောင်းတဲ့ ငါ့မြေးမလေး …”
အဘွားအို ရင်ကွဲမတတ် ငိုကြွေးနေ၏။ ထိုစဉ် အက်ကွဲသံ ထွက်ပေါ်လာသောကြောင့် လူတိုင်း အံ့ဩသွားသည်။ ရှေးနတ်မင်းများ၏ မျိုးဆက်များအားလုံး လှည့်ထွက်ရာမှ ရပ်သွားကြပြီး ဗောဓိဘိုးဘေးနတ်မင်း၏ ဗိမာန်ကို မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်ကြသည်။
သူတို့ ကြည့်နေစဉ်မှာပင် ဗိမာန်ပေါ်၌ ပိုင်ယီဟူသော စကားလုံး ပေါ်လာသည်။ ထိုသည်သာမက အက်ရာက ပိုပို၍ ကြီးမားလာပြီး နောက်ဆုံး၌ လမ်းတစ်ခု ပေါ်လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
အထဲမှ သွေးများ ပေကျံနေသော ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာသည်။ သူမသည်ကား ပိုင်ယီပင် ဖြစ်လေတော့သည်။ သို့ရာတွင် အရှိန်အဝါကို ထိန်းချုပ်ထားသဖြင့် သူမ၏ သိုင်းအဆင့်ကို အခြားသူများ မမြင်ရပေ။ သူမ၌ ရှေးနတ်မင်း၏ အရှိန်အဝါ ရှိနေသဖြင့် ရှေးနတ်မင်းများ၏ မျိုးဆက်များအားလုံး ထိတ်လန့်သွားသည်။
ထို့နောက် ရှေးနတ်မင်းများ၏ မျိုးဆက်များအားလုံးသည် တုန်ယင်သွားပြီး ပိုင်ယီရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ဂါဝရပြုလာ၏။
“နတ်မင်းဗိမာန်ရဲ့ အရှင်သခင်ကို ကြိုဆိုပါတယ်”
“နတ်မင်းဗိမာန်ရဲ့ အရှင်သခင်ကို ကြိုဆိုပါတယ်”
“…”
ထိုအချိန်မှစ၍ ပိုင်ယီသည် ထောင်သောင်းချီသော နတ်မင်းဗိမာန်များ၏ ပထမဆုံးသော အရှင်သခင် ဖြစ်လာလေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now